Archive for October, 2009

Non, Je ne Regrette Rien

မရွှေမိ အကြိုက်ဆုံးပြင်သစ်သီချင်းတစ်ပုဒ်ပါ။ Edith Piaf ရဲ့ Non, Je ne Regrette Rien တဲ့။ အော်စကာဆုရခဲ့တဲ့ La Vie En Rose ကားရဲ့ ဇတ်ကောင် ပေါ့။ အဲဒီဇတ်ကားမှာတော့ ပြင်သစ်မင်းသမီး Marion Cotillard ကသရုပ်ဆောင်တာပါ။ အဲဒီကားလဲ တော်တော်ကြည့်လို့ကောင်းတယ်။ မျက်ရည်တ၀ဲဝဲနဲ့ ကြည့်ရတဲ့ကားပေါ့။

ဒီသီချင်းလေးကိုတော့ မူရင်းအဆိုတော်Edith Piaf ရဲ့ သီဆိုဟန်လေးတွေကိုလဲသဘောကျတာရယ် ၊စာသားတွေကိုကြိုက်တာရယ်ကြောင့် တော်တော်လေးနားထောင်ဖြစ်တဲ့သီချင်းပါ။ ဘ၀မှာ ဘာအတွက်မှ နောင်တမရချင်တဲ့သူတွေ ကြိုက်မယ့်သီချင်းပါ 😛

အောက်က ကလစ်ကတော့ ရုပ်ရှင်ထဲမှာပါတဲ့ သီချင်းပါ။ နှစ်ခုယှဉ်ကြည့်ရင် ပိုအရသာရှိတယ်။ မင်းသမီးလဲ အော်စကာရလိုက်တာ ထိုက်တန်တယ်။ မူရင်းအဆိုတော်နဲ့ တော်တော်ကြီးဆင်အောင်ကိုသရုပ်ဆောင်နိုင်တာတွေ့ရတယ်။ မရွှေမိ မျက်ရည်ကျမိတာ ဒီသီချင်းထဲမှာ ပါတဲ့ဇတ်ဝင်ခန်းတွေပေါ့ 😛

October 26, 2009 at 5:37 pm 2 comments

မရွှေမိ သိသလောက် ဂျာနယ်ကျော်မျိုးဆက်များအကြောင်း တစေ့တစောင်း

ဒေါ်ခင်လေးမြင့်(၁၉၃၉-၂၀၀၇) နဲ့ တွေ့ ရတော့ မရွှေမိ တော်တော်ကို ၀မ်းသာမိတယ်။ စိတ်ထဲက လဲ သူလို ဒေါက်တာဘွဲ့ ရ လူကြီး တစ်ယောက်က ကိုယ်လို မလောက်လေးမလောက်စားကို အချိန်ပေးတွေ့   တာကိုကျေးဇူးတွေတင်လို့ ပေါ့။ နောက်ပိုင်းမှာ တော့ တကယ်လဲ ဆရာမကြီး က သူ့အချိန်ကို တော်တော်တန်ဖိုးထားပြီးသုံးတာပါ။ ပြင်သစ်စာသင်တဲ့ ၀ိုင်းတွေကပြည့်နေပြီး သူက နာရီနဲ့ တွက် ပိုက်ဆံယူတာဆိုတော့ တစ်နာရီဆိုလဲ တစ်နာရီက ပိုက်ဆံဝင်နေတာကိုး။

ဒါပေမယ့် အားပါးတရ ဂျာနယ်ကျော်မမလေးအကြောင်းတွေ မေးမြန်းမယ် ပြောလိုက်မယ် ဆိုတဲ့ မရွှေမိ စိတ်ကူးတွေရေစုန်မျှောခဲ့ပါတယ်။ ဘာလို့ လဲ ဆိုတော့ ဆရာမကြီး က နားတော်တော်မကောင်းတော့ တော်ရုံပုံမှန်အသံနဲ့ ပြောရင် သူကမကြားရပါဘူး။ အစကတော့ မရွှေမိက ငါပြောတဲ့စကားနဲ့ သူပြန်ပြောတာ ဘာလို့ မကိုက်လှပါလိမ့်ဆိုပြီး စဉ်းစားနေတာ ။ နောက်မှ ဘေးကထိုင်တဲ့အမက အသံတိုးတိုးနဲ့   ကြည့်ရတာ နားမကောင်းဘူးနဲ့ တူတယ်တဲ့။ အို …ဟုတ်ပါ့။ ဒီတော့လဲ ကိုယ်က ခေါင်းတွေညိတ် တပြုံးပြုံးလုပ်ပြီး သူပြောတာကိုပဲ ထိုင်နားထောင်လိုက်ရပါတယ်။

ပြောဖြစ်တာကတော့ ပြင်သစ်စာအကြောင်း၊ပြင်သစ်မှာနေတုန်းကအကြောင်း၊ ပြင်သစ်စာသင်တဲ့အတွေ့အကြုံ တွေအကြောင်း …ဂျာနယ်ကျော်မမလေး အကြောင်း က မပါသလောက်ပဲ။ မေမေဆုံးသွားပြီး အိမ်တွေအပြောင်းအရွှေ့ နဲ့ ဆိုတော့ စာအုပ်တွေ က မရှိတော့တာများတယ်။ ဘာမှမသိမ်းထားဖြစ် ဘူးဆိုတာ လေးပဲ ပါတယ်။ 😦

ဒါပေမယ့် သူပြောတဲ့ ပြင်သစ်စာအကြောင်းတွေကလဲ စိတ်ဝင်စားစရာကောင်းတယ် ။ အရင်က ဘန်ကောက် အေဘက်ခ် မှာတောင် ဆရာမလုပ်ခဲ့သေးတယ်ဆိုပဲ။ အဲဒီကနေ စကားပြောရင်း နားထောင်ရင်း မရွှေမိ တစ်ယောက် ပြင်သစ်စာသင်မယ် လို့ ဆုံးဖြတ်လိုက်ပါတယ်။ အစကတည်းကလဲ ပြင်သစ်စာကို နည်းနည်းစိတ်ဝင်စားနေတဲ့အချိန် (ဂျုးဝတ္ထု တွေဖတ်ပြီးတော့လေ-အဲဒီတုန်းက ဂျုးရဲ့ ကြာတော့သည်လည်းမောင့်စကား ထဲမှာတောင် ဒေါ်ခင်လေးမြင့် ကို ဂျာနယ်ကျော်မမလေးသမီးဆိုချောမှာပဲ လို့   တင်တင်ဇော် ကပြောတဲ့အနေနဲ့ ရေးထားသေးတယ်) မှာ ဒီလိုပြင်သစ်စာပါရဂူဆရာမကြီးနဲ့ တွေ့လိုက်ရတော့ စိတ်အရမ်းပါသွားတာလဲပါတယ်။

ဒါနဲ့ တခါတည်း ကျောင်းအပ်ခဲ့ရောဆိုပါတော့ 😛 အဲဒီအချိန် ၁၉၉၉-၂၀၀၀ လောက်မှာ တစ်နာရီ ၅၀၀ နှုန်းယူပါတယ်။ ၂ နာရီဆိုတော့ တစ်ထောင်ပေါ့။ တစ်ပတ် တစ်ကြိမ်။ တစ်ယောက်ထဲသင်ရတယ်။ နောက်ပိုင်း ပြင်သစ်သံရုံးမှာ ကျောင်းတက်တော့မှ အဲဒီက သူငယ်ချင်းတွေနဲ့ စုသင်တယ်။ အဲဒါလဲ တယောက်တော့ ၅၀၀ ပါပဲ။ ဆရာမ ကတော့ သိပ်မပင်ပန်းတော့ဖူးပေါ့။

ဆရာမကြီးက စာအသင်အပြ အရမ်းကောင်းပါတယ်။ ပြီးတော့ ပြင်သစ်စာ၊ဘာသာစကားကိုချစ်မြတ်နိုး တန်ဖိုးထားတဲ့စိတ်လဲ အပြည့်ရှိတယ်။ ဒီတော့ သူစာသင်ရင် တကယ်ကိုအားသွန်ခွန်စိုက်သင်တယ်၊ မှတ်သားစရာလေးတွေပြောပြတယ်။ ခုနေပြန်ခေါ်ကြည့်တော့ မမှတ်မိတော့တာ ကတော့ မရွှေမိ ညံ့တာပါပဲ။ အထိအတွေ့မရှိတာကြာပီကိုးလေ။ သူပြင်သစ်လိုပြောရင်လဲ အရမ်းကိုနားထောင်ကောင်းပါတယ်။ တကယ့်ကို အသံအနိမ့်အမြင့် အတက်အကျနဲ့ ပြင်သစ်အမျိုးသမီး တစ်ယောက်လိုကိုပြောတာပါ။ ပြီးရင် ပြုံးပြီးပြောသေးတယ် ပြင်သစ်စကားက အရမ်း Musical ဖြစ်ပြီး အနုပညာဆန်တဲ့စကား ကမ္ဘာပေါ်မှာ ဒီလိုစကားမျိုး ပြင်သစ်စကား တစ်ခုပဲရှိတယ်တဲ့။ သင်ခန်းစာတစ်ခုခုကို အားပါးတရသင်ပြီးတိုင်း တပည့်တွေကို ကဲ–စိတ်ဝင်စားစရာမကောင်းဘူးလား ဆိုတဲ့အပြုံးမျိုးနဲ့ ကြည့်တတ်တာလေး ကိုလည်း အမှတ်ရနေမိတယ်။

ဆရာမကြီး ကို တွေ့ တဲ့အချိန်မှာ ဆရာမကြီးက တတိယမြောက် အိမ်ထောင်နဲ့ ပါ။ သားသမီးတော့မရှိပါဘူး။ ဒီအိမ်ထောင်က တော့ သင်္ကန်းကျွ့န်းသား တိုင်းရင်းမြန်မာ ဆေးဆရာ လို့ အသိတစ်ယောက်ကပြောတယ်။ ဆရာမ ကတော့ သူ့အမျိုးသားကို တော်တော်အရေးထားပါတယ်။ ဘဘ ..ဘဘ နဲ့ ပဲ။ တပည့်တွေရှေ့မှာမို့ ဘဘ လို့ခေါ်တာလားတော့မသိ။ စပ်စုတတ်ပြီး အတွေးဖြန့်ကျက်တတ်တဲ့ မရွှေမိ ကတော့ တခါတလေ တွေးမိပါတယ်။  ပါရဂူဘွဲ့ ရထားတဲ့ ပြင်သစ်စာ ပညာရှင်အမျိုး သမီးတယောက်နဲ့   တိုင်းရင်းမြန်မာ ဆေးဆရာတစ်ယောက် (ပညာရေးကိုတော့မသိပါဘူး) ရဲ့  အိမ်ထောင်ရေးမှာ အပေးအယူမျှ ပြီး စိတ်ချမ်းသာနေအောင် ဘယ်လို နေထိုင်ကြလဲဆိုတာပေါ့။ စိတ်ဝင်စားစရာကောင်းတဲ့အတွဲအဖက်လို့ ပြောရမယ်ထင်ပါတယ်။သူတို့ ကို ကြည့်ရတာတော့ အဆင်ပြေနေပုံပါပဲ။ ဂျာနယ်ကျော်မမလေး သာ သက်ရှိထင်ရှားရှိခဲ့မယ် ဆိုရင် သူ့ရဲ့ တစ်ဦးတည်းသောသမီး ရဲ့ ဘ၀ကို စိတ်တိုင်းကျမယ် ၊ မကျဘူးဆိုတာတော့ တွေးရခက်သား။ ဒါပေမယ့် ဂျာနယ်ကျော်မမလေးရှိစဉ် ဆရာမ ရဲ့ ပထမ အိမ်ထောင်ရေး မအောင်မြင်တာကြောင့် စိတ်ထိခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဆရာမကြီးက စာသင်နေချိန်မှာ စာအကြောင်းကလွဲရင် အပိုစကားတွေ ပြောလေ့မရှိပါဘူး။ ပရော်ဖက်ရှင်နယ်ဆန်တယ်လို့ ပြောရမှာပေါ့။ ဒီတော့ စာသင်နေတဲ့ ကာလတလျှောက်မှာ မရွှေမိ ဂျာနယ်ကျော်မမလေး အကြောင်းကို တခါမှစပ်စုခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် မရွှေမိကိုတော့ သူ့ မိဘများရဲ့ စာပေကိုနှစ်သက်တဲ့ သူအနေနဲ့ ပဲ အသိအမှတ်ပြုလို့လားတော့မသိ ..ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့  သူ စာအုပ်ထွက်တော့ လက်ဆောင်ပေးဖူးပါတယ်။ ဂျာနယ်ကျော်မမလေး ရဲ့ သွေး စာအုပ်တစ်အုပ်လဲပေးဖူးတယ်။မင်းသားလေးစာအုပ်လဲပေးဖူးတယ်။

IMG_2402

ဒါထက်ပိုပြီးမှတော့ မရင်းနှီးခဲ့ပါဘူး။ ဆရာမ နားမကောင်းတာကလဲ အဟန့်အတားတစ်ခုပေါ့လေ။ ကိုယ်ကလဲစကားကို အော် ပြီးမှ မပြောနိုင်တာ။ တခါတလေ စိတ်ပါလက်ပါ နဲ့ ပြောပြတာတွေကျတော့လဲ ပြင်သစ်စာအကြောင်းပဲ။ ဆရာမကြီးဟာ သူ့ဘ၀ အချိန် စိတ်ဝင်စားမှု အားလုံးကို ပြင်သစ် စာပေမှာပဲ မြုပ်နှံပီးလုပ်ခဲ့တာပါ။ဆရာမကြီး က ခြေတစ်ဖက်လည်းမသန်ပါဘူး။ လမ်းလျှောက်ရင်တော်တော်ကိုအားယူပြီးလျှောက်ရတော့ သူကိုယ် တိုင်လဲအပြင်မထွက်ပဲ အိမ်မှာနေတာပဲများပါတယ်။ ပြင်သစ်စာပေကိုဖက်တွယ်ပြီး ဘ၀ကိုဖြတ်သန်းနေတယ်ဆိုရင် တောင်မှားမယ်မထင်ပါ ဘူး။

မရွှေမိတို့ စာသင်နေချိန်က ဂျာနယ်ကျော် မမလေး၏ မုန်း၍မဟူနှင့် သွေးစာအုပ်တို့ကို မြန်မာဘာသာမှ ပြင်သစ်ဘာသာကိုပြန်ခဲ့ပြီးပြီ။ ပြင်သစ် သဒ္ဒါ စာအုပ်ရေးနေတုန်း။ အဲဒီအတွက်တော့ ဆရာမကြီးက တော်တော်ဂုဏ်ယူပုံရတယ်။ အမေ့စာအုပ်တွေကို ပြင်သစ်လို ဘာသာပြန်နိုင်လို့ ။ စာရေးသူရဲ့ သမီးကိုယ်တိုင် ဘာသာပြန်တယ်ဆိုတော့ နိုင်ငံခြားက စာဖတ်သူတွေက စိတ်ဝင်စားကြတယ်တဲ့။ တကယ်တော့ မြန်မာစာဖတ်ပရိသတ်ကို မင်းသားလေး လို နာမည်ကြီးပြင်သစ်ဝတ္ထု တွေ၊ အခြားပြင်သစ်ဝတ္ထုတိုတွေနဲ့ မိတ်ဆက်ပေးခဲ့တာလဲ ဆရာမကြီး ဒေါ်ခင်လေးမြင့်ပါပဲ။ ဂျာနယ်ကျော် မျိုးဆက် အနေနဲ့   မျိုးဆက်တာဝန်ကို ကျေတယ်လို့  ပြောနိုင်ပါတယ်။

ဆရာမနဲ့ ပတ်သက်ပြီးအမှတ်ရနေတာတခု က တော့  မြန်မာသီချင်းတွေနဲ့ပတ်သက်ပြီးပါ။ တခါက သံရုံးကပါတီပွဲတခုကနေပြန်လာပြီး နောက်တရက်မှာ မရွှေမိ တို့ အတန်းချိန်ကိုး။ အဲဒီမှာ ၀ိုင်းထဲက အမကြီးတယောက်က တီချယ်ကြီး မနေ့က ပြင်သစ်သံရုံးကပါတီ ဘယ်လိုနေတုန်း…ဘယ်သူဘယ်သူတွေ နဲ့ မတွေ့ဘူးလား ဘာညာနဲ့ အာလာပသလာပ ဆိုပါတယ်။

ပျော်စရာတော်တော်ကောင်းတယ် ..တဲ့။ သီချင်းဆိုပါ ဆိုပြီးသံအမတ်ကြီး က အတင်းဆိုခိုင်းတာနဲ့ သီချင်းတောင်ဆိုခဲ့ရသေးတယ် တဲ့။ တယောက်က ဘာသီချင်းလဲ ပြင်သစ်သီချင်းလားပေါ့။ မရွှေမိကိုယ်တိုင်လဲ ဒီလောက် ပြင်သစ်ဆန်တဲ့ဆ၇ာမကြီး ပြင်သစ်သီချင်းဆိုခဲ့မယ်ပဲ တွေးမိတယ်။

မဟုတ်ဘူး…မေရှင်ရဲ့ ရွှေမိုးညို သီချင်း ကို ဆိုခဲ့တယ်ဆိုပဲ။ အို…အားလုံးက ဟားးး ဆိုပြီးသဘောတွေကျကြတာပေါ့။ မရွှေမိ လည်း တော်တော်ကြည်နူးသွားတယ် ။ ကိုယ်က နဂိုလဲ မြန်မာသီချင်းကြိုက်တော့။ အဲဒီမှာ ဆရာမကလဲ စိတ်ပါလာပုံနဲ့ ဟုတ်တယ် …ဆရာမက မဆိုခင် သီချင်းအဓိပ္ပာယ်ကို ဘာသာအရင်ပြန်ပြလိုက်တယ်တဲ့။ မိုးတွေရွာနေတဲ့ မြစ်ပြင်မှာ ချစ်သူနှစ်ဦးလှေကလေးတစ်စီးနဲ့ …ပျော်ကြပုံတွေကို ဘာသာပြန်လိုက်တော့ အားလုံးကသဘောကျကြလို့   Encore လုပ်တာနဲ့ ၂ ခါတောင်ဆိုခဲ့တယ်ဆိုပဲ။ အလွတ်လား၊တူရိယာနဲ့လားတော့ မမေးလိုက်ရဘူး။ ဆရာမကြီးကို ပြင်သစ်သံရုံးက သံအမတ်အဆက်ဆက်ကလည်း တော်တော်လေးစားကြပုံပါပဲ။

ဆရာမကြီးဆီမှာ ၂ နှစ်ကျော်သင်ပြီးနောက်တော့ သွားရတာအရမ်းလည်းဝေးတာတကြောင်း၊ ကိုယ်တိုင်လဲ အခြေခံပိုင်နေပြီဆိုပြီး ကျုရှင်ကို နားလိုက်ကြပါတယ်။ အဲဒီနောက် သွားလည်ဦးမယ် ဆိုပြီး သူငယ်ချင်းတွေနဲ့ အ မြဲပြောဖြစ်ပေမယ့် မေ၇ာက်မိခဲ့ဘူး။

နောက်ဆုံးမှာတော့ ဆရာမကြီး ဆုံးသွားတာကို ဦးမိုးဟိန်းရေးတဲ့ဆောင်းပါးရယ် ၊ဧရာဝတီက ဆောင်းပါးရယ် ဖတ်ပြီးပဲသိလိုက်ရတော့ တယ်။ ပြင်သစ်စာပေကို အလွန်မြတ်နိုး တန်ဖိုးထားတဲ့ ဆရာမကြီး တစ်ယောက် နောက်ဘ၀မှာလူုဖြစ်ရင် တောင် ပြင်သစ်စကားပြောတဲ့နိုင်ငံတွေမှာပဲ လူသွားဖြစ်မယ် ထင်တယ် လို့ မရွှေမိ တွေးနေမိပါတယ်။

October 25, 2009 at 6:31 pm 10 comments

ဂျာနယ်ကျော်မမလေး …မေတ္တာပန်းပွင့် …အစ်မကြီးဂျာနေဂျို..ပန်ချာပီမိန်းမချောနဲ့ တူတဲ့စာရေးဆရာမ (အပိုင်း ၂ )

ဆရာမြသန်းတင့် က ၁၉၄၅-၅၀ တစ်ဝိုက်လောက်ကတည်းက ဂျာနယ်ကျော်မမလေးနဲ့ လူချင်းခင်မင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ဂျာနယ်ကျော်မမလေး ၁၉၅၉ မှာ နောက်အိမ်ထောင်ပြုပြီးတော့လည်း သူ့နောက်အိမ်ထောင် ဦးအောင်ဇေယျနဲ့ က ရန်ကုန်တက္ကသိုလ်မှာ ကတည်းက ခင်မင်ခဲ့ကြတာမို့ စာပေမိတ်ဆွေသဘောမက ပုဂ္ဂ္ဂိုလ် ချင်း မိသားစုချင်းပါ ရင်းနှီးတဲ့ ဆက်ဆံရေး ပုံစံမျိုး လို့ ရေးထားပါတယ်။

ဒီလိုစာရေးဆရာ တစ်ယောက်က ရေးဖွဲ့ ထားတဲ့ပုံရိပ် ဆိုတော့ မရွှေမိ သိချင်သမျှ တော်တော်ကြီးကို စုံစုံလင်လင်ပါပါတယ်။ စာအုပ်ကတော့ ခပ်ပါးပါးပါပဲ။

IMG_2388

ဒီစာအုပ်ဟာ ဂျာနယ်ကျော်မမလေးရဲ့ ကိုယ်ရေးကိုယ်တာ ဘ၀၊စာပေဘ၀တွေကို အကောင်းဆုံးခြယ်မှုန်းထားတဲ့ စာအုပ်တစ်အုပ်လို့   ဆိုနိုင်ပါတယ်။

စာရေးဆရာမ၊ဂျာနယ်၊သတင်းစာထုတ်ဝေသူ၊တိုင်းရင်းမြန်မာ့ဆေးပညာကိုလေ့လာလိုက်စားပြီးကုသပေးသူ၊အဲဒီခေတ်ကြီးတုန်းက အမျိုးသမီးတွေထဲမှာရှားပါးလှတဲ့၊အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး နိုင်ငံရပ်ခြားခရီးသွား၊အလုပ်လုပ်နိုင်သူ စတဲ့ စာဖတ်သူတွေ အပေါ်ယံမြင်ရတဲ့ပုံရိပ်တွေ မကပဲ ခန်းဆီးနောက်ကွယ်က ဘ၀ ကိုပါမြင်အောင် ဖွဲ့ထားတဲ့စာအုပ်ပါ။

အလှအပ၊အကောင်းကြိုက်ပုံကို အိပ်ခန်းထဲက ဘီရိုမှာ ထဘီ အထည် ငါးရာလောက်ရှိပြီး အလဲလဲဝတ်တယ်၊မှန်တင်ခုံပေါ်မှာ အလှအပ အသုံးအဆောင် အကောင်းစားတွေအပြည့်၊ရယ်ဗလွန်နှုတ်ခမ်းဆိုးဆေးအရောင် အမျိုးမျိုး၊ခရစ်စယန်ဒီယော ရေမွှေးပုလင်း ဆိုက်စုံ၊ပေါင်ဒါဘူးမျိုးစုံကို တွေ့ ရတာနဲ့ သရုပ်ဖော်ထားတယ်။

၁၉၅၀ သူတို့ စခင်ကြတဲ့အချိန်မှာ ၀တ်စားဆင်ယင်ထားပုံကို တော့ ရှပ်အကျီလိုကော်လာ ပိုးပျော့ လက်ရှည် နံ့သာရောင်၊ အပြာရောင်ဂျော်ဂျက်ထမီ ၀တ်ပြီး ကြိုးသိုင်းဖိနပ် အဖြူရောင် ၀တ်ထားတယ် လို့  ရေးထားတယ်။

ခမ်းခမ်းနားနားနေထိုင်တတ်တာကိုတော့ …ကျယ်ပြန့်ခမ်းနားပြီး အနောက်တိုင်းဆန်တဲ့ ထမင်းစားခန်း၊ မှန်ပြတင်းကြီးများတွင် လိမ်မော် ရောင်ခန်းဆီးရှည်ကြီးတွေကာထားပြီး အခန်းထောင့်မှာ ဂျာမနီနိုင်ငံလုပ်ရေခဲသေတာ၊ပြောင်လက်တောက်ပတဲ့ မဟော်ဂနီရောင်ထမင်းစားစားပွဲ… ၊အိမ်ငှားနေတာတောင် သံအရာရှိတွေပေးတဲ့ လခမျိုး ပေးပြီး နေပုံ၊အစားအသောက်ကောင်းစားပုံ၊ ဆီတစ်ပိဿာ သုံးကျပ်ခေတ်မှာ အိမ်က မီးဖိုချောင်ဈေးဖိုးက တစ်နေ့   တစ်ရာလျော့မယ် မထင် စတာတွေနဲ့ ရုပ်လုံးဖော်ထားပြန်ပါတယ်။

ဒါတင်မကသေးဘူး။ ဂျာနယ်ကျော်မမလေးဟာ အနေအထိုင် အပြုအမူ လူမှုဆက်ဆံရေးမှာလည်း ဧည့်ခန်းထဲကို ၀င်လိုက်တာနဲ့ သူ့ကို လူတွေက စိတ်ဝင်စားလာအောင် ၊ အာရုံရောက်လာအောင် ဧည့်ခန်းထဲသို့ ခမ်းနားစွာဝင်ခြင်း (Grand Entrance) ကိုလည်း အတတ်ပညာတခု အနေနဲ့ တတ်တယ် လို့ ဆရာ မြသန်းတင့်က မှတ်ချက်ပေးထားပြန်ပါတယ်။

ဒါတွေကတော့ အရင် ဆောင်းပါးတွေမှာ မဖတ်ဖူးတဲ့ ကိုယ်ရေးကိုယ်တာတွေပေါ့လေ။ အဲဒီခေတ် က အမြင်နဲ့ ဆရာမြသန်းတင့်ကိုယ်တိုင်ကိုက ဂျာနယ်ကျော်မမလေး နေပုံထိုင်ပုံတွေကို စာရေးဆရာတစ်ယောက် အနေနဲ့ ခမ်းနားလွန်းတယ်လို့ ဝေဖန်ခဲ့တယ်တဲ့။ တစ်သက်လုံးက အကောင်းကြိုက်လာပြီး ခမ်းခမ်းနားနားနေလာတဲ့ ဂျာနယ်ကျော်မမလေး အတွက်တော့ သူမျှော်မှန်းသလိုဖြစ်ဖို့ မနားတမ်းကြိုးစားနေခဲ့တဲ့ပုံပါပဲ။

သားသမီးတွေအတွက်ကျပြန်တော့လဲ အဲဒီခေတ်က တတ်နိုင်သူလက်ငါးချောင်းတောင်မပြည့်တဲ့အချိန်မျိုးမှာ သားနှစ်ယောက်ကို ဒါဂျီလင်ထိတောင်ပို့ပြီး ကျောင်းထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သားသမီးသုံးယောက်အပေါ်မှာ သူမထားတဲ့ မျှော်မှန်းချက်တွေက လဲထင်သလိုမဖြစ်ခဲ့ဘူးလို့ဆရာက ဆိုတယ်။ဂျာနယ်ကျော်မမလေး ရဲ့ ဘ၀ ဟာ အောင်မြင်တဲ့မိန်းမ တစ်ယောက်ရဲ့ ကြေကွဲဖွယ်ဇာတ်လမ်းပါတဲ့။

ခြုံပြောရရင် ဒီစာအုပ် ကလေးဟာ ဂျာနယ်ကျော်မမလေးရဲ့  ဘ၀ခရီးအတက်အကျတွေကို ဘက်မလိုက် အမှန်အတိုင်း ဘေးလူတစ်ယောက်က မြင်တဲ့အတိုင်းရေးထားလို့  မရွှေမိ အတွက် တော့ ဒီနေ့ ထိပြန်ပြန်ဖတ်နေမိတဲ့ စာအုပ်တစ်အုပ်ပါ။ အလွတ်ရသလောက်တောင်ရှိနေပြီ။ 😛

ဒီလောက်ဆို မရွှေမိရဲ့ ဂျာနယ်ကျော်မမလေး ဋီကာ ပြီးသင့်ပြီပေါ့နော်။ ဒါပေမယ့် မပြီးသေးပါဘူး 😛 မရွှေမိပြောခဲ့တယ်လေ ။ တခုခု ကိုကြိုက်မိပြီ ဆို အသဲအသန် လုပ်တတ်ပါတယ်ဆိုတာ ။

ဆောင်းပါးတွေအရ ဂျာနယ်ကျော်မမလေး မှာ သားသမီး ၃ ယောက်ရှိတယ်။ ဒေါ်ခင်လေးမြင့်၊ဦးသိန်းတန်၊ဦးမိုးဟိန်း. ။ အဲဒီမှာ ဦးသိန်းတန်ကတော့ ကွယ်လွန်သွားပြီ။

မရွှေမိ ရန်ကုန်ရောက်တော့ ၁၉၉၉ လောက်ပါ။ အဲဒီမှာ ဘာလုပ်လဲဆိုတော့ ဒေါ်ခင်လေးမြင့် ကို အရမ်းတွေ့ဖူးချင်တာ။ ဘာရယ်တော့မဟုတ် ကိုယ်ဒီလောက် သဘောကျတဲ့စာရေးဆရာမကြီးကို မမှီလိုက်ပေမယ့် သူ့ သားသမီးတွေကိုတော့ တွေ့ဖူးချင်တယ်လေ။ ဆောင်းပါးတွေမှာ ရေးထားလို့ တောင် အလွတ်ရတော့မယ်။ ဒေါ်ခင်လေးမြင့်အကြောင်း ကို လုံမေပျို နဲ့ နောက်ဖေးပေါက်ဆိုပြီးရေးထားတာ ရှုမ၀မှာဖတ်ဖူးတာကိုး။ အဲဒီအချိန်က ရာပြည့်စာအုပ်တိုက်ကတောင် ဂျာနယ်ကျော်မမလေးရဲ့ ဘ၀ပုံရိပ် စာအုပ်ကိုမထွက်သေးဘူး။

ဒီတော့ ဖတ်ဖူးတာတွေအရ ဒေါ်ခင်လေးမြင့် က ပြင်သစ်သံရုံးမှာလုပ်တယ် ဆိုတာသိရတယ်။ ပြင်သစ်သံရုံးကိုဖုန်းဆက်ကြည့်တော့ ပင်စင်ယူသွားပြီတဲ့။ ဒါနဲ့ လိပ်စာမေးလိုက်တယ်။ လိပ်စာက သင်္ကန်းကျွန်း ၁၆-၄ ရပ်ကွက်တဲ့။ အမယ်လေး ကြားတောင်မကြားဖူးဘူး။ ဒါပေမယ့် စိတ်မလျှော့ပါဘူး။ အဲဒီလိပ်စာနဲ့ စာရေးထည့်လိုက်တယ်။ သမီးက ဂျာနယ်ကျော်မမလေး ကို အရမ်းသဘောကျတဲ့စာဖတ်သူပါ၊ အန်တီ့အကြောင်းတွေလဲဖတ်ဖူးပါတယ်…ဘာညာဘာညာ…ပေါ့။စာကအရှည်ကြီးပဲ။ ကိုယ့်ဖုန်းနံပါတ်လေးပါ ထည့်ပေးလိုက်သေး။ ဆက်ချင်လဲဆက်ခဲ့နိုင်အောင်ပေါ့။

အသက် ၁၈နှစ်လောက်က လုပ်ချင်တာလုပ်ခဲ့တာတွေကလဲ အခုနေပြန်တွေးတော့ ပြုံးချင်စရာပဲ။ ခုသာ အဲလိုလုပ်ပါဆို ရှက်နေမှာနဲ့ လုပ်ဖြစ်မယ်မထင်။

နှစ်ပတ်လောက်နေတော့ ဒေါ်ခင်လေးမြင့်ကိုယ်တိုင်ဖုန်းဆက်ခဲ့တယ်ရှင့်။ မရွှေမိက သူ့အကြောင်းရေးထားတဲ့ ဆောင်းပါးကိုထည့်ပြောထားတော့ အဲဒီဆောင်းပါးတောင် သူ့မှာ မရှိတော့ဘူးတဲ့။ ဖြစ်နိုင်ရင်ရချင်တယ်တဲ့။ ဒီကလဲ ပေးချင်နေတာနဲ့ ဖုန်းနဲ့ချိန်းလိုက်ပြီး တစ်ရက် အိမ်လာခဲ့ပါမယ်ပေါ့။ အမယ်..အဲဒီတုန်းကများ ဖုန်းပြောတာ ရင်တွေခုန် အသံတွေတောင်တုန်လို့    😛

ဒါနဲ့ပဲ ရန်ကုန်ေ၇ာက် စ မလည်မ၀ယ်မှာမှ သင်္ကန်းကျွန်းထိဆိုတော့ ပိုဆိုး ။ အိမ်က အမကို အဖော်ခေါ်ပြီး စမ်းတ၀ါးဝါး သင်္ကန်းကျွန်းကိုသွားကြရော။

အိမ်ကိုတော်တော်ရှာလိုက်ရတယ်။ ရပ်ကွက်လေးတွေထဲမှာ လမ်းလေးတွေကလဲ ဟိုကွေ့ ဒီပတ်နဲ့ ဆိုတော့။ နောက်ဆုံးတော့ တွေ့ ပါပြီ။ အိမ်လေးက ၀င်းမရှိဘူး။ နှစ်ထပ်အုတ်တိုက်လေး။ ရန်ကုန်ဆင်ခြေဖုန်းရပ်ကွက်လေးတွေထဲမှာတွေ့ ၇တတ်တဲ့ သာမန်အိမ်ပုံမျိုးလေးပဲ။

အိမ်ကိုတွေ့ တော့ အံ့သြသွားမိတယ်။ ကိုယ့်စိတ်ထဲမှန်းထားမိတာက ပြင်သစ် ဆိုဘွန်းတက္ကသိုလ်ကနေတောင် ပါရဂူဘွဲ့ရခဲ့တဲ့ ဒေါက်တာ၊ ဂျာနယ်ကျော်မမလေးလို ခမ်းခမ်းနားနား နေလာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ သမီး အနေနဲ့  တိုက်ကြီးတာကြီးကိုမမှန်းတောင်မှ နဲနဲ decent ဖြစ်တဲ့အိမ်မျိုးလေးပေါ့နော်။ ထားပါလေ။ ဒါတွေပြောနေရင် အပေါ်ယံပကာသန ကိုမက်တယ်လို့ဖြစ်နေပါမယ်။ ဒါပေမယ့်လို့ ရင်ထဲမကောင်းလှတာ အမှန်ပဲ။

ဒေါ်ခင်လေးမြင့် ကိုတွေ့ရတာတော့ မှန်းထားတဲ့ရုပ်အတိုင်းပဲ။ ဂျာနယ်ကျော်မမလေးနဲ့   ပိုဆင်ပေမယ့် ဆရာမကြီးရဲ့ မျက်နှာက မထန်ပဲ ချိုသာတယ်လို့ ပြောရမယ်။ ပြင်သစ်ဆန်ဆန်မျက်နှာမျိုး ။အဲခေတ်က ဒီဂျီတယ်ကင်မရာတွေခေတ်မစားတော့ ဆရာမကြီးပုံတွေကို မရလိုက်ပါဘူး။ သိချင်ရင်တော့  La Vie En Rose ဇာတ်ကားရဲ့  ဇတ်ကောင် ပြင်သစ်အဆိုတော် Édith Piaf ရဲ့ ရုပ်နဲ့ တော်တော်ဆင်တယ်ပြောလို့ရပါတယ်။
edith_piaf_02

အဲဒီလိုပဲ အပြင်မှာ မျက်ခုံးမွေးသေးသေးဆွဲ ၊နှုတ်ခမ်းနီဆိုး၊လှလှပပပြင်ပြီး မျက်နှာချိုပါတယ် ။ မျက်နှာပုံစံက မြန်မာသိပ်မဆန်ပါဘူး။

ဆရာမကြီးအကြောင်း နောက်တပုဒ်ဆက်ရေးပါဦးမယ်။ 😛

October 25, 2009 at 5:31 pm 2 comments

ဂျာနယ်ကျော်မမလေး …မေတ္တာပန်းပွင့် …အစ်မကြီးဂျာနေဂျို..ပန်ချာပီမိန်းမချောနဲ့ တူတဲ့စာရေးဆရာမ (အပိုင်း ၁ )

ဂျာနယ်ကျော်မမလေး(၁၉၁၇-၁၉၈၂) က မရွှေမိ အနှစ်သက်ဆုံး စာရေးဆရာမပါ။ ဒီလိုပြောလို့ မထူးဆန်းလှပါဘူး။ ဒီနေ့ အချိန်ထိ ဂျာနယ်ကျော် မမလေးကို သဘောကျတဲ့ စာဖတ်သူတွေက အများကြီးရှိတာပဲလေ။

သူ့ကို သဘောကျတာက ရေးတဲ့စာတွေကို သဘောကျတာထက် လူကို သဘောကျတယ် ၊စာရေးသူရဲ့ ဘ၀ပုံရိပ် ကိုစိတ်ဝင်စားတယ် လို့ ပြောမှ ပိုမှန်မယ်ထင်တယ်။ ပုဂ္ဂိုလ်ရေးအရသဘောအကျဆုံး စာရေးဆရာမ တစ်ယောက်ပါပဲ။ တခြားစာရေးကောင်းတဲ့ စာရေးဆရာတွေကို စာတွေကိုကြိုက်ပေမယ့် ဘ၀ကို ဒီလောက်စိတ်ဝင်စားလှတယ်မရှိမိဘူး။

ဘာလို့ ဒီလိုခွဲပြောလဲ ဆိုတော့ မရွှေမိ အမေနဲ့  ငြင်းခဲ့ ခုံခဲ့ရ တာကို သတိရနေလို့ ပါ ။ ဆယ်တန်းဖြေပြီး အားနေတဲ့အချိန်မှာ စာအုပ်ပုံတွေထဲခေါင်းစိုက်လို့   ဂျာနယ်ကျော်မမလေးရဲ့ စာ တွေ ကို ရှုမ၀ ကနေဖတ်ပြီး သဘောကျ  စိတ်ဝင်စားနေတဲ့အချိန်ပေါ့။ အမေက ပြောတယ် ခင်နှင်းယု၊ခင်ဆွေဦး တို့ က ပိုပြီး စာရေးကောင်း၊ရေးနိုင်တာ နင်မယုံရင်ယှဉ်ဖတ်ကြည့်တဲ့။ အင်း…ဟုတ်တော့လဲဟုတ်တယ်။ ခင်နှင်းယုရဲ့ ပန်းပန်လျက်ပါ ဆို လက်ကမချချင်ပဲ စာလုံးလေးတွေကိုစွဲနေတာကိုး။ခင်ဆွေဦးရဲ့ လုံးချင်းတွေဆိုတာလဲ ဖတ်လို့ မ၀အောင်ပဲ။ ဒါကိုတော့ လက်ခံတယ်။ ဒါပေမယ့် ဂျာနယ်ကျော်မမလေး က အကောင်းဆုံး လို့ ပဲ ကိုယ်ကလဲမျက်စိမှိတ် ငြင်းတာပဲ။ အဲဒီမှာ အမေက ပြောတယ်။ နင်ဂျာနယ်ကျော်မမလေးကို သဘောကျတာက ပုဂ္ဂိုလ်စွဲ ဖြစ်နေတယ် ဆိုပဲ။ ဟက်ဟက်…ဟုတ်ပါတယ်။ မငြင်းပါဘူးလေ။

ဂျာနယ်ကျော်မမလေး ရဲ့ သူလိုလူ တို့   ရင်နင့်အောင်မွှေး တို့  …သူမ၊ သွေး…အဲဒီစာအုပ်တွေဖတ်လို့ ဘယ်လိုကောင်းတယ် ဘာညာ ဆိုတာတွေတော့ မပြောတော့ပါဘူး။ ဒီနေ့ အထိကို ပြန်ထုတ်ပြီး အောင်မြင်နေတဲ့ စာအုပ်တွေပဲလေ။ ဂျာနယ်ကျော်မမလေး စာအုပ်တွေကို ဖတ်ဖူးသူတိုင်းလဲသိကြပါတယ်။

ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရ စိတ်ဝင်စားတဲ့မရွှေမိ တစ်ယောက် ဂျာနယ်ကျော် မမလေး ရဲ့ ပုံရိပ်ကို ခေတ်ပြိုင်စာရေးဆရာတွေ၊အခြားစာရေးဆရာ တွေ ဘယ်လို ခြယ်မှုန်းလဲ ၊ဘာတွေရေးကြလဲ ၊ဘယ်လိုမြင်လဲ ဆိုတာတွေကို မျှဝေချင်လို့ ရေးတာပါ။

ပထမဆုံး ဖတ်ရတာ က ဒဂုန်တာရာရဲ့   ရုပ်ပုံလွှာ မှာပါတဲ့ ဂျာနယ်ကျော်မမလေး သို့မဟုတ် မေတ္တာပန်းပွင့် ဆိုတဲ့ဆောင်းပါးပါ။ အဲဒီမှာ တော့ ဒဂုန်တာရာ ရဲ့ အဖွဲ့  အနွဲ့ နဲ့ ဂျာနယ်ကျော်မမလေးရဲ့ စာရေးဆရာဘ၀၊ စာပေအမြင် ၊ အခက်အခဲတွေကြားက မိန်းမသားတစ်ယောက်အနေနဲ့ ဘယ်လောက်ရုန်းကန်လှုပ်ရှားပြီး ဂျာနယ်ကျော်ကို ထုတ်ရသလဲဆိုတာတွေ၊ ဂျာနယ်ကျော်မမလေး အစွဲအလမ်း ကြီးတတ်တာ၊ မေတ္တာစိတ်ထားတတ်တာ စတာတွေကို ဆောင်းပါးတစ်ပုဒ်စာ တစ်ဝဖတ်လိုက်ရတယ်။ နဲနဲ တော့ ကျေနပ်သွားပြီ။

နောက် တစ်ခါ တွေ့လာပြန်တာ က သော်တာဆွေက အမကြီးဂျာနယ်ကျော်မမလေး ကို ချစ်ခင်စွာနဲ့ သူ့ရဲ့ ၀တ္ထု တွေထဲမှာ ထည့်သွင်းကျီစားတာကို ဖတ်ရတာပါပဲ။ 😛

ဖိုးသော်တာ စန္ဒာလကိုကွယ် ဆိုတဲ့ ၀တ္ထု မှာ သူက ဂျာနယ်ကျော်မမလေး ရဲ့   ပုံရိပ်တချို့ကို အခုလိုထည့်ထားပါတယ်။

ဒီမှာရှင့်…..ကျွန်မက မိန်းမသားဖြစ်ပါတယ် ….အစ်မကြီးဂျာနေဂျိုက လုပ်လေရာ သန်းဆွေဂျပုက “အံမာ ခုခါမှ မိန်းမသားလဲ ဟိုတုန်းကတော့ဖြင့် ကျွန်မစိတ်ထဲ ကျားရယ် မရယ် မခွဲဘူး…နေရဲသွားရဲတာပဲဆိုပြီး “

“ဒါကဒီလိုရှိပါတယ်ရှင့် “…. အစ်မကြီးဂျာနေဂျိုသည် သူ့ဟန်အတိုင်း လက်ဝါးလေးဖြန့် ကာ ( လွန်ခဲ့တော့ သင်းလုံးကျွတ်အစည်းအဝေး က ဒဂုန်ရွှေမျှားသည် ယောကျာ်းရင့်မကြီးဖြစ်ပါလျက်နဲ့  ကျုပ်ဟာ ဒေါ်တင်လှိုင် အပြောကောင်းတာနဲ့ နားယောင်မိပါတယ်ဟု ၀န်ခံရလောက်အောင်) လေပြေဖြန်းတော့မည် အပြုတွင် …

ဂျာနေဂျို အစ်မကြီးသည် နှုတ်ခမ်းတော် နီတျာတျာကို စုတ်ချွန်းချွန်းထားပြီး စီးကရက်လက်ကြားညှပ်နေသည်။

ဒီဝတ္ထု လေးဖတ်လိုက်တာနဲ့တင် သော်တာဆွေကလည်း ပေါ့ပေါ့ပါးပါး အရေးကောင်းတော့ မရွှေမိစိတ်ကူးပုံဖော် နေတဲ့ ဂျာနယ်ကျော်မမလေး ရဲ့ ပုံက ပိုပေါ်လာတယ်။  စီးကရက်သောက်တာ ၊နှုတ်ခမ်းရဲနေအောင်ဆိုးတတ်တာ၊စကားပြောကောင်းတာ စသဖြင့်ပေါ့။

IMG_2393

နောက်တစ်ပုဒ်ကတော့ ဆရာပါရဂူ ဖွဲ့ တဲ့ ဂျာနယ်ကျော်မမလေး အကြောင်းပါ။ အဲဒါကိုတော့ ပါရဂူ ရဲ့    ပရကထာ ဆိုတဲ့ စာအုပ်ထဲမှာတွေ့ရ တာပါ။ ဆရာပါရဂူကျတော့ စာရေးတဲ့ စတိုင်နည်းနည်းလေး ပေမယ့် ပန်ချာပီမိန်းမချောနဲ့ တူတဲ့စာရေးဆရာမ ဆိုပီး နယူးဒေလီ အာရှ စာရေးဆရာများညီလာခံမှာ ဂျာနယ်ကျော်မမလေး ဘယ်လောက်ပေါ်ပြူလာဖြစ်ခဲ့ပုံ၊အခြားနိုင်ငံက စာရေးဆရာတွေက ခင်များတို့ မြန်မာအမျိုးသမီးစာရေးဆရာမ က တယ်ချောပါလား ဆိုပြီးချီးကျုးကြတယ် ဆိုတဲ့အကြောင်း ကိုဖွဲ့ ထားတာပါ။ အဲဒါလေးလဲ ဖတ်လို့ ကောင်းတယ်။

အဲဒီ သုံးပုဒ်လုံးက ဆောင်းပါး၊၀တ္ထု အနေနဲ့ ရေးတာဆိုတော့ ဖတ်ရတာ က မတင်းတိမ်ဖူးဖြစ်နေတယ်။ ဂျာနယ်ကျော်မမလေး ကိုယ်တိုင်ရေးတဲ့ သူ့ မိသားစုအကြောင်းဆောင်းပါးတွေလည်း ဖတ်ပါရဲ့ ။ ဒါပေမယ့် လူတစ်ယောက် အကြောင်းဆိုတာ ကိုယ်တိုင်ပြောတာရော၊သူများတွေပြောတာ ပါနားထောင်ရမှသာ ပို ပြည့်စုံတယ်ထင်ရတာကိုးရှင့်။

အဲဒီမှာ မမျှော်လင့်ပဲ ထွက်လာတဲ့ စာအုပ်က ဆရာမြသန်းတင့် ရဲ့    ကျွန်တော်နဲ့ ဂျာနယ်ကျော်မမလေး ဆိုတဲ့ စာအုပ်လေးပါ။ အဲဒီစာအုပ်ထွက်တာ ၂၀၀၃ တုန်းကပေါ့။ လုံမလေး မှာပါတဲ့ အခန်းဆက်ဆောင်းပါးကို ပထမအကြိမ်စာအုပ်ပြန်ထုတ်တာပါ။

October 25, 2009 at 4:33 pm 2 comments

ဘိလပ်ပြန်သန်း ရဲ့  ခင့်စိတ်ကူး

ဘယ်ဆီကိုလွမ်းရမည် ….ငွေစန္ဒီ ထွန်းလင်းတော့သည် ဖော်ကွာဝေး တေးကိုသီ သဉ္ဖာလီ ခန်းဆောင်ကြာခြည် …

ကြယ်ရောင်စုံ အသွေးကညီ ချိန်နာရီ ပြောင်းလဲခဲ့ပြီ …အာရုဏ် ကျင်းလင်းတော့မည် ….

ငွေရောင်သော်တာလင်းသည် တကယ်ပင်ရော်ရမ်းကာ မှန်းရည် ဘယ်ဝယ်ဘယ်ဆီလွမ်းရမည် အမှန်ပင်စိတ်ကသာရည် ..

ငွေရောင်သော်တာလင်းသည် တကယ်ပင်ရော်ရမ်းကာ မှန်းရည် ဘယ်ဝယ်ဘယ်ဆီလွမ်းရမည် တကယ်ပင် ခင်စိတ်ကူးသည်….

တွန်သံချိုပါသည် ညငှက်လေးတွေသီ ခွန်းနှုတ်ဆက်ပြီ တွဲယှက်လို့သာနေမည် … တူနွဲကာစုံညီ ပျံဝဲပါသည် သိုက်နန်းမှာ ရွှင်ကြည် ကူးသန်းကြသည်

ငွေရောင်သော်တာလင်းသည် တကယ်ပင်ရော်ရမ်းကာ မှန်းရည် ဘယ်ဝယ်ဘယ်ဆီလွမ်းရမည် အမှန်ပင်စိတ်ကသာရည် ..

ငွေရောင်သော်တာလင်းသည် တကယ်ပင်ရော်ရမ်းကာ မှန်းရည် ဘယ်ဝယ်ဘယ်ဆီလွမ်းရမည် တကယ်ပင် ခင်စိတ်ကူးသည်….

ဇမ္ဗူဒီ လူသံများတိတ်ဆိတ်နေသည် တကမ္ဘာလုံးအိပ်ကြလေပြီ … အာကာတိုင်းမှိုင်းလို့သာရီ ….

တောင်ပေါ်ဆီ ၀င်းဝင်းထိန်ကြည် ငွေသော်တာထွန်းလင်းသည် တိမ်အာကာနန်းမြင့်ဘွေမဟီ ၀ဠာဆီမှာ ရောင်နီလာပြီ…….

ငွေရောင်သော်တာလင်းသည် တကယ်ပင်ရော်ရမ်းကာ မှန်းရည် ဘယ်ဝယ်ဘယ်ဆီလွမ်းရမည် အမှန်ပင်စိတ်ကသာရည် ..

ငွေရောင်သော်တာလင်းသည် တကယ်ပင်ရော်ရမ်းကာ မှန်းရည် ဘယ်ဝယ်ဘယ်ဆီလွမ်းရမည် တကယ်ပင် ခင်စိတ်ကူးသည်….

ဒီတလော တချိန်လုံးနားထောင်နေဖြစ်တဲ့ ဘိလပ်ပြန်သန်း ရဲ့    ခင့်စိတ်ကူး ဆိုတဲ့ သီချင်းလေးပါ။ နားထောင်ရင်းမှတ်မိသလောက် ကိုပြန်ရေးထားတာ။ စာသားလေးတွေကိုလဲသဘောကျလို့။ ကာရံညီညီလေး နဲ့ စပ်ထားတာလေးကချစ်စရာကောင်းတယ် ။ စာဆိုကတော့ ဘိလပ်ပြန်သန်းရဲ့ သီချင်းတွေကို အများဆုံးရေးစပ်ပေးခဲ့တဲ့ ဆရာရွှေတိုင်ညွန့် ပါ ။

ဒီသီချင်းက ကော်ပီသီချင်းပါ။ Blue Moon (1935) – Connie Boswell & Victor Young Orchestra တို့   သီဆိုထားတဲ့သီချင်းကို မြန်မာမှုပြုထားတယ်လို့    မိတ်ဆွေတယောက်ရဲ့ အင်ဖို အရသိရပါတယ်။ အော် အဲဒီကတည်းက ကိုကော်ပီတွေခေတ်စားခဲ့တာကိုး ။ 😀

ဒါပေမယ့် ဘိလပ်ပြန်သန်းရဲ့ အသံ ဆိုဟန်၊ စာသားတွေကို ပိုကြိုက်တဲ့အတွက် ခင့်စိတ်ကူး ဆိုတဲ့သီချင်းကိုပိုကြိုက်တယ်။ ရှေးအဆိုတော်ကြီး တွေထဲမှာ ဘိလပ်ပြန်သန်းကို အကြိုက်ဆုံးပဲ။ ဒုတိယက တော့ဒေါ်မေရှင်ပေါ့။ ဒေါ်မေရှင့် အသံလေးကတော့ နူးညံချိုသာပြီး အေးအေး ဆေးဆေးလေး။နားထောင်ပီး ရင်ထဲအေးသွားတဲ့အသံမျိုးပေါ့။

ဘိလပ်ပြန်သန်းရဲ့ အသံကတော့ ဆွဲဆောင်မှုအရမ်းရှိတဲ့အသံလို့ ပြောရမလားတော့မသိဘူး။ မဖော်ပြတတ်ဘူး။ ကြိုက်ချင်လို့ကိုကြိုက်နေမိတယ်လို့ သာပြောပါရစေတော့။ မရွှေမိက ကြိုက်မိရင်လဲ အသဲအသန်ကို ကြိုက်တတ်ပါတယ်။ ဘိလပ်ပြန်သန်း (ဒိုရာသန်းအေး၊ မသန်းဧ၊ Ma Than E) ကို အသံလဲကြိုက်တယ် ၊ရုပ်ကိုလဲကြိုက်တယ်၊ အရည်အချင်းတွေကိုလဲသဘောကျတယ်။ဟုတ်ကဲ့- ကိုယ်တိုင်က သာမာန်အမျိုးသမီး တယောက်ပေမယ့် ထက်မြက်ထူးချွန်တဲ့ အမျိုးသမီးများကို လေးစားအားကျပါတယ်။ 🙂 အောက်က တော့ ဘိလပ်ပြန်သန်းရဲ့ နုပျိုစဉ်ကပုံပါ။ ဒီပုံကိုသဘောကျတယ်လို့ ပြောတာပါရှင့်။

ဒါလေးကတော့ မိုးမခ က သိရတဲ့ အချက်အလက်လေးပါ။

မြန်မာအမျိုးသမီးတွေထဲက လန်ဒန်ကနေ ၁၉၃၀ ကတည်းက M.Ed. ဘွဲ့ရ၊ နိုင်ငံရေးသမားကြီးတွေရဲ့ ပုဂ္ဂိုလ်ရေး လေးစားမှုခံရ (ဒဂုန်တာရာ၊ သိန်းဖေမြင့်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု)၊ UN မှာ ပထမဦးဆုံး မြန်မာအရာရှိ၊ ဂန္ထ၀င်မြောက် ခေတ်ဟောင်းသီချင်း အဆိုတော် တယောက် ဘ၀ဟာ စိတ်ဝင်စားစရာပါ။

မြပန်းခွေ၊ လှေကလေး၊ ဆောင်းကတ္တီပါလို အချစ်သီချင်းတွေသာမက မိန်းမမြတ်၊ မိဖုရားစောလို အမျိုးသမီးသီချင်းတွေ ဆိုခဲ့သူ၊တချိန်တုန်းက ဘုရင်ခံဘေးမှာ ထိုင် မြန်မာရုပ်ရှင်ကြည့်ပြီး ဘာသာပြန်ပေးခဲ့၊ ဘိုဆန်တယ်လို့ နာမည်ကြီးခဲ့ပေမယ်. TTC ဆရာမဘဝမှာ သမဂ္ဂ ရန်ပုံငွေ ရုပ်ရှင်မှာ သရုပ်ဆောင်ပေးဖို့ သဘောတူခဲ့။……………….


blthan01_thumb.2007 June အသက် ၉၉ နှစ်အရွယ်မှာ အင်္ဂလန်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့   ဧရာဝတီမှာဖတ်လိုက်ရတယ်။

ဘိလပ်ပြန်သန်းအကြောင်း ဒဂုန်တာရာ ၊ဆရာပါရဂူ တို့  အနည်းငယ်စီ ရေးသားထားတဲ့ဆောင်းပါးလေးတွေကတော့ စာအုပ်တွေထဲမှာပြန်ရှာနေရမှာ မို့ မထည့်ဖြစ်တော့ဘူး။

သီချင်းနားထောင်ချင်တဲ့သူတွေအတွက် ဒီလင့်  ကနေ ဒေါင်းနိုင်ပါတယ်ရှင် 🙂

ခုမှစလုပ်ခါစမို့ လင့်တွေ ထည့်တာ သိပ်မသိသေးလို့   …. :

October 24, 2009 at 8:44 pm 3 comments

ခရုအိမ်…

မရွှေမိရဲ့ အကျင့်တစ်ခုက တော့ ညအိပ်ခါနီးမှာ စာအုပ်တအုပ်အုပ်ကို ဖတ်လိုက်ရမှအိပ်ပျော်တဲ့အကျင့်ပါ။ စာအုပ်မဖတ်ပဲ အိပ်လိုက်ရရင် တော်တော်နဲ့အိပ်မပျော်ပြန်ဘူး။ ဒီတော့ အိပ်ယာဘေးမှာ စာအုပ်တွေပုံထားပီး ကိုယ်ကြိုက်တဲ့ ဖီလင်လာနေတဲ့စာအုပ် တအုပ်အုပ်ဖတ်လိုက်ရမှ စိတ်ကျေနပ်သွားပီး အိပ်ပျော်သွားတယ်။

စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးမိတာတော့ စာဖတ်တယ်ဆို တာ နာမ်ရုပ်ကို အစာကျွေးခြင်းတမျိုးပါပဲတဲ့။ အသက်ရှင်ဖို့ အစားအသောက်စားရတယ်။ ဒီလိုပဲ စိတ်ပိုင်းဆိုင်ရာ အတွက် စာအုပ်တွေဖတ်ပေးရတယ်တဲ့။ အင်း …ဒီစကားက မရွှေမိလို စာဂျပိုးအတွက်တော့ အတိအကျမှန်တယ်။ စာဖတ်ဝါသနာမပါတဲ့သူတွေအတွက်တော့ မှန်မယ်မထင်ဘူး။ ဒါပေမယ့် ဒီခေတ်ကြီးမှာ entertainment တွေကပေါပါတယ်လေ။ စာမဖတ်လဲလုပ်စရာတွေမှ အများကြီးပဲဟာ။

မရွှေမိ ဖတ်တဲ့စာတွေကလဲ စာကြီးပေကြီးတွေရယ်တော့မဟုတ်ပါဘူး။ ဒီတော့ကာ စာအုပ်တွေအကြောင်းပြောချင်တယ်ဆိုပေမယ့် တကယ့် စာပေ၀ါသနာရှင်ကြီးတွေလိုတော့ ဝေေ၀ဆာဆာဘယ်ပြောနိုင်မှာလဲ။ ကိုယ်ဖတ်မိတဲ့စာအုပ်လေးတွေ ဖတ်ပြီး ခံစားမိ တွေးမိတာလေးတွေကို ပဲ ပေါ့ပေါ့ပါးပါးပြောချင်တဲ့သဘောပါပဲ။

ရန်ကုန်ပြန်တုန်းက စာအုပ်ဆိုင်တွေ ပတ်ကြည့်တော့ တချို့ စာအုပ်တိုက်တွေက ရှေးကစာအုပ်အထူကြီးတွေကို ပြန်ထုတ်လာကြတာတွေ့ရတယ်။ အဲဒီထဲမှာ မမျှော်လင့်ပဲတွေ့မိတာက စာရေးဆရာ ကိုကို (၁၉၂၂-၁၉၉၂)ရဲ့    ခရုအိမ် ဆိုတဲ့ စာအုပ် အထူကြီး။ ရာပြည့်စာအုပ်တိုက်က တတိယအကြိမ်ပြန်ထုတ်တာပါ။

IMG_2384

စာရေးဆရာ ကိုကို ရဲ့ လက်ရာတွေကိုတော့ ရှုမ၀ မဂဇင်းအဟောင်းတွေမှာဖတ်ဖူးတယ်။ ဒါပေမယ့် လုံးချင်းစာအုပ်ကိုတခါမှမဖတ်ဖူးဘူး။ ဒီတော့ ၀မ်းသာအားရနဲ့ ၀ယ်ခဲ့ရတယ်။ အဲဒီညက မနက်သုံးနာရီမှ အိပ်ဖြစ်တော့တယ်။ စာအုပ်ကိုလက်ကမချနိုင်တာနဲ့။ မရွှေမိကလည်း လျှို့ဝှက်သည်းဖို စာအုပ်တွေကြိုက်တတ်တာနဲ့ ကွက်တိပဲ။

စာအုပ်အကြောင်းတော့အရှည်ကြီးရေးမနေတော့ပါဘူး။ လျှို့ဝှက်သည်းဖို ကြိုက်တတ်တဲ့(စုံထောက်မဟုတ်ဘူးနော်) သူတွေတော့ တော်တော်ကြိုက်မယ်။ မောင်သိန်းဆိုင်ရဲ့ ခင်ပပမြိုင် ၀တ်ထုလို ပုံစံမျိုးမှာ ဒီစာအုပ်က စာမျက်နှာ ၆၀၀ နီးပါးရှိတဲ့စာအုပ်ထူကြီး။ ဖတ်ပေတော့ အားပါးတရပဲ။

အင်း…အမြည်းလေးပေးရမယ်ဆိုရင်တော့ စာအုပ်နောက်ကဟာကိုပဲကူးပေးလိုက်မယ်။ ကိုယ်ပြောနေရင်မှ အရသာမပေါ်ပဲနေမယ် ။

အိမ်ကြီးတစ်အိမ်အတွင်းယောကျာ်းရင့်မကြီး ၂ ဦး၏ လုပ်ကြံမှုစက်ဝိုင်းမှ ရုန်းမရ ကန်မရ မရှုနိုင် မကယ်နိုင် ဖြစ်နေရရှာသော မိန်းမငယ်နှစ်ဦး၏ စိုးရွံ့ ထိတ်လန့် ရင်နင့် ကြေကွဲဖွယ် တွန်းထိုးလှုပ်ခတ်မှုများ ………။ အံဘနန်းဇတ်အိမ် တုန်လှုပ်ဖွယ် အဖြစ်အပျက် ချောက်ချားဖွယ်တွေ့အကြုံ….တထိတ်ထိတ်ဖြင့် ရင်နင့်အောင်ဖတ်ရမည့် လက်ေ၇ွးစင်မြန်မာ ၀တ္တုရှည်ကြီးတစ်ပုဒ် တဲ့….။:P

အမယ်..သူတို့ ညွန်းတာတောင်လိုနေသေး။ တကယ်ဖတ်ရတာ ရင်တွေ မော စိတ်တွေမော နဲ့ မြန်မြန်ပီးပီး အားလုံးဘေးရန်ကင်းသွားမှပဲ ဟင်းချနိုင်တော့တယ်။ အော် -သုခ သုခ စာဖတ်လို့ရတဲ့ သုခတွေပေါ့လေ။ ခက်တာက အဲလို ရင်ထိပ်သည်းဖို စာအုပ်တွေကျတော့ ခဏခဏပြန်ဖတ်လို့ အရသာမရှိတော့ပြန်ဘူး။ ဟုတ်တယ်လေ ကိုယ်ကဇတ်လမ်းသိနေပီကိုး.။ ပထမအကြိမ်ဖတ်ရလို့က တော့ လက်ကမချချင်စရာပါပဲ။

အဲ..စုံထောက်ဦးစံရှား ၀တ္ထုတွေကျတော့ မရိုးဘူးရှင့်.။ ဘယ်နှစ်ခါပြန်ဖတ်ဖတ် အရသာရှိနေပြန်ရော။ စာရေးတဲ့ပညာကွာတာလားတော့ မသိပါဘူး။

October 24, 2009 at 6:13 pm 4 comments

ရှုမ၀မဂ္ဂဇင်း ၁၉၅၃

အော် ဒုတ်ခ…ဘလော့ရေးတာစွဲတယ်လို့ မမခင်ဦးမေပြောတာဟုတ်မယ်။ တရက်သားဘလော့ကလေးကို ပို့စ်သုံးခုလောက်တင်ထားမှလာလည်ကြတဲ့သူတွေလဲ ကလစ်နှိပ်ရတာတန်မယ်လေ။ ဒီတော့ကာ နောက်တပို့စ်တင်လိုက်ဦးမယ်။ ပြီးရင်တော့ အိပ်ပီ။

ဘာပို့စ်တင်မလဲ ဆိုတော့ ထုံးစံအတိုင်းစာအုပ်တွေအကြောင်း။ မရွှေမိမေမေရဲ့ အဘိုး မရွှေမိရဲ့ ဘိုးဘိုးကြီးကိုမရွှေမိက ကောင်းကောင်းမီလိုက်ပါသေးတယ်။ အဘိုးကစာဖတ်ဝါသနာပါတယ် ။ စာအုပ်စာပေကိုလဲတန်ဖိုးထားတယ်။ နယ်ကအိမ်မှာဆိုအောက်ထပ်တထပ်လုံးလူမနေဘူး။ စာအုပ်တွေပဲထားတယ်။ မရွှေမိလဲစာအုပ်တွေကြားမှာကြီးပြင်းခဲ့ရတော့ စာဖတ်အရမ်းဝါသနာပါတယ်။ ငယ်တုန်းကရင်းစာဖတ်နေရပီးရော။

အင်း…အဲဒါတွေနောက်မှပြောမယ်။ ဒီတခေါက်ရန်ကုန်ပြန်တုန်းက စာအုပ်တွေကိုအမှတ်တရဓာတ်ပုံရိုက်ခဲ့တာလေးတွေပြချင်လို့။

ခုခေတ်မှာသာမဂဇင်းတွေမှိုလိုပေါက်ပီး ဘာဖတ်လို့ဖတ်ရမှန်းမသိအောင်ဖြစ်နေတာ။ အရင်ခေတ်ကတော့ ရှုမ၀၊မြ၀တီ၊သွေးသောက်၊ငွေတာရီ ဒီလေးအုပ်က အဓိကပဲ။ အဲဒီမှာမှ ရှုမ၀ ကတော့အအောင်မြင်ဆုံးလို့ခန့်မှန်းရတာပဲ။ ကိုယ်သိလို့တော့မဟုတ်ဘူးလေ။ စာအုပ်တွေကိုယှဉ်ကြည့်ရင်သိသာသလားလို့။

မရွှေမိကတော့ ရှုမ၀ ကိုအကြိုက်ဆုံး။ နောက်မှမြ၀တီ။

ဒါကတော့ ၁၉၅၃ ခုနှစ်ထုတ် ရှုမ၀ရဲ့ အဖုံးလေးပေါ့။ အဲဒီတုန်းက ပန်းချီဆရာတွေကိုပဲ အဖုံးအပ်ပီး အမျိုးသမီးလှလှလေးတွေရဲ့ပုံကိုရောင်စုံဆွဲတာကိုသုံးတယ်။ ပန်းချီဆရာကတော့ ဦးကိုလေး။ ခုတွေးမိနေတာက အဲဒီအချိန် ၁၉၅၃ တုန်းက မရွှေမိတယောက် ဘယ်ဘ၀မှာများလူဖြစ်နေလဲလို့ ။ အမယ် ဒီစာအုပ်ရဲ့ အသက်က မရွှေမိ မေမေရဲ့ အသက်ထက်တောင်ကြီးသေးတယ်ရှင့်။

ရှုမဝ

အဲဒီတုန်းက မဂ္ဂဇင်းတွေမှာ ပါတဲ့မာတိကာတွေကို စာအုပ်နောက်ကျောမှာရိုက်လေ့ရှိတယ်။ ဒီတော့ဝယ်မယ်ဆို အဖုံးကိုကြည့်။ ဘယ်စာရေးဆရာတွေဒီလပါလဲဆိုတာနောက်ဖက်လှန်ကြည့်ပီးဝယ်လိုက်ရုံပဲထင်တယ်နော်။ ဒီခေတ်မှာများတော့ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာကို ကြောငြာစာရွက်တွေကြားမှာမနဲရှာယူရတာကိုး။

စာအူပ်နောက်ကျော

မြင်နိုင်ပါတယ်။ကြည့်လိုက်ပါ။ဖတ်ချင်စရာမကောင်းဘူးလား။ ဆောင်းပါး၊၀တ္ထု(အခန်းဆက်၊အရှည်) ကလေးတွေအတွက်၊ကဗျာ စုံနေတာပဲပါတာ။ ဖတ်ရတာလဲတန်တယ်။ အများကြီး။ ဒီစာအုပ်မှာဆို တင့်တယ်ရဲ့ ၀တ္ထု၊သာဓုရဲ့ အခန်းဆက်ဝတ္ထု …မြင်ရတာတောင်လွမ်းစရာကောင်းတယ်နော်။ မြန်မာစာပေလောကကြီးရဲ့ ရွှေရောင်လွှမ်းတဲ့အချိန်တွေကို။

စာရေးဆရာသော်တာဆွေရဲ့ အဆိုအရတော့ ရှုမ၀ရဲ့ ရွှေရောင်အတောက်ပဆုံးကာလတွေကတော့ ၁၉၅၀-၁၉၆၅ လောက်ထိပါတဲ့။ ခေတ်စံနစ်တွေ၊နိုင်ငံရေးအခြေအနေတွေကစာပေလောကအပေါ်မှာဘယ်လိုသက်ရောက်တယ် ဘာညာဆိုတာတွေကတော့ မရွှေမိ ဥာဏ်မမီလို့ အာလူးမဖုတ်တော့ဘူး။ ကိုယ်ကစာဖတ်သူအမြင်နဲ့ပဲသိတာကိုးရှင့်။

အခုခေတ် မဂ္ဂဇင်းတွေမှာတော့ ရွှေအမြုတေနဲ့ ကလျာကဖတ်လို့ကောင်းပါတယ်။ ဒါတောင် ကလျာက နောက်ပိုင်းပေါ့ပ် ကိုနဲနဲပိုအသားပေး လာတော့ဖတ်ရတာတမျိုးဖြစ်နေတယ်။ သူလဲဈေးကွက်အရနဲနဲပြောင်းလိုက်ရတယ်လို့သိရတယ်။ရွှေကတော့ ခင်ခင်ထူး နေ၀င်းမြင့်တို့နဲ့ ဝေေ၀ဆာဆာဖတ်လို့ကောင်းပါတယ်။

အင်း …စိတ်ကူးယဉ်မိတာကတော့ ရှုမ၀ဦးကျော်လိုမျိုး စာပေသမိုင်းမှာမှတ်တမ်းဝင်တဲ့ ရှုမ၀မဂ္ဂဇင်း လိုမဂ္ဂဇင်းမျိုး ထုတ်ချင်လိုက်တာ။ တကယ်ကို စိတ်ကူးယဉ်သက်သက်ပါပဲလေ။ ခေတ်ကြီးကိုက အဟောင်းတလည်လည်နဲ့ ရှေးကစာအုပ်တွေကိုသာပြန်ထုတ်ပြန်ဖတ်နေရတဲ့ခေတ်ကိုး.။ အင်တာနက်ခေတ်ကြီးမှာဆိုတော့ ဒီလိုမဂ္ဂဇင်းမျိုးထုတ်ချင်တယ်ဆိုတဲ့အတွေးအခေါ်ကတောင် ဒိတ်အောက်နေပီလားမသိ။ မရွှေမိကလဲခေတ်မှီချင်သေးတာ။:D

(ပို့စ်တွေကိုပြန်ဖတ်ကြည့်တော့စာလုံးတွေကျဲနေတာတွေ့ရတယ်။ ဘယ်လိုပြင်ရမယ်လဲမသိဘူး … လမ်းညွန်ပေးကြပါဦးရှင်)

October 23, 2009 at 4:28 pm 4 comments

လတ်တလောဖတ်နေတဲ့စာအုပ်တွေ

ဒီနေ့ပဲ ရန်ကုန်ကစာအုပ်တွေရောက်လာတယ်။ အရင်လရန်ကုန်ပြန်တုန်းက၀ယ်ထားတဲ့စာအုပ်တွေကို ကီလိုပိုနေတာနဲ့မသယ်ခဲ့နိုင်ဘူး။ ဒီတော့ စာတိုက်ကနေပဲလှမ်းပို့ပေးတယ်။ တနေ့က ၂ထုပ်ရောက်တယ်။ ဒီနေ့ တစ်ထုပ်ရောက်တယ်။

ရန်ကုန်မှာတုန်းကဖတ်ခဲ့ပေမယ့် ပြန်ဖတ်တော့လဲဖတ်လို့ကောင်းနေတုန်းပဲ။ ရုပ်ရှင်လဲဝါသနာမပါ၊ဂိမ်းလဲမဆော့၊အပြင်ထွက်ရတာလဲသိပ်မကြိုက်တဲ့မရွှေမိအတွက်တော့ စာအုပ်တွေကအကောင်းဆုံးအဖော်၊တန်ဖိုးအရှိဆုံးရတနာတွေလို့ သာ ကြီးကြီးကျယ်ကျယ်တင်စားလိုက်ချင်ပါ့။ စာအုပ်ဆိုတာလဲ အီးဘွတ်ခ်တွေကိုမကြိုက်ပြန်ဘူး။ ကွန်ပျုတာကြာကြာကြည့်ရင် မျက်စိကိုက်တတ်လို့။

တကယ်တော့ အိပ်ယာပေါ်မှာလှဲအိပ်ပီး ကိုယ်ကြိုက်တဲ့စာအုပ်တစ်အုပ်ကိုဇိမ်လေးနဲ့ဖတ်နေရတဲ့အရသာနဲ့ ကွန်ပျုတာပေါ်မှာဖတ်ရတဲ့ အရသာ တခြားစီပဲ။ ဒီတော့ကာ ပိုက်ဆံကုန်တာပေါ့ရှင်။ စာအုပ်တွေကလဲတဖြည်းဖြည်းဈေးကြီးလာတယ်။

ရွှေဥဒေါင်းရဲ့ စုံထောက်ဦးစံရှား ၂အုပ်တွဲ အသစ်ပြန်ထွက်တာ ဆို ၂အုပ်ကို တသောင်းခွဲ။ ဒါပေမယ့် တန်ပါတယ်လေ။ အထူကြီး။ ဖတ်လို့လဲ မရိုးဘူး။

ဒီနေ့ ဖတ်နေတာတော့ စုံထောက်ဦးစံရှား ပေါင်းချုပ် ၁၊၂ တနေကုန်ဖတ်လိုက်တာပီးသွားပီ။ ညစာတောင်ကြာဇံချက်လေးကိုပဲဖြစ်သလိုချက်စားလိုက်ရတယ်။ ယောကျာ်းကတော့ မ၀လို့တဲ့ ဟိုစားဒီစားပေါ့။ သူက တော့ တီဗီကြည့်တာအရမ်းဝါသနာပါတယ်။ အလုပ်ကပြန်လာတာနဲ့ တလိုင်းပီးတလိုင်းကြည့်။ မရွှေမိကတော့ စာအုပ်တွေတအုပ်ပီးတအုပ်ဖတ်။ ဟုတ်နေတာပဲ။ အကြိုက်တူရင်မှလုနေရဦးမယ် 😛

နောက်ရက်တွေမှ မရွှေမိဖတ်နေတဲ့စာအုပ်တွေအကြောင်းဆက်ပြောဦးမယ်နော်။ ဒီကစာအုပ်တွေအကြောင်းတော်ကီပွားရရင် မမောဘူး။

October 23, 2009 at 3:48 pm 3 comments

မရွေမိ…ဘယ်သူလဲ

မရွှေမိ တယောက် စင်ကာပူရခြင်္သေ့ကျွန်းကို ရောက်နေတာ ၃ နှစ်နီးနီးရှိပါတော့မယ်။

လောလောဆယ်တော့ ကျောင်းပီးသွားတော့ အလုပ်မလုပ်သေးတဲ့အချိန်အတွင်း အိမ်ရှင်မလုပ်ရင်း ဘလော့လေးတခုလဲလုပ်ရင်ကောင်းမယ်လို့   တွေးမိလို့   ရှေ့က ဘလော့ဂါတွေကိုအားကျပီး ဘလော့တခုကို အမြန်အဆန် ဖန်တီးလိုက်မိပါတော့တယ်။

ဒီဘလော့လေးမှာ ဘာတွေရေးမလဲ ဆိုတော့ လောလောဆယ် တွေးမိနေတာလေးတွေကို စကားစမြည်ပြောချင်ပါတယ်။ အိမ်ကယောကျာ်းကို စကားစမြည်ပြောတာများသွားရင် တနေကုန်အလုပ်လုပ်ပြီးပြန်လာတဲ့သူဆိုတော့ သူကကြာကြာနားထောင်ဖို့စိတ်မရှည်လို့ပါ ရှင့်။

သူငယ်ချင်းတွေနဲ့  တော့ပြောဖြစ်ပါရဲ့။  ဒါပေမယ့် ပြောချင်တာတွေများနေတဲ့အခါမှာတော့ နားထောင်တဲ့သူကိုအားနာရတယ်လေ။

ဟဲဟဲ…ဒီတော့ကာ ဟောဒီဘလော့လေးပေါ်မှာ ပြောချင်တာလေးတွေရေးပြီး ဘလော့တကာလှည့်လို့ မရွှေမိ တယောက်ကိုယ့်ဘလော့ကိုလာလည်ကြအောင် ဖိတ်ခေါ်လိုက်ဦးမယ်နော်။

မရွှေမိဆိုတဲ့နာမည်လား –ကွမ်းတောင်ကိုင်လဲ မရွှေမိပါ ပန်းတောင်ကိုင်လဲမရွှေမိပါ ဆိုတဲ့ စကားလေးကိုသတိရလိုက်လို့ အဲဒီနာမည်လေးကိုပေးလိုက်တာပါရှင့်။ မြန်မာဆန်တယ်လို့လဲထင်တယ်လေ။

မရွှေမိရဲ့ စကားစမြည်လေးတွေကိုလဲ အချိန်ရရင် နားထောင်ပေးကြပါနော်။ တောင်ရောက်မြောက်ရောက်…ပေါ့ပေါ့ပါးပါးလေးတွေ…အတည်ပေါက်လေး တွေ အကုန်ပေါ့ရှင်…။

လာဖတ်တဲ့သူများကိုကျေးဇူးတင်ပါတယ်နော်

မရွှေမိ

October 23, 2009 at 3:23 pm 12 comments


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 40,624 hits