Archive for January, 2011

ဒဂုန်တာရာရဲ့ ဖျတ်ခနဲ ရုပ်ပုံလွှာများထဲက ဘိလပ်ပြန်သန်း (၂)

ကျွန်တော်ဖတ်နေသော အင်္ဂလိပ်ဝတ္တုတစ်ပုဒ်ထဲမှ စန္ဒယားဆရာကြီး ရှိုပန်၏ ပုံကိုယူကာ ဆရာဦးဘညွန့်အား ရေးခြယ်ထားလိုက်သည်။ ထိုအခါက ဗစ်ဗာလီနစ်ကို၏ Evan Song ၀တ္တုကိုဖတ်နေရာ ၀တ္တုထဲမှ အဆိုတော် ကြီးနေရာမှာ ဒိုရာသန်းအေးကိုထားချင်သည်။ ၀တ္တုထဲမှာမူ အဆိုတော်ကြီးအိုမင်းလာသည့် ဘ၀အဖြစ်အပျက်ပါသည်။ သို့ သော်ကျွန်တော်စိတ်ကူးထားသော ဇာတ်လမ်းထဲတွင်မူ ဤသို့မဟုတ်။ တပည့်မ အဆိုတော် ပေါက်စနှင့် စန္ဒယားဆရာ ဇာတ်လမ်းဖြစ်သည်။ သို့ သော် လက်မထပ်ဖြစ်။ ကျွန်တော် အပေါင်းအသင်းများအား ဇာတ်လမ်းပြောပြသောအခါ သူတို့က မင်းသမီးနှင့် မင်းသားမရသည့်အတွက် မကြိုက်ကြ။ ကျွန်တော်လည်း ဇာတ်လမ်းကို ပြင်ဆင်ရေး၇န် စဉ်းစားနေသည်။ (စစ်ပြီး ၁၉၅၀ ကျော်ခန့်တွင် ဇာတ်လမ်းကို အနည်းငယ် ပြုပြင်ကာ တိမ်ခိုးမျှင် အကွက်ဆင် ဟူသော ခေါင်းစဉ်ဖြင့် ၀တ္တုတို ရေးဖွဲ့ ခဲ့ဖူသည်။) (more…)

January 16, 2011 at 11:48 pm 2 comments

ဒဂုန်တာရာရဲ့ ဖျတ်ခနဲ ရုပ်ပုံလွှာများထဲက ဘိလပ်ပြန်သန်း (၁)

ကျွန်တော်ငယ်စဉ်က ရုပ်ရှင်အတော်ကြိုက်သည်။ ရန်ကုန်ကျောင်းများသို့ရောက်သောအခါ ရုပ်ရှင်တော်တော်များများ ကြည့်ဖြစ်သည်။ တောမြို့လေးတွင် နေစဉ်ကမူ အင်္ဂလိပ်ကားများမကြည့်ရ။ ရန်ကုန်ရောက်မှ အင်္ဂလိပ်ကားများ ကြည့်ရသည်။ နာမည်ကျော်အင်္ဂလိပ်ဝတ္ထုများကိုရိုက်ကူးသော ဇတ်ကားများဆိုလျှင် ကြည့်ဖြစ်သည်။
(more…)

January 12, 2011 at 3:47 pm Leave a comment

မြနှောင်းညို Fan Page on Facebook

ဟိုတနေ့က လိပ်ပြာစိမ်း၍ စာအုပ်အကြောင်းပြောရင်း အန်တီမြနှောင်းညို နဲ့လည်း စကားမပြောရတာကြာလို့ (နောက်ဆုံး ထွက်တဲ့စာအုပ်သိပ်မကြိုက်ဖူးပြောမလို့တော့မဟုတ်ပါဘူး :D) အွန်လိုင်းမှာ စကားပြောဖြစ်တယ်။ အဲဒီကနေ ဟိုရောက် ဒီရောက် ပြောလိုက်ကြတာ နောက်ဆုံးတော့ စာရေးဆရာတွေရဲ့ Facebook ပေါ်က Fan Page တွေအကြောင်း ရောက်သွားတယ်။
(more…)

January 10, 2011 at 3:48 pm 7 comments

မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၃၀)

ဂျာနယ်ကျော်ဦးချစ်မောင် ဆုံးသည့်အခါတွင် ဂျာနယ်ကျော်မမလေးသည် အသက် ၂၉ နှစ်သာရှိသေးသည်။ သို့တိုင် သူမသည် ခင်ပွန်းသည် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်သည်။ သူမသည် ဦးချစ်မောင်ထုတ်ဝေခဲ့သော ဂျာနယ်ကျော် အပတ်စဉ် ဂျာနယ်ကိုဆက်လက်ထုတ်ဝေယုံသာမက ဦးချစ်မောင် စိတ်ကူးခဲ့သည့် နေ့ စဉ်သတင်းစာကြီးတစ်စောင် ကိုလည်း ဦးစီးထုတ်ဝေခဲ့သည်။ ထိုသတင်းစာမှာ ပြည့်သူ့ ဟစ်တိုင် သတင်းစာဖြစ်သည်။
(more…)

January 10, 2011 at 12:30 am 2 comments

မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ၂၉

၁၉၆၂ တွင် ကျွန်တော်တို့သည် မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂကို တည်ထောင်ကြသည်။ ထိုအခါတွင်လည်း ဂျာနယ်ကျော်မမလေးသည် တက်ကြွစွာ ပါဝင်ခဲ့လေသည်။ စည်းမျဉ်းဥပဒေကို ရေးဆွဲသည့်အခါတွင် ကျွန်တော်တို့သည် သူ့အိမ်မှာပင် အစည်းအဝေးထိုင်ကြသည်။ တခါတရံ၌ ညည့်နက်သန်းကောင်၊တခါတရံတွင် လင်းအားကြီးထိ။
(more…)

January 7, 2011 at 3:32 pm 2 comments

ဖတ်ဖြစ်တဲ့စာအုပ်တွေ..တွေးမိတဲ့အတွေးတွေ..

စာဖတ်ရတာ ၀ါသနာပါတဲ့သူအဖို့တော့ ဖတ်စရာစာအုပ်များများ ရလာတာက အင်မတန်ကြီးမားတဲ့ပျော်ရွှင်မှုတစ်မျိုးပါ။ စာလေးပေလေးမတောက်တခေါက်ရေးရတာ ၀ါသနာပါတဲ့သူကလည်း ကိုယ်ရေးထားတဲ့စာလေးကို စာမျက်နှာပေါ်မြင်ရရင် ကျေနပ်မိပြန်ရော။ ဒီလိုဆိုရင်ဖြင့် ၂၀၁၀ မကုန်ခင်လေးနဲ့ ၂၀၁၁ အစမှာ စိတ်ချမ်းသာစရာ၊ ပျော်ရွှင်စရာတွေအများ ကြီးနဲ့ ကြုံရတယ်လို့ ပြောရမှာပါပဲ။ ဖတ်စရာစာအုပ်တွေ လက်ထဲအများကြီး၇ှိနေလို့ ဘလော့တွေဖက်တောင် သိပ်မလှည့်ဖြစ်ဖူး။ စာအုပ်လေးကိုင်ပြီး ဖတ်နေရတာက ပိုအရသာရှိနေတာကိုး။

လတ်တလောဖတ်ဖြစ်တဲ့စာအုပ်တွေက တော့ အများကြီးပဲ။ ဂျူးရဲ့ နံရံ၏ အခြားတဘက်၌ ဆိုတဲ့စာအုပ်ဖတ်ပြီး စိတ်ဝင်စားလာလို့ ဦးအေးမောင်ရေးတဲ့စာအုပ်တချို့ ကနေ ပေါ့ပေါ့ပါးပါး နောက်ဆုံးထွက်တဲ့ ၀တ္တုရှည် စာအုပ်လေးတွေထိပဲ။ ဖတ်လို့ကတော့ အကုန်ကောင်းနေတာပဲ။ တကယ်လို့ ကိုယ်တိုင် ရန်ကုန်က စာအုပ်ဆိုင်တွေမှာသွားဝယ်ရမယ်ဆိုရင်တော့ ရွေးဝယ်မိမှာတွေပါမှာပေါ့နော်။ ဒါပေမယ့်ပို့ပေးတဲစာအုပ်တွေကိုတော့ အကုန်ဖတ်တာပဲ။ အဲဒီထဲမှာ ဆရာအောင်သင်းရဲ့ မျိုးဆက်သစ်တိုးတက်ရစ်ဖို့ နှစ်အုပ်တွဲတောင်ပါလိုက်သေး။ အဲဒီစာအုပ်တွေ တွေ့ စကတော့ ဟယ် ..ငါ့လဲမငယ်တော့ပဲ ဘယ်လိုဖြစ်လို့ မျိုးဆက်သစ်တိုးတက်ရစ်ဖို့ တွေပါဝယ်ထည့်ပေးတယ်မသိဘူးလို့ စိတ်က လှမ်းပြီးအပြစ်တင်လိုက်သေး။ ကိုးတန်းလောက်တုန်းကတော့ ပထမဆုံးထွက်တဲ့ မျိုးဆက်သစ်တိုးတက်ရစ်ဖို့ စာအုပ်လေးဖတ်ခဲ့ဖူးတယ်လေ။

ဒါပေမယ့် အခုပြန်ဖတ်ကြည့်တော့လည်းကိုယ်တွေလိုလူလတ်ပိုင်းတွေအတွက်လည်း အသက်အရွယ်အလိုက် စိတ်ဝင်စားစရာ၊ တွေးစရာလေးတွေပါနေတုန်းပါပဲ။ ဒုတိယစာအုပ်မှာ စပ်စု၏စပ်စု ဆိုတဲ့စာအုပ်အကြောင်း တောင်ထည့်ရေးထားသေးတယ်။ အဲဒီ စာအုပ်ရော၊ဘလော့ကိုပါ အရင်ကတော့ဖတ်ဖူးနေပြီးသားပဲ။ ဒါပေမယ့် ဆရာအောင်သင်း ညွန်းတယ်ဆိုတော့ ထပ်ဖတ်ချင်တဲ့စိတ်ပေါ်လာတယ်။ ဆရာကတော့ အဲဒီစာအုပ်ကိုပြန်ရိုက်နှိပ်ထုတ်ဝေ စေချင်တာ လို့ ရေးထားတယ်။ ထုတ်ဖို့တော့လွယ်မယ်မထင်လှပါဘူးလေ။ ဆရာကြီးကအညွန်းကောင်းတော့ ချစ်စရာကောင်းအောင်ကြွားတတ်တဲ့ တရုတ်အမျိုးသားကြီး ဦးစပ်စုရဲ့ ပုံရိပ်တွေတောင်မြင်ယောင်လာ သလိုဖြစ်မိ တယ်။ဦးစပ်စုဟာ မြန်မာ့သမိုင်းမှာ အရေးပါ သူမဟုတ်ပါဘူး၊ဒါပေမယ့် အေ၇းပါသူတွေနဲ့ ရင်းနှီးတယ်လို့ ဆိုတယ်။ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကနေ ဦးနု၊ဒေါက်တာဗမော်၊ဦးဘဆွေ တို ပင်လုံဒေါ်နုရင်တို့ အကြောင်းတွေအထိကို တပိုင်းတစ မြင်ရသိရတဲ့အပြင် အဲဒီခေတ်က ဗမာပြည်အကြောင်းတွေကို သိရတာ စိတ်ဝင်စားစရာဖို့ကောင်းတယ်။

အကြိုက်တွေ့ တဲ့ နောက်တစ်အုပ်ကတော့ နန်းနွယ်နွယ် ရဲ့ ၀တ္တုရှည် အချစ်ပန်းကားနုပျိုနေဆဲနှင့် ၀တ္တု၇ှည်များ ဆိုတဲ့စာအုပ်လေ။ စာရေးဆရာမကတော့ နာမည်ကြီးမဟုတ်ပါဘူး။ အရင် လုံမလေး မဂ္ဂဇင်းထွက်တုန်းက အယ်ဒီတာလုပ်ဖူးတယ်ထင်တာပဲ။ အခု ဆုံးသွားပြီတဲ့။ သူရေးခဲ့တဲ့ ၀တ္တု၇ှည် ရှစ်ပုဒ် စုပြီးထုတ်ထားတာ။ တခါတလေ စာဖတ်ရင် သိပ်မတွေးချင်ဘူးလေ။ သူ့ ၀တ္တုလေးတွေက ပေါ့ပေါ့ပါးပါးနဲ့ ခဏ ခဏ ဖတ်ချင်စရာကောင်းတယ်ထင်တာပဲ။ အဲ..ဖတ်ပြီး သိပ်သဘောမကျတာတွေတော့ရှိတာပေါ့။ အဲဒီမှာ ဘာသတိရလဲဆို တော့ ဒေါက်တာရဲနိုင် ရေးတဲ့ အနောက်ကိုရွှေ့ အရှေ့ကိုမျှော် ဆိုတဲ့ ၀တ္တုကိုသတိရမိတယ်။ အဲဒီ ဆိုရှယ်လစ်ခေတ်က ရေးတဲ့စာတချို့ မှာ စာရေးဆရာတွေရဲ့ ကိုယ်ပိုင်ခံယူချက်အစစ်လား၊ဘေးဘီကဖိအားတခုခုပါသေးလားဆိုတာ မသိနိုင်ပေမယ့် သူတို့ ရေးတဲ့စာတချို့ က မြန်မာပြည်ကလွဲရင်ဘယ်နေရာမှမကောင်းဘူး၊မြန်မာပြည်မှာပဲပြန်နေမယ်၊ အစိုးရကဒီလောက်အစစပံ့ပိုးပေးနေရက်နဲ့ များအပြင်ထွက်နေကြသေးသလား ဆိုတာမျိုးတွေသိပ်ပါတာပဲ။ ကိုယ်တိုင်က တစ်နေ့မှာ မြန်မာပြည်ပဲပြန်နေမှာ သေချာသလောက်ဆုံးဖြတ်ထားတဲ့သူဖြစ်ပေမယ့် အဲဒီလို ၀ါဒဖြန့်သလိုလိုဘာလိုလို စာမျိုး ကျတော့ဖတ်ရတာတမျိုးကြီး။ ခု စာရေးဆရာမရဲ့ ၀တ္တုရှည်တချို့မှာလဲအဲဒီသဘောလေးတွေဆန်ဆန်ပါနေသေး တယ်။ ဒါပေမယ့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ပါပဲ။ တကယ်တော့ မစန္ဒာရဲ့ တချို့ ၀တ္တုတွေမှာလဲ အဲလိုသဘောလေးတွေတွေ့ရတာပါပဲ။

အဲဒီစာအုပ်နဲ့ တူတူပါလာ တဲ့တစ်အုပ်က ၀င်းဝင်းလတ်ရဲ့ အောက်မေ့ဖွယ် သူ ..။ ထင်တာတော့အဲဒါလည်း မဟေသီမှာ အခန်းဆက်ပါဖူးသလားပဲ။ သေချာတော့မမှတ်မိတော့ပါဘူး။ ဖတ်ကြည့်လိုက်တော့ အချစ်နောက်ဆက်တွဲ စာအုပ်လောက်မကြိုက်ဖူး။ အဲဒါထက်ကို ခုနက နန်းနွယ်နွယ်စာအုပ်လောက်တောင် မကြိုက်ဖူးလို့ ထင်တာပဲ။ ဇာတ်လမ်းကိုတော့သဘောကျတယ်။ ဒါပေမယ့် အရေးအသားက ဒီစာအုပ်မှာ တမျိုးဖြစ်နေသလားလို့ စိတ်ထဲသဘောမကျမိဘူး။ တယောက်ထဲရဲ့ အမြင်ပါလေ။ ကြိုက်တဲ့သူတွေအများကြီးလည်းရှိနိုင်တာပေါ့။ ခုနေတော့ မြနှောင်းညိုရဲ့ စာအုပ်တွေကိုတောင် ပိုသဘောကျသေးတယ်။သူ့စာအုပ်တွေလည်း ပြန်ထွက်နေတာပဲ။ နောက်ဆုံး ထွက်လိုက်တာတော့ လိပ်ပြာစိမ်း၍ ဆိုတဲ့စာအုပ်ပဲထင်တယ်။ အဲဒါကိုလည်း သိပ်မကြိုက်၊ ဇတ်အိမ်မခိုင်လှဖူးထင်တာပဲ။ ငုပွင့်ဝါခိုင် ၊ မျက်မာန်တော်မညိုးနဲ့ အချစ်ရယ် တို့လို စာအုပ် မျိုးပြန်ထုတ်တာကမှဟုတ်ဦးမယ်။ အင်း အဲဒီအတွေးကို စာရေးဆရာမအွန်လိုင်းတက်လာရင်ပြောပြလိုက်ဦးမှပဲ ..။ နောက်ဆုံးထွက်တဲ့ စာအုပ်ကိုမကြိုက်လှဖူးဆိုတာတော့ ဘယ်ပါလို့ ဖြစ်မလဲလေ 😛

မမှာပဲ ပါလာပြန်တဲ့နောက်တစ်အုပ်ကတော့ ရန်ကုန်တက္ကသိုလ် နှစ်ကိုးဆယ်ပြည့်အထိမ်းအမှတ်ထုတ်တဲ့ အောင်ပြည့်ရဲ့ နေရစ်တော့မြသီလာ ဆိုတဲ့ကဗျာစာအုပ်။ တကယ်တော့ ကဗျာတွေကို ကြည်အေးကဗျာတချို့ ကလွဲရင်သိပ်လည်းမဖတ်ဖြစ်။ ခံစားတတ်တဲ့အရည်အချင်းမရှိတာလဲပါတာပေါ့။ဒါပေမယ့် ပို့ခဲ့တော့လည်း ဟိုလှန်ဒီလှန်ဖတ်ရပြန်တယ်။ မြန်မာကဗျာကို အင်္ဂလိပ်လိုဘာသာပြန်ထားတာပါတွဲထားတယ်။ ရန်ကုန်တက္ကသိုလ်ဆိုတာ မတက်ခဲ့ရပေမယ့် စွဲလမ်းဖူးတဲ့သူတွေထဲပါတာကိုး။ စာအုပ်တွေထဲ၊ရုပ်ရှင်တွေ၊ သီချင်းတွေထဲကနေရင်းနှီးတဲ့ မြကျွန်းညိုညို တက္ကသိုလ်ကြီးပေါ့။

လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက ကျောင်းတက်နေတုန်းကဆို သူငယ်ချင်းတွေစုပြီး မိန်းထဲသွားကြရအောင်ဟေ့ ဆိုပြီး တောင်ငူဆောင်ကင်တင်း၊သချာင်္ဌာနနားကကင်တင်း အီကိုကင်တင်း..ကင်တင်းတကာလှည့်ထိုင်ဖူးတယ်။ အဲတုန်းက ဦးချစ်ဆိုင်ဘေးက ထမင်းဆိုင်(နာမည်မေ့သွားပြီ..မြစန္ဒာဝင်းလို့ ထင်တာပဲ)ကသိပ်စားလို့ကောင်းတာ။ ဈေးလဲတန်တယ်။ ခဏ ခဏ သွားစားကြတာမှတ်မိသေးတယ်။ ခုများတော့ မိန်းထဲကိုဝင်ချင်တိုင်းတောင်ဝင်လို့မရတော့ဘူး။ ဘာတွေဘယ်လိုဖြစ်ကုန်ပါလိမ့်..။ နေရာတကာမှာသံဆူးကြိုးကာထားရတာနဲ့ ၊ ရပ် ဆိုတဲ့စာလုံးနီကြီးနဲ့ …စိတ်ပျက်စရာပဲ။ ဦးလေးတစ်ယောက်အိမ်က အဓိပတိလမ်းမှာရှိတော့ အဲဒီအိမ်သွားဖို့တောင် မလာခင်ကြိုဖုန်းဆက်၊ဟိုကနေ ဂိတ်ဝကို လာမယ့်ကားနံပါတ်နဲ့ နာမည်ကိုဖုန်းဆက်ပေးရသေးတယ်။ အဲတော့မှာ အထဲကိုဝင်လို့ရတယ်။ ဒီတခေါက်တော့မရောက်ခဲ့။ တခါတလေကားပေးမ၀င်ရင် လမ်းဆင်းလျှောက်ရသေးတယ်ဆိုတယ်။ စာအုပ်တွေထဲမှာဖွဲ့ ထားနွဲ့ထားတဲ့စည်စည်ကားကား ရှိတဲ့အဓိပတိလမ်းကြီးကလည်း ခြောက်ကပ်လို့ ..။ဒီတက္ကသိုလ်ကြီးတစ်ခေတ်က သာယာစည်ကားခဲ့ တာကိုမျက်မြင်ကြုံခဲ့ရတဲ့သူတွေအဖို့ တော့ပိုဝမ်းနည်းစရာကောင်းမှာသေချာတယ်။ဘာမဆိုင်ညာမဆိုင် စာအုပ်တွေဖတ်ပြီး လွမ်းတတ်တဲ့ သူကတော့ လွမ်းနေမိရော။ ပြီးတော့ ဘာလို့ ဒီလိုဖြစ်သွားရတာလဲဆိုတဲ့အတွေးတွေအဆက်မပြတ်တွေးမိပြီး ရင်နာလာလို့ ဆက်မတွေးတော့ဘူး။ ရပ်ထားလိုက်ရတယ်။ စိတ်တိုစရာအတွေးတွေများရင် ကျန်းမာရေးထိခိုက်မှာစိုးလို့ပါ။ ဆရာအောင်ပြည့်ကတော့ ကဗျာစာအုပ်အဆုံးသတ်မှာ

ဟိသစ္စံ
အမှန်ဆိုခြင်း သည် စကားများကြောင့်
နောင်အနှစ်ငါးဆယ်ကြာ
မြသီလာအရှင်၏ ရာပြည့်ပွဲသည်
ယခုထက် ထက်ကဲ
ခြိမ့်ခြိမ့်သဲ သဲပါစေသတည်း…။

တဲ့။

၂၀၂၀ ဆိုရင် တက္ကသိုလ်ကြီးရာပြည့်ပြီ။ ဒီဇင်ဘာ ၁ ရက် ၁၉၇၀ က ဒီစာသားကိုရေးထားတာဆိုတော့ တက္ကသိုလ် ရွှေရတု တုန်းကရေးခဲ့တာပေါ့။ တက္ကသိုလ်စိန်ရတု ၁၉၉၅ တုန်းကတောင်စည်စည်ကားကားရှိသေး တယ်ထင်ပါရဲ့။ အနည်းဆုံးတော့ စိန်ရတုပွဲဆိုပြီးလုပ်ခဲ့သေးတယ်လေ။ အခုလို နေရာအနှံ့ သံဆူးကြိုးတွေကာ ထားတဲ့၊တံခါးတွေပိတ်၊ ရပ် ဆိုတဲ့ ဆိုင်းဘုတ်နီတွေ၊အခွင့်မရှိမ၀င်ရဆိုတဲ့စာတမ်းတွေ ပွနေတဲ့ တက္ကသိုလ်ကြီးရဲ့ ရာပြည့်ပွဲကို ခြိမ့်ခြိမ့်သဲဆင်နွဲ နိုင်ပါ့မလားဆိုတာတော့ အဆိုးမြင်တတ်သူတယောက်မဟုတ်ပေမယ့် စိတ်ထဲမှာ သံသယဖြစ်မိတာအမှန်ပဲ။ ဒါပေမယ့် မျှော်လင့်ချက်ထားကြတာ မမှားပါဘူး။ မကေရဲ့ ဒီပို့စ်လေး ဖတ်ရတာမြကျွန်းညိုညိုမှာကွန်းခိုခဲ့တဲ့ သူတွေအားလုံးရဲ့ ရင်ထဲက တူညီတဲ့ဆန္ဒုဖြစ်မယ်လို့ ခံစားမိတယ်။

စာအုပ်တွေဖတ်ပြီး တောင်ရောက်မြောက်ရောက်တွေးမိတာ အဆုံးသတ်မတော့ မောသွားတယ်။ စိတ်လက်ပေါ့ပါးမယ့် စာအုပ်မျိုးရှာဖတ်ဦးမှပါလေ။ သော်တာဆွေရဲ့ ၀တ္တုတိုပေါင်းချုပ်လေး ဖတ်မှပဲ။ အဲဒါတောင် ဖတ်ရင်း တွေးစရာက ပေါ်လာသေး။ ဟိုတလောက သူငယ်ချင်းတစ်ယောက်ကို ကျွန်တော့်ဘ၀ဇာတ်ကြောင်းစာအုပ် နောက်ဆုံးအပိုင်း မရှိသေးလို့ ရှာကြည့်ပေးဖို့ ပြောထားတာ။ သူပြောပုံဆို သော်တာဆွေရဲ့ သားက အဲဒီစာအုပ်တွေကို ပေးမထုတ်တော့လို့ အသစ်ထပ်မရိုက်ဖြစ်ဖူးဆိုပဲ။ ဟုတ်မဟုတ်တော့မသိ၊စာအုပ်ဆိုင်ကပြောတာတဲ့။ ဟုတ်ချင်လဲဟုတ်နိုင်တာပေါ့လေ။ အဲဒီ ဘ၀ဇာတ်ကြောင်းမှာ အကုန်လုံးမချွင်းမချန်အိတ်သွန်ဖာမှောက်ရေးထားတော့ ကျန်ရစ်သူများအနေနဲ့ တချို့ အပိုင်းလေးတွေကို လက်မခံချင်လို့ များလားလို့ တွေးမိရသေး။ ကဲ..တွေးတာရပ်ပြီး စာဆက်ဖတ်မှပါပဲလေ။

January 6, 2011 at 2:45 am 3 comments


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,563 hits