Archive for April, 2010

မိုးကလေးညိုညို

ခုတလော ဒီမှာ ညနေဘက်ဆို မိုးတွေအရမ်းရွာပါတယ်။ ရွာတာမှ လေတိုက် မိုးခြိမ်း၊လျှပ်စီးလက် နဲ့ ကောင်းကင်ကြီးကမဲမှောင်နေပြီး ကြောက်စရာကောင်းလောက်အောင်ကို ရွာတာ။

ဒါကတော့ မိုးတွေအုံ့မဲနေတာကို အိမ်ပေါ်ကနေ လှမ်းမြင်ရတဲ့ပုံပါ။

မိုးတိတ်သွားပြန်တော့လည်းမျက်နှာကြီးမဲပြီး စိတ်တိုနေတာ သူမဟုတ်တဲ့အတိုင်း ကောင်းကင်ကြီးက ကြည်လင်နေပြန်ရော။ အိပ်ခန်းထဲကနေကြည့်လိုက်ရင် ကောင်းကင်ကြီး ပြာနေတာကို မြင်ရတာသဘောအရမ်းကျတယ်။ မိုးခြိမ်း လျှပ်စီးလက်နေရင်တော့ ခန်းဆီးဆွဲစေ့ထားလိုက်တယ်။ ကြောက်လို့ ။

မိုးတွေညိုလာတာကိုကြည့်ပြီး မရွှေမိတစ်ယောက် မွေးရပ်မြေကိုလွမ်းလို့ ပို့စ်တင်လိုက်ရပါတယ်။ မိုးကလေးညိုညိုလွမ်းစိတ်ပိုချင်လို့ ပါ။ မိုးတွေညိုနေလို့ လွမ်းစရာကောင်းတာချင်းတူရင်တောင် တောင်တန်းတွေပေါ်က အုံ့မှိုင်းနေတဲ့ကောင်းကင်ကြီးက ပိုလွမ်းစရာကောင်းတယ်လို့ တွေးနေမိသေးတယ်။ ဒါပေမယ့် ဒီအချိန် မရွှေမိတို့ မြို့လေးမှာ မိုးမရွာနေပါဘူး။

April 24, 2010 at 3:50 pm 4 comments

မြသန်းတင့်- ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၆)

ကျွန်တော်တို့သည် “သူ“ ကိုဖတ်၍ လည်းကောင်း၊ဂျာနယ်ကျော်မမလေး၏ သူလိုလူကို ဖတ်၍လည်းကောင်း ဦးချစ်မောင်ကို များစွာအားကျခဲ့ကြလေသည်။ ကျွန်တော်သည် ဦးချစ်မောင်ကို သူ ၀တ္ထု မှလည်းကောင်း ၊ သူလိုလူမှ တဆင့်လည်းကောင်း စ၍သိခဲ့ခြင်းဖြစ်သည်။ ဦးချစ်မောင်နှင့် ဂျာနယ်ကျော်မမလေး တို့ လက်ထပ်ပြီး သတင်းစာဆရာဘ၀တွင် ရုန်းကန်ကြပုံမှာ ၀တ္ထု ဆန်နေသည်။ ကိုယ်ပိုင်တိုက်အိမ်၊ကိုယ်ပိုင်မော်တော်ကား နှင့် အထက်တန်းကျကျနေလာခဲ့သည့် ဂျာနယ်ကျော်မမလေးသည် ရန်ကုန်သို့ေ၇ာက်သည့်အခါတွင် သတင်းစာဆရာတစ်ယောက်၏ ဇနီးအဖြစ် ကျဉ်းမြောင်းသည့် တိုက်ခန်းလေးထဲမှာနေရသည်။ ခင်ပွန်းသည်ကို ကိုယ်တိုင်ချက်ပြုတ် ကျွေးမွေးရသည်။ ဝေလမင်းသားနန်းစွန့်သည့် သတင်းကို အစိုးရက ထုတ်ပြန်ခြင်းမပြုသေးမီ သတင်းစာထဲတွင် ထည့်သွင်းမိသဖြင့် မြန်မာ့အလင်းသတင်းစာတိုက်ကို အစိုးရက အာမခံတောင်းရာ မြန်မာ့အလင်းက အာမခံမပေးပဲ ငြင်းဆန်သဖြင့် တိုက်ကို ပိတ်လိုက်ရသည်။ ဤတွင် ဦးချစ်မောင်သည် အလုပ်လက်မဲ့ဖြစ်သွားသည်။ ဦးချစ်မောင်သည် သူကိုယ်တိုင်ကြီးကြပ်၍ ဂျာနယ်တစ်စောင်ထုတ်သည်။ ယင်းမှာ ဂျာနယ်ကျော်ဖြစ်လေသည်။
(more…)

April 24, 2010 at 3:36 pm Leave a comment

မြသန်းတင့်- ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၅)

အခန်း (သုံး)

၁၉၄၆ ခုနှစ် ဂျာနယ်ကျော်ဦးချစ်မောင်ကွယ်လွန်သည့်အခါတွင် သိန်းဖေမြင့်က ဆောင်းပါးတစ်ပုဒ်ရေးခဲ့လေသည်။ ထိုဆောင်းပါးအစတွင် “ကိုချစ်မောင်ကိုကြည့်လိုက်လျှင် ပျားတစ်ကောင်လို အမြဲအလုပ်လုပ်နေသည်ကို တွေ့ရ လေသည်“ ဟု သိန်းဖေမြင့်က သူ့ဆောင်းပါးကို အစချီထားသည်။

ဂျာနယ်ကျော်မမလေးသည်လည်း ထို့အတူပင်ဖြစ်သည်ဟု ကျွန်တော်ဆိုချင်ပါသည်။ ဂျာနယ်ကျော်မမလေးကို ကြည့်လိုက်တိုင်း သူမသည် ပျားတစ်ကောင်လို အမြဲအလုပ်လုပ်နေသည်ကို တွေ့ရလေသည်။

ကျွန်တော်သည် ဘောက်ထော် မီးရထားဘူတာရုံတွင် ကျွန်တော်တို့ အားလက်ပြကျန်ခဲ့သော မုဆိုးမ ဂျာနယ်ကျော်မမလေးကိုမြင်ယောင်ရင်း “သူလိုလူ“ ၀တ္ထုဟန် အတ္ထုပ္ပတိ ထဲက အကြောင်းအရာများကို သတိရနေသည်။ ကျွန်တော်တို့ နှင့် ပထမဆုံးအကြိမ် တွေ့စဉ်က ဂျာနယ်ကျော်မမလေးသည် အသက်သုံးဆယ်စွန်းရုံလေးမျှသာ ရှိဦးမည်။ “သူလိုလူ“ထဲက ဂျာနယ်ကျော်မမလေးကို လည်း မြင်ယောင်လာသည်။ “သူလိုလူ” ထဲက ဂျာနယ်ကျော်မမလေး သည် လိပ်ပြာမလေး တစ်ကောင်လို ဖျတ်လတ်လူးလာပျံဝဲလျက် မျက်နှာဖြူတွေနှင့် ဆက်ဆံနေတတ်သည့် ခေတ်ဆန်သူ မိန်းမပျိုတစ်ယောက်၊ ထမင်းစားလျှင် ဘိုစတိုင်ထမင်းပွဲတွင် ဇွန်း ခက်ရင်းနှင့် ထမင်းစားတတ်သူ ခေတ်ဆန်သူ ဂျာနယ်ကျော်မမလေးသည် ဘုန်းကြီးဆန်သော ဂျာနယ်ကျော်ဦးချစ်မောင်နှင့် စာချင်းအဆက်အသွယ်ရသွားကြသည်။ ဂျာနယ်ကျော်မမလေးက ဆောင်းပါးရှင် ၊ ဂျာနယ်ကျော်ဦးချစ်မောင်က မြန်မာ့အလင်းသတင်းစာအယ်ဒီတာ။ (more…)

April 22, 2010 at 12:59 pm Leave a comment

မြသန်းတင့်- ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၄)

တစ်နေရာက စားပွဲလေးတစ်လုံးပေါ်တွင်မူ ဆင်စွယ်ယှက်ထားသည့် စင်ကလေးချိတ်ထားသည့် မောင်းလေး တစ်လုံး၊ ထမင်းစားရန် အချက်ပေးတီးသည့် မောင်းကလေးဖြစ်သည်။ ကျွန်တော်တို့ တစ်တွေ ဧည့်ခန်းထဲထိုင်နေကြစဉ် ထိုမောင်းလေးတီးသံ ကြားရသဖြင့် သူက ဦးဆောင်ကာ ထမင်းစားခန်းထဲ ၀င်လာခဲ့ကြသည်။ ထမင်းစားခန်းထဲတွင် အ၀တ်ဖြူဝတ်ထားသည့် ဘွိုင်ကုလား နှစ်ယောက်က အနောက်တိုင်းညစာများကို တည်ခင်းပေးနေသည်။

ဆွတ်ပန်းကန်၊ နောက်အသားပန်းကန် ၊ဟင်းသီးဟင်းရွက်ပန်းကန်များ၊ ပေါင်မုန့် ၊ထောပတ်၊ ငါးပြုတ်၊ အာလူးပြုတ်၊ ဆော့စ်၊ထမင်းစားပြီးသည့် အခါတွင် သစ်သီးပန်းကန်များ ၊နောက်ဆုံးတွင် ခွက်သေးသေးလေးများနှင့်ထည့်ထားသည့် ကော်ဖီကြမ်းနှင့် ဘီစကွတ်မုန့် ပန်းကန်များ။

ကျွန်တော်သည် ခမ်းနားကြီးကျယ်သော ဂျာနယ်ကျော်မမလေး၏ ထမင်းစားခန်းကို ငေးမောကြည့်ရင်း သူလိုလူ ထဲမှာ ရေးခဲ့သည့် သူ့ငယ်စဉ်ဘ၀ကို သတိရနေမိသည်။

“သူလိုလူ“ စာအုပ်အဖွင့်တွင် စိတ္တသုခ အမည်ရှိ ကိုယ်ပိုင်မော်တော်ဘုတ်ဖြင့် တောရွာတစ်ရွာရှိ ဘုန်းကြီးကျောင်းမှ ဆွမ်းကျွေးပြန်လာပုံကို ရေးထားသည်. သူ့ မိဘများက မြေပိုင်၊လယ်ပိုင်၊ စက်ပိုင်တွေ၊ သူတို့ တိုက်တစ်လုံးကို ဘိုကလေးတွေရှိသည့် အင်္ဂလိပ်များ အုပ်ချုပ်သည့် ဒေါ်ဆင်ဘဏ် တိုက်ခွဲကိုငှားထားည်။

ဂျာနယ်ကျော်မမလေးသည် ငယ်စဉ်ကတည်းက အင်္ဂလိပ်များ မျက်နှာဖြူများနှင့် ပေါင်းသင်းလာခဲ့သည့် အနောက်တိုင်းဆန်သော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ မြန်မာအမျိုးသမီးများထဲမှ ပထမဆုံး လေယာဉ်စီးဖူးသူဟု သူကဆိုသည်။

မြန်မာ့အလင်းသတင်းစာတွင်ဆောင်းပါးလေးတွေ ရေးနေရာက မြန်မာ့အလင်းအယ်ဒီတာချုပ် ဦးချစ်မောင်နှင့် သိကျွမ်းက မေတ္တာ သက်ဝင် ၍ လက်ထပ်ခဲ့ကြသည်။ အလွန်အနောက်တိုင်းဆန်သော ဒေါ်တင်လှိုင်နှင့် အလွန်မြန်မာဆန်သော ဦးချစ်မောင်တို့၏ အတွဲကို ကျွန်တော့ စိတ်ကူးဖြင့် မှန်းဆကြည့်နေမိသည်။

ဂျာနယ်ကျော်ဦးချစ်မောင်ကို ကျွန်တော်မမှီလိုက်ပါ။ လူကိုလည်း မမြင်ဘူးလိုက်ပါ။ ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ် ရောက်သည့်အခါတွင် ဦးချစ်မောင်ကွယ်လွန်ပြီးနေပြီ။ ဂျာနယ်ကျော်နှင့် ပြည်သူ့ဟစ်တိုင် သတင်းစာ တို့ကိုလည်း ပိတ်လိုက်ရလေပြီ။

ဒေါ်တင်လှိုင်သည် ဦးချစ်မောင်နှင့်လက်ထပ်ပြီးသောအခါတွင် ရန်ကုန်သို့ လိုက်လာခဲ့သည်။ သတင်းစာဆရာတစ်ယောက်၏ ဇနီးအဖြစ် အခက်အခဲများတွေ့ရသည်။ ရန်ကုန်မြို့ထဲက အခန်းကျဉ်းကျဉ်း ကလေးတစ်ခန်းမှာနေရသည်။ အခန်းဘေးတွင် ကုလားတွေချည်း၊မီးနံ့ မဆလာနံ့ နနွင်းနံ့ တို့ ဖုံးလျက်။ သူတို့ နေသည့် လမ်းသည် ကုလားတွေနေသည့် လမ်းဖြစ်သဖြင့် သူစိတ်ပျက်သည်။

လေဒီရှု့းစီးသော ဒေါ်တင်လှိုင် နှင့် ဘုန်းကြီးစီးသည့် ဘုံဘိုင်ရေဖိနပ်ကိုစီးကာ ဘုန်းကြီးတွေဆောင်းသည့် အိမ်တော်ရာထီးကြီးကို ဆောင်းသည့် သတင်းစာဆရာ ဦးချစ်မောင်နှင့် သူ့ ဇနီးတို့ကို ကျွန်တော်စိတ်ကူးဖြင့် မှန်းကြည့်သည်။

ထိုစဉ်က ကျွန်တော်သည် ဦးချစ်မောင် တသသ စွဲလမ်းခဲ့သည့် ကွိဒ် ၀တ္ထုကို မဖတ်ဖူးသေး။

ထမင်းဝိုင်းတွင် ဂျာနယ်ကျော်မမလေးက ဇွန်းခက်ရင်းတို့ကို ကျင်လည်စွာကိုင်တွယ်ရင်း ကွိဒ် ဇာတ်လမ်းကို ပြောပြသည်။

“ကိုကိုက ကျွန်မကို ကွဒ် အကြောင်း ကို မကြာခဏ ပြောပြတတ်တယ်လေ။ ကွိဒ် ဆိုတဲ့လူက သတင်းစာဆရာလူရိုးလူဆန်းကြီး။ သူ့ သတင်းစာလုပ်ငန်းမှာပဲ နစ်မြုပ်နေတဲ့လူ၊ ပေါင်းသင်းဆက်ဆံရေးတွေ လူမှုရေးတွေကို နားမလည်ဘူး။ သူ့မှာ သတင်းစာနဲ့ တိုင်းပြည်ကို ပြောင်းလဲချင်တဲ့စိတ်ပဲရှိတယ်။ ကျွန်မနဲ့ သူ့ ရဲ့ ဇတ်လမ်းဟာ ကွိဒ် ၀တ္ထု ထဲက ဇတ်လမ်းအတိုင်းပဲ။ ဒီစာအုပ်အကြောင်းကို သူ မကြာခဏပြောပြတတ်တယ်။ ကျွန်မကို ဖတ်ခိုင်းတယ်။ တစ်ခါတစ်လေမှာ သူကိုယ်တိုင်ဖတ်ပြီး ဘာသာပြန်တယ်။ ကျွန်မတော့ ဒီစာအုပ်နဲ့ ပတ်သက်နေလို့ လားမသိဘူး။ ဒီစာအုပ်ကို သိပ်ကြိုက်တာပဲ။ ရှင်တို့ထဲက တစ်ယောက်ယောက် ဒီစာအုပ်ကို ဘာသာပြန်ပေးကြပါလား။ ကျွန်မထုတ်မယ်လေ“

ကျွန်တော်တို့သည် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်နေကြသည်။ ဗန်းမော်တင်အောင်က ကိုမြသန်းပြန်ဗျာ ဟုထောက်ခံသည်။

ကျွန်တော် က ဘာမှမပြော။ ပြုံးရုံသာပြုံးနေသည်။ ထိုအချိန်အထိ ကျွန်တော်သည် ကွိဒ် စာအုပ်ကို ဖတ်ဖူးဖို့ မပြောနှင့် မြင်ပင်မမြင်ဖူးသေး။

ဂျာနယ်ကျော်မမလေးက ကျွန်တော်တို့ အား ကွိဒ် စာအုပ်ကို ပြသည်။ စာအုပ်မှာ စာမျက်နှာလေးရာလောက်ရှိပြီး အတော်ဟောင်းနွမ်းနေလေပြီ။ အတွင်းစာမျက်နှာများတွင် ချစ်မောင်ဟု အင်္ဂလိပ်လို လက်မှတ်ထိုးထားသည်။ စာအုပ်တစ်အုပ်လုံးမှာ ခဲတံနီပြာဖြင့် မျဉ်းသားထားသဖြင့် တစ်အုပ်လုံး အနီတွေ အပြာတွေ ရောနေသည်။

ထမင်းစားသောက်ပြီးသည့်အခါတွင် နေတော်တော်စောင်းနေလေပြီ။

ကျွန်တော်တို့ တစ်တွေရန်ကုန်ထဲသို့ မီးရထားဖြင့် ပြန်ရန် ဘောက်ထော်ဘူတာရုံသို့ ဆင်းလာသည့် အခါတွင် ဂျာနယ်ကျော်မမလေးသည် သူကိုယ်တိုင် ဘူတာရုံသို့ လိုက်ပို့သည်။ သူ့တိုက်က နှစ်ထပ်တိုက်ဝါကြီး။ ခြံထဲတွင် ပန်းခြံနှင့်၊ဒါန်းနှင့် တစ်နေရာတွင် မာလီတစ်ယောက်က ပန်းပင်များကိုရေလောင်းကာ အခြားတစ်နေရာတွင် မာလီတစ်ယောက်က ပန်းခြံစည်းရိုးကို ကပ်ကြေးဖြင့် လိုက်ဖြတ်ပေးနေသည်။

ဘူတာရုံသို့ ရောက်သည့်အခါတွင် ရထားမလာသေး။ ရန်ကုန်ဘက်သို့ သွားသည့် ရထားကို စောင့်ရဦးမည်။

ကျွန်တော်တို့သည် ရထားမလာခင် ဘူတာရုံနားရှိ တောင်ကမူလေးပေါ်တွင် ထိုင်ရင်း စကားပြောနေကြသည်။ ရထားဝင်လာသည့်အခါတွင် ဂျာနယ်ကျော်မမလေးသည် ကမူထိပ်တွင်ရပ်ရင်း ကျွန်တော်တို့ကို လက်ပြကျန်ရစ်ခဲ့လေသည်။

ကျွန်တော်သည် ပိုးပြော့လက်ရှည် လက်စည်း ၊ဂျော့ဂျက်ထဘီ အပြာရောင်၊ ကြိုးသိုင်းဖိနပ်အဖြူရောင်ကို ၀တ်၍ လက်ပြကျန်နေခဲ့သည့် မုဆိုးမငယ် ဂျာနယ်ကျော်မမလေးကို မြင်ယောင်နေမိသည်။

April 20, 2010 at 1:26 pm Leave a comment

မြသန်းတင့်- ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၃)

အခန်း (၂)

၁၉၄၉ ခုနှစ် ဆောင်းရက် တစ်ရက်ဖြစ်သည်။
ကျွန်တော်တို့ တစ်သိုက်သည် ဘောက်ထော်ဘူတာရုံဘေးရှိ ကမူလေးပေါ်တွင် ထိုင်နေကြသည်။ မြက်ခင်းကစိမ်းလဲ့လျက်။ ၀င်လုဆဲဆောင်းနေခြည်က ၀င်းပနေဆဲ။ ဆောင်းငွေ့ သီသီလွှမ်းထားသဖြင့် လေသည် စူးရှနေသည်။ မီးရထားလမ်း တစ်ဘက်တဲသိုက်များဆီမှ ခွေးဟောင်သံ၊ကလေးငိုသံ ၊ သီချင်းဆိုသံ ရန်ဖြစ်သံများ ကိုကြားရသည်။ တစ်ခါတစ်ရံတွင် ထိုအသံများသည် စတီရီယိုကက်ဆက်တစ်လုံးမှ သူ့အသံနှင့်သူ သီးခြား ထွက်လာသကဲ့သို့ တစ်သံစီထွက်လာသည်။

ခွေးဟောင်သံက သပ်သပ်၊ သီချင်းဆိုသံက သပ်သပ် ၊ရန်ဖြစ်သံက သပ်သပ် ၊ကလေးငိုသံက သပ်သပ် တခါတရံတွင်လည်း ထိုအသံများသည် မိုနိုကက်ဆက်တစ်လုံးမှ အသံများလို စုပြုံ ၍ ဗလုံးဗထွေးထွက်လာတတ်သည်။

ကျွန်တော်တို့ ဆိုသည်မှာ ကျွန်တော်၊ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ မောင်ကြည်လင်၊မောင်ရေအေး (့ဂျာနယ်ကျော်မမလေး၏တူတစ်ယောက်ဖြစ်ပြီး ယခုတော့ကွယ်လွန်ပြီ) တို့ဖြစ်သည်။ ကျွန်တော်တို့ အထဲတွင် မိန်းမသား တစ်ယောက်ပါသည်။ သူမမှာ ဂျာနယ်ကျော်မမလေးဖြစ်သည်။ ထိုစဉ်က ဂျာနယ်ကျော်မမလေး သည် အသက်သုံးဆယ်တစ်ဝိုက်လောက်မှာ သာရှိလိမ့်ဦးမည်။ ဂျာနယ်ကျော်မမလေးသည် ရှပ်အကျီလို ကော်လာပိုးပျော့လက်ရှည် နံသာရောင်ကိုဝတ်ဆင်ထားပြီး ခါးတွင် အပြာရောင် ဂျော်ဂျက်ထဘီ ကို ၀တ်ထား၏။ ကြိုးသိုင်းဖိနပ်ဖြူကိုစီးထား၏။

သူ့ဆံနွယ်များသည် နဖူးပေါ်တွင် ၀ဲကျနေပြီး နောက်တွဲထုံးထားသောဆံပင်များသည် ကျောပေါ်တွင်ဝဲကျနေသည်။ သူ့ နှုတ်ခမ်းက မက်စ်ဖက်တာ ဆေးနီတို့ စွန်းလျက်။ သူ၏ စီးကရက်လက်ကြားညှပ်ပုံ၊ စီးကရက်ဖွာပုံတို့မှာ အမေရိကန် ရုပ်ရှင်မင်းသမီး ရီတာဟေးဝပ် နှင့်တူသည်။

ကျွန်တော်တို့ ကို ဂျာနယ်ကျော်မမလေးနှင့်  မိတ်ဆက်ပေးသူမှာ ဗန်းမော်တင်အောင်ဖြစ်သည်။ ထိုစဉ်က ကျွန်တော်တို့တွေက တက္ကသိုလ်မှာတက်ရင်း ဒဂုန်တာရာ ဦးစီးထုတ်ဝေသည့် တာရာမဂ္ဂဇင်းမှာ စာတိုပေစလေးတွေ ရေးနေကြသည်။ ဗန်းမော်တင်အောင်က လင်းယုန်ဂျာနယ်ကို ထုတ်ဝေနေသည်။ ကျွန်တော်တို့သည် တာရာမဂ္ဂဇင်းမှာသာ မက လင်းယုန်ဂျာနယ်မှာပါ ဆောင်းပါးတွေ၊၀တ္ထုတွေ ရေးကြသည်။ ဂျာနယ်တိုက်များ ၊မဂ္ဂဇင်းတိုက်များသို့ နေ့တိုင်းလိုလိုရောက်ကြသည်။

သူတို့ တစ်တွေအပါအ၀င် စာရေးဆရာ၊ ပန်းချီဆရာ တွေနှင့် လက်ဖက်ရည်ဆိုင်မှာ အချိန်ကုန်သည်။ ညနေစောင်းသည့်အခါတွင် ကျောင်းသို့မပြန်ကြသေးပါ။ ကိုင်းတန်းလမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ဖြစ်ဖြစ်၊ လသာလမ်းထိပ်က တရုတ်လက်ဖက်ရည်ဆိုင်မှာဖြစ်ဖြစ် မော်ကောင်း တစ်အိုးကို မှာကာ လက်ဖက်ရည်ြ့ကမ်းသောက်ရင်း ငြင်းခုံကြသည်။

တစ်ညနေတွင် ကျွန်တော်တို့သည် လင်းယုန်ဂျာနယ်တိုက် ရှိရာ ၃၇ လမ်းထိပ်က ရွှေမြန်မာလက်ဖက်ရည်ဆိုင်တွင် ထိုင်ရင်း ဗန်းမော်တင်အောင်က
“ခင်ဗျားတို့ကို ဆရာကတော် က ထမင်းစားဖိတ်ပေးပါလို့ ပြောနေတယ်“

ဒဂုန်တာရာက ပြုံးစနဲ့နဲ့ ဖြင့်
“ခင်ဗျားတို့ဆိုတာ ဘယ်သူတွေလည်း“ ဟုမေး၏။
“ဒီရေးဖော်ရေးဖက်တွေအားလုံးပေါ့ဗျ။ ခင်ဗျားရယ် ကိုကြည်လင်ရယ်၊ ကိုမြသန်းရယ်၊ ကျွန်တော်ရယ်၊ ကိုရေအေးရယ်“

ဒဂုန်တာရာက သူ့ထုံးစံအတိုင်း ပြုံးစစ လုပ်နေသည်။
“နေစမ်းပါဦးဗျ။ ဆရာကတော်ဆိုတာဘယ်သူလဲ“
“ဒေါ်တင်လှိုင်လေဗျာ။ ကျွန်တော်က ဒေါ်တင်လှိုင်ကို ဆရာကတော်လို့ ခေါ်တာဗျ“
သည်တော့ မှ ဂျာနယ်ကျော်မမလေးကိုပြောမှန်း ကျွန်တော်သိတော့သည်။ ဟုတ်သားပဲ။ ဗန်းမော်တင်အောင်သည် စစ်မဖြစ်မီက ကျွန်တော်တို့ လူလားမမြောက်ခင်ကတည်းက စာပေလောကထဲသို့ ၀င်ခဲ့သူ။ သူက တရံရောအခါ ဆိုသည့် သူ့ဆောင်းပါးလေးထဲတွင် ဂျာနယ်ကျော်ဦးချစ်မောင် အလုပ်လုပ်ပုံ၊ ဦးချစ်မောင်လို သတင်းစာဆရာကြီးတစ်ယောက်ဖြစ်ရန် သူမျှော်မှန်းခဲ့ပုံ၊ ဂျာနယ်ကျော်တိုက်တွင် ဆရာကြီးပီမိုးနင်းနှင့် တွေ့ခဲ့ပုံ၊ စသည်တို့ ကိုလွမ်းစရာရေးသားထားသည်ကို ကျွန်တော်မှတ်မိလာသည်။ သူကဂျာနယ်ကျော်ဦးချစ်မောင်ကို ဆရာ ဟုခေါ်ပြီး ဂျာနယ်ကျော်မမလေးကို ဆရာကတော်ဟု ခေါ်သည်။

တစ်ခါတရံတွင်လည်း ဒေါ်တင်လှိုင်ဟုပင်ခေါ်တတ်သည်။ ထိုစဉ်က သူသည် ဂျာနယ်ကျော်တွင် မဟာအောင် ဟူသောအမည်ဖြင့်ရေးခဲ့သော ၀တ္ထုတိုလေး နှစ်ပုဒ်ကို ကျွန်တော် သတိရနေသည်။ တစ်ပုဒ်မှာ ကပ္ပတိန်မြင့်မောင် ဆိုသည့် ၀တ္ထုတိုလေးဖြစ်သည်။ စစ်တောင်းတံတားမှ ဆုတ်လာခဲ့ရသော ဘုရင့်ကော်မရှင်ရသည့် မြန်မာအမျိုးသား ကပ္ပတိန် တစ်ယောက် ၏ လွမ်းစရာဇာတ်လမ်းလေး။ အင်္ဂလိပ်ကဗျာဆရာ ၀ီလျှံကောင်းပါး၏ သည် ဆော်လစ်တာရီ ရီပါး ဆိုသည့် ကဗျာလေးကို ၀တ္ထုအဖြစ် ပြန်၍ ရေးထားခြင်းဖြစ်သည်။

စစ်ပြီးခါစတွင် ဗန်းမော်တင်အောင် အမည်ဖြင့် ဂျာနယ်ကျော်တွင်ဝတ္ထုတိုလေးများကို ရေးခဲ့သည်။ “မောင့်ကို သေစေညွန်းရော့သလား“ “နော်မူဂေး“ “ချစ်ပါနဲ့ မောင့်ကို“ ။

ကျွန်တော်တို့ တက္ကသိုလ်ရောက်သည့် အခါတွင် ဗန်းမော်တင်အောင်သည် ဘုန်းမောင့်တစ်ယောက်တည်းရယ် ဖြင့် နာမည်ကြီးနေလေပြီ။ တာရာမဂ္ဂဇင်းထဲတွင်လည်း လေလွင့်နေသော သတို့သား “တောလေတဲ့ တံတျာရှင်“ ဆိုသည့်ဝတ္ထုတိုလေးများကို ရေးသားနေလေပြီ။ ထိုမှနောင်ပိုင်းတွင် လင်းယုန်ဂျာနယ်ကို ဦးစီးထုတ်ဝေနေလေပြီ။

ကျွန်တော်သည် ဗန်းမော်တင်အောင်၏ အကြောင်းကို တွေးနေစဉ် ဂျာနယ်ကျော်မမလေးက စီးကရက်ကို တစ်လိပ်ပြီးတစ်လိပ် ဖွာရင်း သူ့ စာပေခရီး၊သူ့မျှော်မှန်းချက်တို့ ကို ပြောပြနေသည်။ ပြောသံမှာ ရှင်းလင်းပြတ်သားသည်။ သို့သော် တိုးတိတ်ညင်သာသည်.။

“ကျွန်မလေ ကိုကိုရဲ့ (့ဂျာနယ်ကျော်မမလေးက ဦးချစ်မောင်ကို ကိုကို ဟုခေါ်သည်) ရည်မှန်းချက်တွေအောင်မြင်အောင်ဆက်လုပ်ချင်တယ်။ လောလောဆယ်မှာ ဂျာနယ်ကျော်လို တိုင်းပြည်က အားထားရမယ့် ဂျာနယ်ကြီးတစ်စောင်ထုတ်ချင်တယ်။ ဂျာနယ်ကျော်မှာ ဒါတွေကို ပြင် ဆိုပြီးလက်ညိုးကြီးတစ်ချောင်းနဲ့ ထောက်ပြထားတဲ့ ခေါင်းစည်းကို ရှင်တို့ မှတ်မိကြဦးမှာပဲ။ အောက်မှာ “မကြောက်မညှာ မျက်နှာမရွေး မှန်တိုင်း ရေးပိမ့် “ ဆိုတဲ့ ဆောင်ပုဒ်လေးပါတယ်လေ။ အဲဒီအခန်းမှာ တိုင်းပြည်အတွက် အေ၇းတကြီးလိုအပ်တဲ့ အရာတွေကို ဘယ်သူ့မျက်နှာမှမထောက်ပဲ ရဲရဲရင့်ရင့် ထောက်ပြခဲ့တယ်။ ဒါကြောင့် အဲဒီတုန်းက ဂျာနယ်ကျော်ဟာ တိုင်းပြည်အတွက် အားထားရတဲ့ ဂျာနယ်ကြီးတစ်စောင်ဖြစ်လာခဲ့တာပေါ့။ ဂျာနယ်ကိုတော့ ဂျာနယ်ကျော် ဆိုတဲ့ နာမည်နဲ့ပဲ ဆက်ထုတ်မယ်။ ဒီနာမည်ဟာ ကိုကိုပေးခဲ့တဲ့နာမည်လေ။ သူ မြန်မာ့အလင်းကထွက်ပြီး ကိုယ်ပိုင်အရင်းအနှီးကလေးနဲ့ ဂျာနယ်တစ်စောင်ထုတ်မယ် ဆိုကတည်းက ဂျာနယ်ကျော်ဆိုတဲ့ နာမည်ကို သူပဲ စဉ်းစားခဲ့တာပဲ။ အင်္ဂလိပ်လိုနာမည်တော့ The Weekly Thunderer တဲ့. မိုးကြိုးသွားပေါ့။ လန်ဒန်တိုင်း သတင်းစာကြီးက ဆန်းဒေးတိုင်း ဆိုပြီး အပတ်စဉ် ထုတ်တော့ အဲဒီအောက်မှာ ဒီစာတန်းပါတယ်။ ဒီစာတန်းကို ကိုကို သဘောကျပြီး ဂျာနယ်ကျော်ကို အင်္ဂလိပ်လို ဒီနာမည် ပေးလိုက်တာ။

“ဂျာနယ်ကျော် အောင်မြင်ရင် သတင်းစာဆက်ထုတ်မယ်။ သတင်းစာကိုလည်း ပြည့်သူ့ဟစ်တိုင် ဆိုတဲ့နာမည်နဲ့ပဲ ဆက်ထုတ်မယ်။ ဒါလဲ သူပေးခဲ့တဲ့နာမည်ပဲ။ ဒီကြားထဲမှာ ၀တ္ထုလေးတွေရေးမယ်။ မိန်းမတွေရဲ့ စရိုက်ကိုဖော်ပြတဲ့ ၀တ္ထုမျိုးတွေပေါ့လေ။ အထူးသဖြင့် မြန်မာအမျိုးသမီး တွေရဲ့ ဘ၀၊ မြန်မာအမျိုးသမီးတွေရဲ့ စရိုက်ကို ဖော်ပြတဲ့ ၀တ္ထု တွေကို ကျွန်မရေးချင်နေတယ်။ ဂျာနယ်တို့ သတင်းစာတို့ ထုတ်ဖြစ်ရင်လည်း ရှင်တို့က ၀ိုင်းကူကြပါ“

ဂျာနယ်ကျော်မရပ်ခင် တုန်းက ကျွန်တော်တို့ ဆောင်းပါး အတိုအစလေးတွေေ၇းရဖူးသည်။ ထိုဆောင်းပါးတိုလေးများကို သူမသတိပြုမိပုံရသည်။

ကျွန်တော်သည် သူ၏စကားများကို နားထောင်ရင်း မျှော်မှန်းချက်ကြီးမားသော၊ဇွဲကြီးသော၊အပင်ပန်းခံနိုင်သော၊အလုပ်လုပ်နိုင်သော ဂျာနယ်ကျော်မမလေး၏ ရုပ်ပုံလွှာကို မြင်ယောင်နေသည်။

ထိုစဉ်က သူသည်ဘောက်ထော်ဘုတာရုံစာရေးတန်းတစ်ဘက်ရှိ မင်္ဂလာလမ်းထောင့်တွင်လားမသိ။ တိုက်သစ်တစ်လုံးတွင်နေသည်။ ကျွန်တော်တို့ကို ထမင်းစားဖိတ်သဖြင့် ရောက်သွားသည့်အခါတွင် ကျယ်ပြန့် ခမ်းနား၍ အနောက်တိုင်းဆန်သော ထမင်းစားခန်းကို ကျွန်တော် သတိပြုမိသည်။

မှန်ပြတင်းကြီးများတွင် လိမ္မော်ရောင် ခန်းဆီးရှည်တွေကာထားပြီး ကြမ်းပြင်တွင် နိုင်ငံခြားမှလာသော မိုးဇေ ကျောက်ပြားတွေ ခင်းထားသည်။ မိုးဇေကျောက်ပြားများမှာ ပန်းပွင့်တွေ ပန်းကွက်တွေ ပုံဖော်ထားသဖြင့် ပန်းကော်ဇောကြီးတစ်ချပ်ကို ကြည့်နေရသည်နှင့်တူသည်။ မျက်နှာကျက်တွင် ပန်ကာက ဖြည်းညင်းစွာလည်လျက်။ အခန်းထောင့်တစ်နေရာတွင် ဂျာမနီလုပ်ရေခဲသေတ္တာ ၊ပန်းကန်ဗီရို၊ပြောင်လက်တောက်ပသော မဟော်ဂနီရောင် ထမင်းစားပွဲရှည်၊လှပသပ်ရပ်သည့် ထမင်းစားစားပွဲသုံး မတ်တပ်ကုလားထိုင်များ၊စားပွဲပေါ်က ဖန်ခွက်များထဲတွင် တောင့်နေအောင် ကော်တိုက်ပြီး ကန်တော့ပုံထိုး၍ ထည့်ထားသည့် ဖြူဖွေးသန့်ရှင်းသော လက်သုတ်ပုဝါများ။

April 19, 2010 at 11:51 am Leave a comment

မြသန်းတင့်- ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၂)

ကျွန်တော်နှင့်ဂျာနယ်ကျော်မမလေးသည် ငယ်ပေါင်းကြီးဖော်တွေလို ပွင့်ပွင့်လင်းလင်းပြောတတ်ကြသည်။ အစ်မကြီးနှင့် မောင်ငယ် တစ်ယောက်လိုရင်းနှီးကြပါသည်။

မြို့ထဲသို့ေ၇ာက်လျှင် ကျွန်တော်သည် သူ့အလုပ်တိုက်ခန်းကို မ၀င်ပဲပြန်လေ့မရှိ။ သူ့အလုပ်ခန်းတွင်နေ့လည်စာစားသည်။ ချိန်းစရာရှိသည့်လူတွေကို သူ့အလုပ်ခန်းမှာ ချိန်းတွေ့သည်။ အရေးတကြီးစာရေးစရာရှိလျှင် သူ့အလုပ်ခန်းမှာ ကျွန်တော်စာရေးသည်။

သူ့သားကြီးမောင်သိန်းတန်ကို ဆုံးမ၍ မရလျှင် ဂျာနယ်ကျော်မမလေးသည် ကျွန်တော့်ထံရောက်လာပြီး မောင်သိန်းတန်အကြောင်းကို တိုင်တန်းသည်။

“ကိုမြသန်းရဲ့ တူကို ကြည့်ပြောစမ်းပါဦး။ အိမ်ကပစ္စည်းတွေကို ယူရောင်းပြန်ပြီ။ “ဟုပြောတတ်သည်။

တော်တော်ကြာအမေ့သေတ္တာကို ကန့်လန့်ဖွင့်ပြီး ငွေတစ်ထောင်ယူသွားပြန်ပြီ။ တော်တော်ကြာ အမေ့စိန်နားကပ်ကို ယူသွားပြန်ပြီ။ တော်တော်ကြာ အမေ့စိန်လက်စွပ်ကို ယူသွားပြန်ပြီ။

ဂျာနယ်ကျော်မမလေးသည် သူ့သားမောင်သိန်းတန်ကို ကျွန်တော်နှင့်ဗန်းမော်တင်အောင်တို့ကို အပ်ပါသည်။
“ရှင်တို့ကြိုက်သလို ဆုံးမပါ။ ဒီကောင်ကလဲ ရှင်တို့ နှစ်ယောက်ကိုသာ အထင်ကြီးတာ။ ရှင်တို့ပြောမှပဲနားထောင်တယ်။ ကြည့်ပြောကြစမ်းပါဦး“

ကျွန်တော်ရော ဗန်းမော်တင်အောင်ရော မောင်သိန်းတန်ကိုဆွေးနွေးဆုံးမကြပါသည်။

“ဦးလေးကလဲ အဘွားကြီးက ဒီလိုလုပ်ပေးမှဖြစ်တာဗျ။ ကောင်းကောင်းမွန်မွန်တောင်းရင်ပေးချင်တာမဟုတ်ဘူး။ ဒီတစ်ခါတည်းပါ။ နောင်တော့မလုပ်တော့ပါဘူး“

သို့ရာတွင်မောင်သိန်းတန်သည် သည်တစ်ခါတည်းပါဆိုပြီး နောင်တွင်လည်း ထိုအတိုင်းပင်လုပ်မြဲတိုင်းလုပ်နေပါသည်။ ကျွန်တော်နှင့်ဗန်းမော်တင်အောင် နောက်ဆုံးတွင်လက်လျှော့လိုက်ကြပါသည်။ မောင်သိန်းတန်သည် ကျွန်တော်တို့ရှေ့မှာသာ ကောင်းပြီ ကောင့်းရဲ့  နဲ့ ပြောပြီး နောင်တော့ သူထင်ရာသူ လုပ်သွားသည်ချည်းဖြစ်ပါသည်။

သို့ရာတွင် ထူးဆန်းသည်မှာ ဂျာနယ်ကျော်မမလေးသည် ထိုသားကိုအချစ်ဆုံးဖြစ်နေခြင်းဖြစ်ပါသည်။

နောက်ဆုံးအခေါက် အင်းစိန်တောရက ကျွန်တော်ပြန်လာပြီးသည့်အခါတွင် ဂျာနယ်ကျော်မမလေး၏ အလုပ်ခန်သို့ ကျွန်တော်နေ့တိုင်းမရောက်တော့။ ကျွန်တော်၏မျက်စိမှာပိုမွဲလာသဖြင့် မြို့ထဲသို့နေ့တိုင်းမထွက်။ တစ်ပတ်မှ တစ်ခါ နှစ်ခါလောက်သာ ထွက်သည်။ မြို့ထဲသို့ ရောက်လျှင်မူ သူ့အလုပ်ခန်းသို့ ကျွန်တော်ဝင်မြဲ။

သူမဆုံးခင်တစ်လကျော်ကျော်လောက်ကမူ ဂျာနယ်ကျော်မမလေးသည် ဆေးပေါ့လိပ်အရှည်ကြီးကို ဖွာရင်း ချောင်းတွေတဟွပ်ဟွပ် ဆိုးနေသည်။ သူ့မှာ ၁၉၅၅ လောက်တုန်းက တီဘီရောဂါဖြစ်ဖူးသည်။ ကျွန်တော်ကစိုးရိမ်၍ ကိုအောင်ဇေယျကို သတိပေးသည်။
“ကိုအောင်ဇေယျ အဘွားကြီးကိုကြည့်ရတာ တော်တော်လေးကျသွားတယ်။ ချောင်းတွေကလဲသိပ်ဆိုးတာပဲ။ဆေးလိပ်ကလည်း သောက်တုန်းပဲ။ နည်းနည်းပါးပါးသတိပေးပါဦး။“

ကျွန်တော်က ဂျာနယ်ကျော်မမလေး၏ ကွယ်ရာတွင် အဘွားကြီးဟု သှူု့သားမောင်သိန်းတန် ခေါ်သလိုခေါ်တတ်သည်။ တစ်ခါတွင် နောက်တွင် သူရောက်နေမှန်းမသိပဲ အဘွားကြီးဟု ကျွန်တော်ပြောနေသံကို ကြားသွားသဖြင့် “ရှင် ကျွန်မကို ဘာလို့ အဖွားကြီးလို့ခေါ်ရတာလဲ “ ဟုဆိုကာ သုံးလေးရက်လောက်စိတ်ကောက်နေသည်။

နောက် သုံးလေးရက်လောက်ရှိတော့မှ…

“ဘာသာရေးသဘောနဲ့ ကြည့်ရင်တော့ ရှင်တို့ ပြောတာဟုတ်သားပဲ။ ကျွန်မက သေရမှာမကြောက်ဖူး။ ဇရာနဲ့ ဗျာဓိကိုတော့ သိပ်ကြောက်တယ်“ ဟုကျွန်တော့ကို ပြောဖူးသည်။

ကျွန်တော်က ဂျာနယ်ကျော်မမလေး၏ ကျန်းမာရေးနှင့်ပတ်သက်၍ ကိုအောင်ဇေယျကိုပြောသည့်အခါတွင်
“ခင်ဗျားကလဲ သူက အင်္ဂလိပ်ဆ၇ာဝန်ကို လုံးဝပြတာမဟုတ်ဘူး ။ သူ့ဆေးနဲ့ သူ ကုနေတာ။ပြောလို့ ဘယ်ရမလဲ“ ဟုပြောသည်။

နောက်ပိုင်း ကျွန်တော် သူတို့အလုပ်ခန်းကိုရောက်သည့်အခါတွင် ဂျာနယ်ကျော်မမလေးကိုမတွေ့ရတော့။ အိမ်မှာနားနေသည်ဟုသာ ကိုအောင်ဇေယျက ကျွန်တော့ကို ပြောသည်။ ကျွန်တော်ကလည်း သာမန် လောက်ပဲ သဘောထားလိုက်သည်။ နေထိုင်မကောင်းဖြစ်သည်ဟု မထင်။

“အဘွားကြီးနေကောင်းလား“ ဟုကျွန်တော်မေးတိုင်း ကိုအောင်ဇေယျက ကောင်းပါတယ် ဟု ဖြေသဖြင့် ကျွန်တော်လည်း ခပ်ပေါ့ပေါ့သဘောထားခဲ့သည်။

သူမဆုံးခင် ငါးရက်လောက်အလိုတွင် ကျွန်တော်သည် အနော်ရထာလမ်း နှင့် ၄၈ လမ်းထောင့်ရှိ သူတို့၏ အလုပ်ခန်သို့ ထုံးစံအတိုင်းရောက်သွားပြန်သည်။ ကျွန်တော်က ထုံးစံအတိုင်း

“ကိုအောင်ဇေယျ အဘွားကြီးနေကောင်းရဲ့လား“ဟုမေး၏

ကိုအောင်ဇေယျကလည်းထုံးစံအတိုင်း “ကောင်းပါတယ်“ ဟုဖြေသည်။ သည့်ထက်ဘာမှမပြော။

နောက်ငါးရက်အကြာတွင် ဂျာနယ်ကျော်မမလေး၏နာရေးကြော်ငြာကို သတင်းစာများထည်းတွင် ကျွန်တော်တွေ့လိုက်ရသည့်အခါ အကြီးအကျယ်တုန်လှုပ်အံ့သြသွားသည်။ ကိုအောင်ဇေယျသည် ကျွန်တော့်ကိုတစ်ခွန်းမှမပြော။ နေထိုင်မကောင်းဟုပင် စကားမဟ။ ကျွန်တော်က တစ်ခုတ်တရမေးသည်ကိုပင် နေထိုင်ကောင်းပါတယ် ဆိုသည့်စကားမျှသာ ဖြေသည်။

တကယ်ဆိုလျှင် ကျွန်တော့ကို နည်းနည်းပါးပါးတော့ ပြောဖို့ကောင်းသည်။ သည်လောက်ရင်းနှီးပါလျှက်နှင့် သူအသက်ရှင်နေစဉ် နောက်ဆုံးအချိန်တွင် မတွေ့လိုက်၇သဖြင့် ကျွန်တော် အကြီးအကျယ် စိတ်ထိခိုက်သွားသည်။

ကျွန်တော်သည်ဂျာနယ်ကျော်မမလေး၏ အသုဘသို့ ချက်ချင်းရောက်သွားသည်။ သူကိုယ်တိုင်ကြီးကြပ်ဆောက်လုပ်ခဲ့သော တိုက်အိမ်သစ်ကြီး အောက်ထပ်ဧည့်ခန်းတွင် ဂျာနယ်ကျော်မမလေး၏ အလောင်းကို လှလှပပ ပြင်ဆင်ထားသည်။ သူကြိုက်တတ်သည့် ယောထဘီကို လွှမ်းလျက်၊ မျက်နှာပြင်တွင် ဇာပ၀ါ ပါးပါးအုပ်လျက်။

ကျွန်တော်သည် အလောင်းကိုသွားမကြည့်တော့ပါ။ အဝေးမှသာ လှမ်းကြည့်ရင်း

“ခင်ဗျား တော်တော်နေနိုင်တဲ့လူဗျာ။ ကျွန်တော်ကိုယ်တိုင်သေသေချာချာမေးပါလျက်နဲ့ နေကောင်းတယ်ဆိုပြီးဖြေတယ်။ တကယ်လို့သာ နေထိုင်မကောင်းမှန်းသိရင် ကျွန်တော်လာမတွေ့ရပါလား။ ခုတော့ နောက်ဆုံးချိန်လေးမှာတောင် မတွေ့လိုက်ရတော့ဘူး။

ကျွန်တော်က စိတ်ဆိုးဆိုးဖြင့် ကိုအောင်ဇေယျကို အပြစ်တင်သည်။ သူက လေသံပျော့လေးဖြင့်
“ခင်ဗျားလည်း သူ့အကြောင်းကိုသိသားပဲ။ သူနေထိုင်မကောင်းတာကို ဘယ်သူ့ကိုမှ မပြောရဘူးတဲ့။ ပြောရင် ဆေးရုံတက်ဖို့၊ ဆရာဝန်ပြဖို့ ပြောကြလိမ့်မယ်တဲ့။ သူ့ဆေးနဲ့သူ ကုမယ်တဲ့။ မလုပ်ချင်တာကို မိတ်ဆွေတွေတိုက်တွန်းလို့ သူက မလုပ်ပဲနေရင် မိတ်ဆွေတွေလည်း စိတ်ဆင်းရဲ သူလည်းစိတ်ဆင်းရဲမယ်တဲ့။ ဒါကြောင့် ဘယ်သူ့ကိုမှ မပြောနဲ့ ဆိုလို့ ထိန်ချန်ထားရတာ“

ကျွန်တော်သည် ကိုအောင်ဇေယျကိုကော ဂျာနယ်ကျော်မမလေးကိုပါ အပြစ်တင်နေမိသည်။ သူ့ နောက်ဆုံးအချိန်ကို တစ်ယောက်တည်း စောင့်ဆိုင်းနေသော ဂျာနယ်ကျော်မမလေး၊မိတ်ဆွေတွေကိုပင် အသိမပေးသော ဂျာနယ်ကျော်မမလေး။

ခင်မင်ရင်းနှီးသော ကျွန်တော့ကို ပင် အသိမပေးသောကြာင့် ကျွန်တော် မကျေမနပ် ဖြစ်နေပါသည်။ သူတို့ ကဂျာနယ်ကျော်မမလေးအကြောင်း ကိုရေးခိုင်းတိုင်း ထိုကိစ္စသည် ခေါင်းထဲတွင်ပေါ်လာတတ်သည်။ အဖုအထစ် ဆိုသည် မှာ ထိုကိစ္စဖြစ်ပါသည်။

April 18, 2010 at 12:20 am 8 comments

မြသန်းတင့်- ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၁)

ဂျာနယ်ကျော်မမလေး၏ အကြောင်းကို ရေးမည်ဟု စိတ်ကူးမိသည်မှာ ကြာပြီ။ သို့ရာတွင် မရေးဖြစ်ခဲ့။ သူကွယ်လွန်ပြီးကာလတုန်းက ခင်ပွန်းသည် ဦးအောင်ဇေယျ၊သားဖြစ်သူ မောင်သိန်းတန် နှင့် မောင်မိုးဟိန်းတို့က ဂျာနယ်ကျော်မမလေး၏ အမှတ်တရအဖြစ် စာအုပ်ထုတ်မည်ဟု စီစဉ်ခဲ့ကြပြီး ကျွန်တော့ထံ စာမူလာတောင်းတတ်သည်။ ကိုအောင်ဇေယျက
“ ခင်ဗျားဆီက စာမူကိုစောင့်နေတယ်။ ဒေါ်မမလေး အကြောင်းကို စာအုပ်ထုတ်ရင် ခင်ဗျားရဲ့ စာမူမပါဘဲနဲ့ မထုတ်ဘူး“ ဟုကျွန်တော့ကို အကျပ်ကိုင်သည်။

မောင်သိန်းတန်ကလည်း “ဦးလေးရေးမှဖြစ်မယ် ၊မေမေ့အကြောင်းကို ဦးလေးအသိဆုံး၊ဦးလေးနဲ့အရင်းနှီးဆုံး၊ ဒီတော့…ဦးလေး လွတ်လွတ်လပ်လပ်ရေးပါ။ မေ့မေ့အကြောင်းကောင်းတာရော၊မကောင်းတာရော“ ဟုမကြာခဏ လာ၍ ပြောတတ်သည်။ သူ့ သားငယ်မောင်မိုးဟိန်းကလည်း “ဦးလေးဆီက ကော်ပီမရလို့ မထုတ်ရဘူး“ဟု သူ့ထုံးစံအတိုင်း ခိုညည်းသလိုညည်းသံလေးဖြင့် ပြောတတ်သည်။ သူ့သမီးခင်လေးမြင့်က “ဦးလေး မေမေ့အကြောင်းရေးမယ်ဆို ဘာဖြစ်လို့မရေးသေးတာလဲ“ ဟု ကျွန်တော့ကို တဖွဖွ မေးတတ်သည်။

သို့ သော် ကျွန်တော်မရေးဖြစ်ခဲ့။

အခြားကြောင့်မဟုတ်။ ဂျာနယ်ကျော်မမလေးနှင့်ပတ်သက်၍ ကျွန်တော့စိတ်ထဲတွင် အဖုအထစ် တစ်ခုရှိသောကြောင့်ဖြစ်သည်။ သူနှင့်နွယ်ကာ သူ့ခင်ပွန်း ကိုအောင်ဇေယျအပေါ်တွင်လည်း ကျွန်တော် အဖုအထစ်တစ်ခု ရှိနေသည်။ ထို့ကြောင့် ကျွန်တော့စိတ်ထဲတွင် ရေးချင်စိတ်မပေါ်။ သူတို့တိုက်တွန်းတိုင်း ရေးမယ် ဟု သာ ပြောလိုက်သော်လည်း ရေး၍ မရ။

အဖုအထစ် ဆိုသည်မှာ အခြားမဟုတ်ပါ။ ကျွန်တော်နှင့်သူတို့ မိသားစု အထူးသဖြင့် သူတို့ ဇနီးမောင်နှံကြားက ဆက်ဆံရေးဖြစ်ပါသည်။

ကျွန်တော်သည် ဂျာနယ်ကျော်မမလေး နှင့် ၁၉၄၅-၅၀ တ၀ိုက်မှာတည်းက လူချင်းခင်မင်ရင်းနှီးခဲ့ကြသည်။ သူ့အိမ်သည် ကျွန်တော့ စားအိမ်သောက်အိမ်ဖြစ်သည်။ တခါတရံတွင် ကျွန်တော်သည် သူ့အိမ်မှာပင်သွာ၍ တစ်လကိုးသီတင်း နေလိုက်သေးသည်။ သူ့ ခင်ပွန်း ကိုအောင်ဇေယျနှင့်ကား ရန်ကုန်တက္ကသိုလ်မှာ နေခဲ့ကြကတည်းက ခင်မင်ပြီးသားဖြစ်သည်။ ကိုအောင်ဇေယျ တောခိုရာမှပြန်လာတော့လည်း ကျွန်တော်နှင့်အဆက်အသွယ်မပြတ်၊တစ်ဦးနှင့်တစ်ဦး ပြောမနာဆိုမနာတွေဖြစ်သည်။ ထိုခင်မင်ရင်းနှီးသောဆက်ဆံရေးသည် ဂျာနယ်ကျော်မမလေး ကွယ်လွန်ချိန် အထိ၊ယနေ့အထိ အခြေအနေမပျက်ရှိနေသေးသည်။ သူတို့ ဇနီးမောင်နှံနှင့် ကျွန်တော့ဆက်ဆံရေးသည် စာပေမိတ်ဆွေသဘောမျှသာမက ပုဂ္ဂိုလ်ချင်း မိသားစုချင်းပါ ရင်းနှီးသောဆက်ဆံရေးဖြစ်ပါသည်။

ဂျာနယ်ကျော်မမလေးသည် အကြောင်းကိစ္စကြီးငယ်ရှိလျှင် ကျွန်တော်နှင့် လာတိုင်ပင်သည်။ ကျွန်တော့ကိုယ်ရေးကိုယ်တာ အကြောင်းကိစ္စရှိလျှင် သူတို့နှင့် တိုင်ပင်သည်။ တစ်ခါတရံတွင် ကျွန်တော်သည် သူတို့ ဇနီးမောင်နှံ အိပ်သည့်ကုတင်ပေါ်သို့ တက်အိပ်သည်အထိရင်းနှီးကြသည်။

သူ့ ခွင့်ပြုချက်အရ ဂျာနယ်ကျော်မမလေး၏ အ၀တ်ဘီရို ကိုဖွင့်ပြီး ကျွန်တော်လိုချင်သည့် ဂျာနယ်ကျော်ဦးချစ်မောင်၏လက်ရေးဖြင့် ရေးထားသည့် မှတ်တမ်းတစ်ခုကိုရှာဖူးသည်။ ထိုစဉ်က သူ့အ၀တ်ဘီရိုကိုဖွင့်လိုက်တော့ ကျွန်တော်အံ့အားသင့်သွားသည်။ သူ၏ အ၀တ်ဘီရိုမှာ လေးဆင့်ရှိသည့်ကျွန်းဗီရိုကြီးဖြစ်ရာ ထိုဗီရိုကြီးထဲတွင် အ၀တ်အစားတွေ အပြည့်။ ထဘီတွေချည်းပင် အထည်သုံးလေးရာလောက်၇ှိမည်ထင်သည်။ဗီရိုအောက်ဆုံးတစ်ထပ်လုံး ထဘီတွေအပြည့်။

သူတို့အလုပ်မှပြန်လာသည့်အခါတွင် အိမ်တွင်ကျန်ခဲ့သည့်ကျွန်တော့ အားစာအုပ်တွေ့ ပြီလားဟု သူတို့ကမေးကြသည်။

“စာအုပ်တော့မတွေ့ဘူး။ ထဘီတွေပဲတွေ့တယ်“ဟု ကျွန်တော်ကနောက်သည်။
“ဟင် ရှင်ထဘီတွေကိုလျှောက်ဖွသလား“
“ဖွတော့မဖွပါဘူး။ ဒါပေမယ့် အဲဒီထဲမှာများ မှတ်တမ်းစာအုပ်ရှိသလားလို့ လိုက်ရှာရတာပေါ့။ အပေါ်အဆင့်တွေမှာမရှိတော့ အောက်ဆုံးအဆင့် ကိုလိုက်ရှာတာပေါ့။ အဲဒီမှာလည်း မတွေ့ ပါဘူး။ ထဘီတွေချည်းပါပဲ။ ထဘီတွေကလည်းများလှချည်လား။ ဘယ်နှစ်ထည်များလဲ မဆိုနိုင်ဘူး“

ဂျာနယ်ကျော်မမလေးက ဆယ်လက်မလောက်ရှိသည့် မအုန်းမယ် ဆေးပေါ့လိပ်ကြီးကိုကောက်၍ မီးညှိရင်း
“ငါးရာ“ ဟုဖြေသည်။

“အလိုလေး များလှချည်လား ဒေါ်မမလေးရာ။ ဒါတွေကိုအကုန်ဝတ်နိုင်လို့လား ။ တချို့ကောင်မလေးတွေများ သုံးလေးထည်နဲ့ ပြီးနေရတာ။ ဒေါ်မမလေး ထဘီက မများလွန်းဘူးလား“
“အကုန်တော့မ၀တ်တော့ပါဘူး။ တချို့ ထဘီတွေက ကျွန်မငယ်ငယ်အပျိုတုန်းက၀တ်ခဲ့တဲ့လုံချည်တွေ။ တချို့လည်း တခါနှစ်ခါပဲ ၀တ်ဖူးသေးတယ်။ နောက်တော့ မ၀တ်ချင်တော့တာနဲ့ မ၀တ်တော့ဘူး။ ဒီအတိုင်းသိမ်းထားလိုက်တာပဲ။ နောက်ထပ် အသစ်အဆန်းပေါ်တော့လည်း ၀ယ်ပြီးဝတ်တဲ့အခါဝတ်ပေါ့။ မ၀တ်ရသေးတဲ့ထဘီတွေလည်းအများကြီးကျန်တာပေါ့“

ကျွန်တော်က အ၀တ်အစားအဆန်းအပြားဝတ်ချင်း၊အများအပြားထားရှိချင်းတို့ကို အပြစ်ဆိုဝေဖန်သည်။

“ဒါကကျွန်မရဲ့ ၀ါသနာကိုး၊ဘယ်တတ်နိုင်မလဲ၊ကျွန်မငယ်ငယ်လေးကတည်းက ကောင်းကောင်းဝတ်ချင်တယ်၊ကောင်းကောင်းနေချင်တယ်။ရှင်ကတော့ ဘူဇွာလို့ ပြောချင်ပြောမှာပေါ့။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ ကျွန်မက အ၀တ်အစားဝါသနာပါတာကိုး“

တစ်ခါကလည်း သူတို့တွေအလုပ်သွားနေစဉ် ကျွန်တော်သည် သူတို့ လင်မယားအိပ်ခန်းထဲသို့ ၀င်နေခဲ့သည်။
ထိုစဉ်က ကျွန်တော့အားဆိုင်ရာတို့ကလိုက်လံရှာဖွေနေသဖြင့် သူတို့ အိမ်သို့ သွား၍ ရှောင်တိမ်းနေရသည်။ ဘောက်ထော်ပြည်သာယာလမ်းသူတို့အိမ်မှာ လူသူအဆက်အသွယ်ဝေးသည်။ ချောင်ကျသည်။ ထို့ ကြောင့် သူတို့အိမ်သို့ သွား၍နေချင်းဖြစ်သည်။ သို့ရာတွင် သူတို့ ၏ဧည့်သည်တွေကတော့ လာတတ်သည်။ ထို့ကြောင့် သူတို့ ဇနီးမောင်နှံက အလုပ်သွားပြီဆိုလျှင် ကျွန်တော့အား အိပ်ခန်းထဲသို့သွင်းထားပစ်ခဲ့ကာ သော့တစ်ချောင်းပေးထားတတ်ခဲ့ကြသည်။

ကျွန်တော်သည် သူတို့အိပ်ခန်းထဲက ဂျာနယ်ကျော်မမလေး၏မှန်တင်ခုံကို သတိပြုမိသည်။ မှန်တင်ခုံပေါ်တွင် အလှအပပစ္စည်း အကောင်းစားတွေအပြည့်။ ရက်ဗလွန်နှုတ်ခမ်းဆိုးဆေးရောင်စုံ၊ခရစ်စယန်ဒေါ ရေမွှေးပုလင်းဆိုက်မျိုးစုံ၊ပွန်း ယာ့ဒ်လေ စသော ပေါင်ဒါအမျိုးစုံ။

ဂျာနယ်ကျော်မမလေးသည် သူ့ကိုယ်သူဖိုသီဖတ်သီဖြင့်ဘယ်တော့မှလူမြင်မခံ။ သူ့ကိုကြည့်လိုက်လျှင် အမြဲတမ်း ကြော့လွင်နေအောင် ၀တ်စားဆင်ယင်ထားခြင်းဖြစ်သည်။အရွယ်နှင့်မလိုက်အောင်လော်လီဆန်းပြားသည့် အ၀တ်အစားမျိုးတော့ဝတ်လေ့မရှိ။ ထိုစဉ်ကအင်ဒိုနီးရှားဝမ်းဆက်တွေ ခေတ်မစားသေး။ သို့သော် ဂျာနယ်ကျော်မမလေးသည် ၀မ်းဆက်ကို ၀တ်နေပြီ။ သူဝတ်သည့်ဝမ်းဆက်မှာ အရောင်ရင့် အရောင်မှိုင်းများဖြစ်သဖြင့် လေးဆယ်ကျော်သူ့အရွယ်နှင့် လိုက်ဖက်ယုံ ၀တ်စားဆင်ယင်ခြင်းမျိုးဖြစ်သည်။

April 17, 2010 at 7:24 pm 5 comments

သကြံန်လက်ဆောင်

သကြံန်လက်ဆောင်

သကြံန်တော် ခါတန်ခူးမို့
တိမ်ဦးက သံဝါ၀ါ
မိုးဖြောက်ဖြောက်ရွာ။
ကိုယ်တို့ဆီမှာ ရွာပါစ မေး
မရွာလျှင် ရွှေလွန်ပွဲကို
နွှဲလိုက်ပါ့လေး။

ငွေမိုးရေ ချိုချိုသောက်လို့
ပိတောက်က ပင်ပေါ်မှာ
ဝင်းထိန်လို့ဝါ။
ကိုယ်တို့ဆီမှာ ၀ါပါစမေး
မ၀ါလျှင် ရွှေတွေပိန်းအောင်
လိမ်းလိုက်ပါ့လေး။

ပိတောက်တွေရွှေဝါလူးတော့
ရွာဦးက ညံစာစာ
မောင်းဗုံကသာ ။
ကိုယ်တို့ဆီမှာ သာပါစမေး
မသာလျှင် ဗုံသမားကို
အားကူပါ့လေး။

ငွေမိုးရေ ချိုချိုသောက်လို့
ပိတောက်ကရွှေမျက်နှာ
မောင်းဗုံကသာ
ကိုယ်တို့ဆီမှာ မာပါစမေး
မယ်မာအောင် စေတီဦးက
မောင်မာအောင် စေတီဦးက
နှစ်ကူးချိန်တာရေသွန်း
လွမ်းပါ့မယ်လေး ။ ။

ဆရာဇော်ဂျီ (မေ ၁၉၃၆)

April 14, 2010 at 3:39 pm 1 comment


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 40,624 hits