ဂျာနယ်ကျော်မမလေး …မေတ္တာပန်းပွင့် …အစ်မကြီးဂျာနေဂျို..ပန်ချာပီမိန်းမချောနဲ့ တူတဲ့စာရေးဆရာမ (အပိုင်း ၁ )

October 25, 2009 at 4:33 pm 2 comments

ဂျာနယ်ကျော်မမလေး(၁၉၁၇-၁၉၈၂) က မရွှေမိ အနှစ်သက်ဆုံး စာရေးဆရာမပါ။ ဒီလိုပြောလို့ မထူးဆန်းလှပါဘူး။ ဒီနေ့ အချိန်ထိ ဂျာနယ်ကျော် မမလေးကို သဘောကျတဲ့ စာဖတ်သူတွေက အများကြီးရှိတာပဲလေ။

သူ့ကို သဘောကျတာက ရေးတဲ့စာတွေကို သဘောကျတာထက် လူကို သဘောကျတယ် ၊စာရေးသူရဲ့ ဘ၀ပုံရိပ် ကိုစိတ်ဝင်စားတယ် လို့ ပြောမှ ပိုမှန်မယ်ထင်တယ်။ ပုဂ္ဂိုလ်ရေးအရသဘောအကျဆုံး စာရေးဆရာမ တစ်ယောက်ပါပဲ။ တခြားစာရေးကောင်းတဲ့ စာရေးဆရာတွေကို စာတွေကိုကြိုက်ပေမယ့် ဘ၀ကို ဒီလောက်စိတ်ဝင်စားလှတယ်မရှိမိဘူး။

ဘာလို့ ဒီလိုခွဲပြောလဲ ဆိုတော့ မရွှေမိ အမေနဲ့  ငြင်းခဲ့ ခုံခဲ့ရ တာကို သတိရနေလို့ ပါ ။ ဆယ်တန်းဖြေပြီး အားနေတဲ့အချိန်မှာ စာအုပ်ပုံတွေထဲခေါင်းစိုက်လို့   ဂျာနယ်ကျော်မမလေးရဲ့ စာ တွေ ကို ရှုမ၀ ကနေဖတ်ပြီး သဘောကျ  စိတ်ဝင်စားနေတဲ့အချိန်ပေါ့။ အမေက ပြောတယ် ခင်နှင်းယု၊ခင်ဆွေဦး တို့ က ပိုပြီး စာရေးကောင်း၊ရေးနိုင်တာ နင်မယုံရင်ယှဉ်ဖတ်ကြည့်တဲ့။ အင်း…ဟုတ်တော့လဲဟုတ်တယ်။ ခင်နှင်းယုရဲ့ ပန်းပန်လျက်ပါ ဆို လက်ကမချချင်ပဲ စာလုံးလေးတွေကိုစွဲနေတာကိုး။ခင်ဆွေဦးရဲ့ လုံးချင်းတွေဆိုတာလဲ ဖတ်လို့ မ၀အောင်ပဲ။ ဒါကိုတော့ လက်ခံတယ်။ ဒါပေမယ့် ဂျာနယ်ကျော်မမလေး က အကောင်းဆုံး လို့ ပဲ ကိုယ်ကလဲမျက်စိမှိတ် ငြင်းတာပဲ။ အဲဒီမှာ အမေက ပြောတယ်။ နင်ဂျာနယ်ကျော်မမလေးကို သဘောကျတာက ပုဂ္ဂိုလ်စွဲ ဖြစ်နေတယ် ဆိုပဲ။ ဟက်ဟက်…ဟုတ်ပါတယ်။ မငြင်းပါဘူးလေ။

ဂျာနယ်ကျော်မမလေး ရဲ့ သူလိုလူ တို့   ရင်နင့်အောင်မွှေး တို့  …သူမ၊ သွေး…အဲဒီစာအုပ်တွေဖတ်လို့ ဘယ်လိုကောင်းတယ် ဘာညာ ဆိုတာတွေတော့ မပြောတော့ပါဘူး။ ဒီနေ့ အထိကို ပြန်ထုတ်ပြီး အောင်မြင်နေတဲ့ စာအုပ်တွေပဲလေ။ ဂျာနယ်ကျော်မမလေး စာအုပ်တွေကို ဖတ်ဖူးသူတိုင်းလဲသိကြပါတယ်။

ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရ စိတ်ဝင်စားတဲ့မရွှေမိ တစ်ယောက် ဂျာနယ်ကျော် မမလေး ရဲ့ ပုံရိပ်ကို ခေတ်ပြိုင်စာရေးဆရာတွေ၊အခြားစာရေးဆရာ တွေ ဘယ်လို ခြယ်မှုန်းလဲ ၊ဘာတွေရေးကြလဲ ၊ဘယ်လိုမြင်လဲ ဆိုတာတွေကို မျှဝေချင်လို့ ရေးတာပါ။

ပထမဆုံး ဖတ်ရတာ က ဒဂုန်တာရာရဲ့   ရုပ်ပုံလွှာ မှာပါတဲ့ ဂျာနယ်ကျော်မမလေး သို့မဟုတ် မေတ္တာပန်းပွင့် ဆိုတဲ့ဆောင်းပါးပါ။ အဲဒီမှာ တော့ ဒဂုန်တာရာ ရဲ့ အဖွဲ့  အနွဲ့ နဲ့ ဂျာနယ်ကျော်မမလေးရဲ့ စာရေးဆရာဘ၀၊ စာပေအမြင် ၊ အခက်အခဲတွေကြားက မိန်းမသားတစ်ယောက်အနေနဲ့ ဘယ်လောက်ရုန်းကန်လှုပ်ရှားပြီး ဂျာနယ်ကျော်ကို ထုတ်ရသလဲဆိုတာတွေ၊ ဂျာနယ်ကျော်မမလေး အစွဲအလမ်း ကြီးတတ်တာ၊ မေတ္တာစိတ်ထားတတ်တာ စတာတွေကို ဆောင်းပါးတစ်ပုဒ်စာ တစ်ဝဖတ်လိုက်ရတယ်။ နဲနဲ တော့ ကျေနပ်သွားပြီ။

နောက် တစ်ခါ တွေ့လာပြန်တာ က သော်တာဆွေက အမကြီးဂျာနယ်ကျော်မမလေး ကို ချစ်ခင်စွာနဲ့ သူ့ရဲ့ ၀တ္ထု တွေထဲမှာ ထည့်သွင်းကျီစားတာကို ဖတ်ရတာပါပဲ။😛

ဖိုးသော်တာ စန္ဒာလကိုကွယ် ဆိုတဲ့ ၀တ္ထု မှာ သူက ဂျာနယ်ကျော်မမလေး ရဲ့   ပုံရိပ်တချို့ကို အခုလိုထည့်ထားပါတယ်။

ဒီမှာရှင့်…..ကျွန်မက မိန်းမသားဖြစ်ပါတယ် ….အစ်မကြီးဂျာနေဂျိုက လုပ်လေရာ သန်းဆွေဂျပုက “အံမာ ခုခါမှ မိန်းမသားလဲ ဟိုတုန်းကတော့ဖြင့် ကျွန်မစိတ်ထဲ ကျားရယ် မရယ် မခွဲဘူး…နေရဲသွားရဲတာပဲဆိုပြီး “

“ဒါကဒီလိုရှိပါတယ်ရှင့် “…. အစ်မကြီးဂျာနေဂျိုသည် သူ့ဟန်အတိုင်း လက်ဝါးလေးဖြန့် ကာ ( လွန်ခဲ့တော့ သင်းလုံးကျွတ်အစည်းအဝေး က ဒဂုန်ရွှေမျှားသည် ယောကျာ်းရင့်မကြီးဖြစ်ပါလျက်နဲ့  ကျုပ်ဟာ ဒေါ်တင်လှိုင် အပြောကောင်းတာနဲ့ နားယောင်မိပါတယ်ဟု ၀န်ခံရလောက်အောင်) လေပြေဖြန်းတော့မည် အပြုတွင် …

ဂျာနေဂျို အစ်မကြီးသည် နှုတ်ခမ်းတော် နီတျာတျာကို စုတ်ချွန်းချွန်းထားပြီး စီးကရက်လက်ကြားညှပ်နေသည်။

ဒီဝတ္ထု လေးဖတ်လိုက်တာနဲ့တင် သော်တာဆွေကလည်း ပေါ့ပေါ့ပါးပါး အရေးကောင်းတော့ မရွှေမိစိတ်ကူးပုံဖော် နေတဲ့ ဂျာနယ်ကျော်မမလေး ရဲ့ ပုံက ပိုပေါ်လာတယ်။  စီးကရက်သောက်တာ ၊နှုတ်ခမ်းရဲနေအောင်ဆိုးတတ်တာ၊စကားပြောကောင်းတာ စသဖြင့်ပေါ့။

IMG_2393

နောက်တစ်ပုဒ်ကတော့ ဆရာပါရဂူ ဖွဲ့ တဲ့ ဂျာနယ်ကျော်မမလေး အကြောင်းပါ။ အဲဒါကိုတော့ ပါရဂူ ရဲ့    ပရကထာ ဆိုတဲ့ စာအုပ်ထဲမှာတွေ့ရ တာပါ။ ဆရာပါရဂူကျတော့ စာရေးတဲ့ စတိုင်နည်းနည်းလေး ပေမယ့် ပန်ချာပီမိန်းမချောနဲ့ တူတဲ့စာရေးဆရာမ ဆိုပီး နယူးဒေလီ အာရှ စာရေးဆရာများညီလာခံမှာ ဂျာနယ်ကျော်မမလေး ဘယ်လောက်ပေါ်ပြူလာဖြစ်ခဲ့ပုံ၊အခြားနိုင်ငံက စာရေးဆရာတွေက ခင်များတို့ မြန်မာအမျိုးသမီးစာရေးဆရာမ က တယ်ချောပါလား ဆိုပြီးချီးကျုးကြတယ် ဆိုတဲ့အကြောင်း ကိုဖွဲ့ ထားတာပါ။ အဲဒါလေးလဲ ဖတ်လို့ ကောင်းတယ်။

အဲဒီ သုံးပုဒ်လုံးက ဆောင်းပါး၊၀တ္ထု အနေနဲ့ ရေးတာဆိုတော့ ဖတ်ရတာ က မတင်းတိမ်ဖူးဖြစ်နေတယ်။ ဂျာနယ်ကျော်မမလေး ကိုယ်တိုင်ရေးတဲ့ သူ့ မိသားစုအကြောင်းဆောင်းပါးတွေလည်း ဖတ်ပါရဲ့ ။ ဒါပေမယ့် လူတစ်ယောက် အကြောင်းဆိုတာ ကိုယ်တိုင်ပြောတာရော၊သူများတွေပြောတာ ပါနားထောင်ရမှသာ ပို ပြည့်စုံတယ်ထင်ရတာကိုးရှင့်။

အဲဒီမှာ မမျှော်လင့်ပဲ ထွက်လာတဲ့ စာအုပ်က ဆရာမြသန်းတင့် ရဲ့    ကျွန်တော်နဲ့ ဂျာနယ်ကျော်မမလေး ဆိုတဲ့ စာအုပ်လေးပါ။ အဲဒီစာအုပ်ထွက်တာ ၂၀၀၃ တုန်းကပေါ့။ လုံမလေး မှာပါတဲ့ အခန်းဆက်ဆောင်းပါးကို ပထမအကြိမ်စာအုပ်ပြန်ထုတ်တာပါ။

Entry filed under: ဂျာနယ်ကျော်မမလေး. Tags: .

ဘိလပ်ပြန်သန်း ရဲ့  ခင့်စိတ်ကူး ဂျာနယ်ကျော်မမလေး …မေတ္တာပန်းပွင့် …အစ်မကြီးဂျာနေဂျို..ပန်ချာပီမိန်းမချောနဲ့ တူတဲ့စာရေးဆရာမ (အပိုင်း ၂ )

2 Comments Add your own

  • 1. Anonymous  |  October 25, 2009 at 8:01 pm

    အမ ရွှေမိ
    ကျနော်လည်း ဂျာနယ်ကျော်မမလေး ကြိုက်တယ်။ သူ့စာအုပ်တွေ အကုန်ဝယ်စုထားတယ်။
    ဆရာ မြသန်းတင့်ရဲ့ စာအုပ်တော့ မဖတ်ဘူးသေးဘူး။ e book ရှိရင် ရှယ်ပါဦးနော့။
    ကျေးဇူး။
    ခင်မင်စွာဖြင့်
    တင်ဇာ

    Reply
    • 2. mashwemi  |  October 25, 2009 at 10:04 pm

      တင်ဇာ ရေ
      လာဖတ်တာ ကျေးဇူးပါ။ ဂျာနယ်ကျော်မမလေး ကို သဘောကျတဲ့သူအချင်းချင်းဆိုတော့ အကြိုက်တူတာပေါ့နော်။ ဆရာမြသန်းတင့်ရဲ့ စာအုပ် က အီးဘွတ်ခ် မရှိပါဘူး။ ရိုးရိုးစာအုပ်ပါ။ ရန်ကုန်က စာအုပ်ဆိုင်တွေမှာ လက်ကျန်လေးတွေတော့ ရှိမလားပဲ။ ထွက်တာတော့ကြာပီ။🙂

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: