မရွှေမိ သိသလောက် ဂျာနယ်ကျော်မျိုးဆက်များအကြောင်း တစေ့တစောင်း

October 25, 2009 at 6:31 pm 10 comments

ဒေါ်ခင်လေးမြင့်(၁၉၃၉-၂၀၀၇) နဲ့ တွေ့ ရတော့ မရွှေမိ တော်တော်ကို ၀မ်းသာမိတယ်။ စိတ်ထဲက လဲ သူလို ဒေါက်တာဘွဲ့ ရ လူကြီး တစ်ယောက်က ကိုယ်လို မလောက်လေးမလောက်စားကို အချိန်ပေးတွေ့   တာကိုကျေးဇူးတွေတင်လို့ ပေါ့။ နောက်ပိုင်းမှာ တော့ တကယ်လဲ ဆရာမကြီး က သူ့အချိန်ကို တော်တော်တန်ဖိုးထားပြီးသုံးတာပါ။ ပြင်သစ်စာသင်တဲ့ ၀ိုင်းတွေကပြည့်နေပြီး သူက နာရီနဲ့ တွက် ပိုက်ဆံယူတာဆိုတော့ တစ်နာရီဆိုလဲ တစ်နာရီက ပိုက်ဆံဝင်နေတာကိုး။

ဒါပေမယ့် အားပါးတရ ဂျာနယ်ကျော်မမလေးအကြောင်းတွေ မေးမြန်းမယ် ပြောလိုက်မယ် ဆိုတဲ့ မရွှေမိ စိတ်ကူးတွေရေစုန်မျှောခဲ့ပါတယ်။ ဘာလို့ လဲ ဆိုတော့ ဆရာမကြီး က နားတော်တော်မကောင်းတော့ တော်ရုံပုံမှန်အသံနဲ့ ပြောရင် သူကမကြားရပါဘူး။ အစကတော့ မရွှေမိက ငါပြောတဲ့စကားနဲ့ သူပြန်ပြောတာ ဘာလို့ မကိုက်လှပါလိမ့်ဆိုပြီး စဉ်းစားနေတာ ။ နောက်မှ ဘေးကထိုင်တဲ့အမက အသံတိုးတိုးနဲ့   ကြည့်ရတာ နားမကောင်းဘူးနဲ့ တူတယ်တဲ့။ အို …ဟုတ်ပါ့။ ဒီတော့လဲ ကိုယ်က ခေါင်းတွေညိတ် တပြုံးပြုံးလုပ်ပြီး သူပြောတာကိုပဲ ထိုင်နားထောင်လိုက်ရပါတယ်။

ပြောဖြစ်တာကတော့ ပြင်သစ်စာအကြောင်း၊ပြင်သစ်မှာနေတုန်းကအကြောင်း၊ ပြင်သစ်စာသင်တဲ့အတွေ့အကြုံ တွေအကြောင်း …ဂျာနယ်ကျော်မမလေး အကြောင်း က မပါသလောက်ပဲ။ မေမေဆုံးသွားပြီး အိမ်တွေအပြောင်းအရွှေ့ နဲ့ ဆိုတော့ စာအုပ်တွေ က မရှိတော့တာများတယ်။ ဘာမှမသိမ်းထားဖြစ် ဘူးဆိုတာ လေးပဲ ပါတယ်။😦

ဒါပေမယ့် သူပြောတဲ့ ပြင်သစ်စာအကြောင်းတွေကလဲ စိတ်ဝင်စားစရာကောင်းတယ် ။ အရင်က ဘန်ကောက် အေဘက်ခ် မှာတောင် ဆရာမလုပ်ခဲ့သေးတယ်ဆိုပဲ။ အဲဒီကနေ စကားပြောရင်း နားထောင်ရင်း မရွှေမိ တစ်ယောက် ပြင်သစ်စာသင်မယ် လို့ ဆုံးဖြတ်လိုက်ပါတယ်။ အစကတည်းကလဲ ပြင်သစ်စာကို နည်းနည်းစိတ်ဝင်စားနေတဲ့အချိန် (ဂျုးဝတ္ထု တွေဖတ်ပြီးတော့လေ-အဲဒီတုန်းက ဂျုးရဲ့ ကြာတော့သည်လည်းမောင့်စကား ထဲမှာတောင် ဒေါ်ခင်လေးမြင့် ကို ဂျာနယ်ကျော်မမလေးသမီးဆိုချောမှာပဲ လို့   တင်တင်ဇော် ကပြောတဲ့အနေနဲ့ ရေးထားသေးတယ်) မှာ ဒီလိုပြင်သစ်စာပါရဂူဆရာမကြီးနဲ့ တွေ့လိုက်ရတော့ စိတ်အရမ်းပါသွားတာလဲပါတယ်။

ဒါနဲ့ တခါတည်း ကျောင်းအပ်ခဲ့ရောဆိုပါတော့😛 အဲဒီအချိန် ၁၉၉၉-၂၀၀၀ လောက်မှာ တစ်နာရီ ၅၀၀ နှုန်းယူပါတယ်။ ၂ နာရီဆိုတော့ တစ်ထောင်ပေါ့။ တစ်ပတ် တစ်ကြိမ်။ တစ်ယောက်ထဲသင်ရတယ်။ နောက်ပိုင်း ပြင်သစ်သံရုံးမှာ ကျောင်းတက်တော့မှ အဲဒီက သူငယ်ချင်းတွေနဲ့ စုသင်တယ်။ အဲဒါလဲ တယောက်တော့ ၅၀၀ ပါပဲ။ ဆရာမ ကတော့ သိပ်မပင်ပန်းတော့ဖူးပေါ့။

ဆရာမကြီးက စာအသင်အပြ အရမ်းကောင်းပါတယ်။ ပြီးတော့ ပြင်သစ်စာ၊ဘာသာစကားကိုချစ်မြတ်နိုး တန်ဖိုးထားတဲ့စိတ်လဲ အပြည့်ရှိတယ်။ ဒီတော့ သူစာသင်ရင် တကယ်ကိုအားသွန်ခွန်စိုက်သင်တယ်၊ မှတ်သားစရာလေးတွေပြောပြတယ်။ ခုနေပြန်ခေါ်ကြည့်တော့ မမှတ်မိတော့တာ ကတော့ မရွှေမိ ညံ့တာပါပဲ။ အထိအတွေ့မရှိတာကြာပီကိုးလေ။ သူပြင်သစ်လိုပြောရင်လဲ အရမ်းကိုနားထောင်ကောင်းပါတယ်။ တကယ့်ကို အသံအနိမ့်အမြင့် အတက်အကျနဲ့ ပြင်သစ်အမျိုးသမီး တစ်ယောက်လိုကိုပြောတာပါ။ ပြီးရင် ပြုံးပြီးပြောသေးတယ် ပြင်သစ်စကားက အရမ်း Musical ဖြစ်ပြီး အနုပညာဆန်တဲ့စကား ကမ္ဘာပေါ်မှာ ဒီလိုစကားမျိုး ပြင်သစ်စကား တစ်ခုပဲရှိတယ်တဲ့။ သင်ခန်းစာတစ်ခုခုကို အားပါးတရသင်ပြီးတိုင်း တပည့်တွေကို ကဲ–စိတ်ဝင်စားစရာမကောင်းဘူးလား ဆိုတဲ့အပြုံးမျိုးနဲ့ ကြည့်တတ်တာလေး ကိုလည်း အမှတ်ရနေမိတယ်။

ဆရာမကြီး ကို တွေ့ တဲ့အချိန်မှာ ဆရာမကြီးက တတိယမြောက် အိမ်ထောင်နဲ့ ပါ။ သားသမီးတော့မရှိပါဘူး။ ဒီအိမ်ထောင်က တော့ သင်္ကန်းကျွ့န်းသား တိုင်းရင်းမြန်မာ ဆေးဆရာ လို့ အသိတစ်ယောက်ကပြောတယ်။ ဆရာမ ကတော့ သူ့အမျိုးသားကို တော်တော်အရေးထားပါတယ်။ ဘဘ ..ဘဘ နဲ့ ပဲ။ တပည့်တွေရှေ့မှာမို့ ဘဘ လို့ခေါ်တာလားတော့မသိ။ စပ်စုတတ်ပြီး အတွေးဖြန့်ကျက်တတ်တဲ့ မရွှေမိ ကတော့ တခါတလေ တွေးမိပါတယ်။  ပါရဂူဘွဲ့ ရထားတဲ့ ပြင်သစ်စာ ပညာရှင်အမျိုး သမီးတယောက်နဲ့   တိုင်းရင်းမြန်မာ ဆေးဆရာတစ်ယောက် (ပညာရေးကိုတော့မသိပါဘူး) ရဲ့  အိမ်ထောင်ရေးမှာ အပေးအယူမျှ ပြီး စိတ်ချမ်းသာနေအောင် ဘယ်လို နေထိုင်ကြလဲဆိုတာပေါ့။ စိတ်ဝင်စားစရာကောင်းတဲ့အတွဲအဖက်လို့ ပြောရမယ်ထင်ပါတယ်။သူတို့ ကို ကြည့်ရတာတော့ အဆင်ပြေနေပုံပါပဲ။ ဂျာနယ်ကျော်မမလေး သာ သက်ရှိထင်ရှားရှိခဲ့မယ် ဆိုရင် သူ့ရဲ့ တစ်ဦးတည်းသောသမီး ရဲ့ ဘ၀ကို စိတ်တိုင်းကျမယ် ၊ မကျဘူးဆိုတာတော့ တွေးရခက်သား။ ဒါပေမယ့် ဂျာနယ်ကျော်မမလေးရှိစဉ် ဆရာမ ရဲ့ ပထမ အိမ်ထောင်ရေး မအောင်မြင်တာကြောင့် စိတ်ထိခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဆရာမကြီးက စာသင်နေချိန်မှာ စာအကြောင်းကလွဲရင် အပိုစကားတွေ ပြောလေ့မရှိပါဘူး။ ပရော်ဖက်ရှင်နယ်ဆန်တယ်လို့ ပြောရမှာပေါ့။ ဒီတော့ စာသင်နေတဲ့ ကာလတလျှောက်မှာ မရွှေမိ ဂျာနယ်ကျော်မမလေး အကြောင်းကို တခါမှစပ်စုခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် မရွှေမိကိုတော့ သူ့ မိဘများရဲ့ စာပေကိုနှစ်သက်တဲ့ သူအနေနဲ့ ပဲ အသိအမှတ်ပြုလို့လားတော့မသိ ..ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့  သူ စာအုပ်ထွက်တော့ လက်ဆောင်ပေးဖူးပါတယ်။ ဂျာနယ်ကျော်မမလေး ရဲ့ သွေး စာအုပ်တစ်အုပ်လဲပေးဖူးတယ်။မင်းသားလေးစာအုပ်လဲပေးဖူးတယ်။

IMG_2402

ဒါထက်ပိုပြီးမှတော့ မရင်းနှီးခဲ့ပါဘူး။ ဆရာမ နားမကောင်းတာကလဲ အဟန့်အတားတစ်ခုပေါ့လေ။ ကိုယ်ကလဲစကားကို အော် ပြီးမှ မပြောနိုင်တာ။ တခါတလေ စိတ်ပါလက်ပါ နဲ့ ပြောပြတာတွေကျတော့လဲ ပြင်သစ်စာအကြောင်းပဲ။ ဆရာမကြီးဟာ သူ့ဘ၀ အချိန် စိတ်ဝင်စားမှု အားလုံးကို ပြင်သစ် စာပေမှာပဲ မြုပ်နှံပီးလုပ်ခဲ့တာပါ။ဆရာမကြီး က ခြေတစ်ဖက်လည်းမသန်ပါဘူး။ လမ်းလျှောက်ရင်တော်တော်ကိုအားယူပြီးလျှောက်ရတော့ သူကိုယ် တိုင်လဲအပြင်မထွက်ပဲ အိမ်မှာနေတာပဲများပါတယ်။ ပြင်သစ်စာပေကိုဖက်တွယ်ပြီး ဘ၀ကိုဖြတ်သန်းနေတယ်ဆိုရင် တောင်မှားမယ်မထင်ပါ ဘူး။

မရွှေမိတို့ စာသင်နေချိန်က ဂျာနယ်ကျော် မမလေး၏ မုန်း၍မဟူနှင့် သွေးစာအုပ်တို့ကို မြန်မာဘာသာမှ ပြင်သစ်ဘာသာကိုပြန်ခဲ့ပြီးပြီ။ ပြင်သစ် သဒ္ဒါ စာအုပ်ရေးနေတုန်း။ အဲဒီအတွက်တော့ ဆရာမကြီးက တော်တော်ဂုဏ်ယူပုံရတယ်။ အမေ့စာအုပ်တွေကို ပြင်သစ်လို ဘာသာပြန်နိုင်လို့ ။ စာရေးသူရဲ့ သမီးကိုယ်တိုင် ဘာသာပြန်တယ်ဆိုတော့ နိုင်ငံခြားက စာဖတ်သူတွေက စိတ်ဝင်စားကြတယ်တဲ့။ တကယ်တော့ မြန်မာစာဖတ်ပရိသတ်ကို မင်းသားလေး လို နာမည်ကြီးပြင်သစ်ဝတ္ထု တွေ၊ အခြားပြင်သစ်ဝတ္ထုတိုတွေနဲ့ မိတ်ဆက်ပေးခဲ့တာလဲ ဆရာမကြီး ဒေါ်ခင်လေးမြင့်ပါပဲ။ ဂျာနယ်ကျော် မျိုးဆက် အနေနဲ့   မျိုးဆက်တာဝန်ကို ကျေတယ်လို့  ပြောနိုင်ပါတယ်။

ဆရာမနဲ့ ပတ်သက်ပြီးအမှတ်ရနေတာတခု က တော့  မြန်မာသီချင်းတွေနဲ့ပတ်သက်ပြီးပါ။ တခါက သံရုံးကပါတီပွဲတခုကနေပြန်လာပြီး နောက်တရက်မှာ မရွှေမိ တို့ အတန်းချိန်ကိုး။ အဲဒီမှာ ၀ိုင်းထဲက အမကြီးတယောက်က တီချယ်ကြီး မနေ့က ပြင်သစ်သံရုံးကပါတီ ဘယ်လိုနေတုန်း…ဘယ်သူဘယ်သူတွေ နဲ့ မတွေ့ဘူးလား ဘာညာနဲ့ အာလာပသလာပ ဆိုပါတယ်။

ပျော်စရာတော်တော်ကောင်းတယ် ..တဲ့။ သီချင်းဆိုပါ ဆိုပြီးသံအမတ်ကြီး က အတင်းဆိုခိုင်းတာနဲ့ သီချင်းတောင်ဆိုခဲ့ရသေးတယ် တဲ့။ တယောက်က ဘာသီချင်းလဲ ပြင်သစ်သီချင်းလားပေါ့။ မရွှေမိကိုယ်တိုင်လဲ ဒီလောက် ပြင်သစ်ဆန်တဲ့ဆ၇ာမကြီး ပြင်သစ်သီချင်းဆိုခဲ့မယ်ပဲ တွေးမိတယ်။

မဟုတ်ဘူး…မေရှင်ရဲ့ ရွှေမိုးညို သီချင်း ကို ဆိုခဲ့တယ်ဆိုပဲ။ အို…အားလုံးက ဟားးး ဆိုပြီးသဘောတွေကျကြတာပေါ့။ မရွှေမိ လည်း တော်တော်ကြည်နူးသွားတယ် ။ ကိုယ်က နဂိုလဲ မြန်မာသီချင်းကြိုက်တော့။ အဲဒီမှာ ဆရာမကလဲ စိတ်ပါလာပုံနဲ့ ဟုတ်တယ် …ဆရာမက မဆိုခင် သီချင်းအဓိပ္ပာယ်ကို ဘာသာအရင်ပြန်ပြလိုက်တယ်တဲ့။ မိုးတွေရွာနေတဲ့ မြစ်ပြင်မှာ ချစ်သူနှစ်ဦးလှေကလေးတစ်စီးနဲ့ …ပျော်ကြပုံတွေကို ဘာသာပြန်လိုက်တော့ အားလုံးကသဘောကျကြလို့   Encore လုပ်တာနဲ့ ၂ ခါတောင်ဆိုခဲ့တယ်ဆိုပဲ။ အလွတ်လား၊တူရိယာနဲ့လားတော့ မမေးလိုက်ရဘူး။ ဆရာမကြီးကို ပြင်သစ်သံရုံးက သံအမတ်အဆက်ဆက်ကလည်း တော်တော်လေးစားကြပုံပါပဲ။

ဆရာမကြီးဆီမှာ ၂ နှစ်ကျော်သင်ပြီးနောက်တော့ သွားရတာအရမ်းလည်းဝေးတာတကြောင်း၊ ကိုယ်တိုင်လဲ အခြေခံပိုင်နေပြီဆိုပြီး ကျုရှင်ကို နားလိုက်ကြပါတယ်။ အဲဒီနောက် သွားလည်ဦးမယ် ဆိုပြီး သူငယ်ချင်းတွေနဲ့ အ မြဲပြောဖြစ်ပေမယ့် မေ၇ာက်မိခဲ့ဘူး။

နောက်ဆုံးမှာတော့ ဆရာမကြီး ဆုံးသွားတာကို ဦးမိုးဟိန်းရေးတဲ့ဆောင်းပါးရယ် ၊ဧရာဝတီက ဆောင်းပါးရယ် ဖတ်ပြီးပဲသိလိုက်ရတော့ တယ်။ ပြင်သစ်စာပေကို အလွန်မြတ်နိုး တန်ဖိုးထားတဲ့ ဆရာမကြီး တစ်ယောက် နောက်ဘ၀မှာလူုဖြစ်ရင် တောင် ပြင်သစ်စကားပြောတဲ့နိုင်ငံတွေမှာပဲ လူသွားဖြစ်မယ် ထင်တယ် လို့ မရွှေမိ တွေးနေမိပါတယ်။

Entry filed under: ဂျာနယ်ကျော်မမလေး, စကားစမြည်. Tags: .

ဂျာနယ်ကျော်မမလေး …မေတ္တာပန်းပွင့် …အစ်မကြီးဂျာနေဂျို..ပန်ချာပီမိန်းမချောနဲ့ တူတဲ့စာရေးဆရာမ (အပိုင်း ၂ ) Non, Je ne Regrette Rien

10 Comments Add your own

  • 1. yuki  |  October 5, 2010 at 10:33 pm

    ရေးထားတာ အရမ်းကောင်းတယ်။ ကျွန်မလဲ ဂျာနယ်ကျော် ခရေဇီပဲ။ ဆရာမကြီး စာအုပ်တော်တော်များများဖတ်ဖူးတယ်။ နောက်လည်း ဆက်ရေးပါ . အားပေးနေမယ်.

    Reply
  • 2. khineshwewa  |  June 17, 2010 at 5:55 am

    This post took me back the time ,I studied French at IFL where Daw Khin Lay Myint was a lecturer. She was only in her mid 30s,had a very attractive look,especially her eyes. She was well liked by all of her students as she always taught us well.She then had a master degree .when I saw many years later her again ,she told me that she just came back from France with Phd. She looked very happy, had a good job ,lived in a reasonably big house in a good neighbourhood. After I read this post I have learned about her modest life style which, I would never thought before. I felt bad for her.I ,in my judgement believe that she loved french culture so much so that she behaved like one without noticing it.Wherever she is, may she be very happy! Thank you so much for sharing with us. Looking forward to reading your next posts.

    Reply
    • 3. mashwemi  |  June 17, 2010 at 11:03 am

      Thank you very much for your comment. I love to know more about DKLM.🙂 In my opinion, wherever she lived or which kind of life style she headed (good one or modest one), she always seemed satisfied with her current situations despite ups and downs in her life. I don’t know much about her. All I wrote are from the perspective of her student, so those are very superficial ones.If you read the article written by her brother U Moe Hein about her death, I believe we could understand more about her😦 As far as I could feel,her sunset days were kind of a sad story. But I am sure she leaded her life in a peaceful way till her death. RIP ,sayarma gyi.

      Reply
  • 4. သဒ္ဓါလှိုင်း  |  June 16, 2010 at 1:10 pm

    မရွှေမိဘလော့ကိုပထမဆုံးအကြိမ်လာလည်ပါတယ်..။ဂျာနယ်ကျော်အကြောင်းလေး
    တွေတွေ့လို့ပါ..။ ၉၉ ခုနှစ်မှာသဒ္ဓါလည်းဆရာမအိမ်မှာတယောက်တည်း
    ပြင်သစ်စာသင်နေတယ်..။

    ခင်တဲ့
    သဒ္ဓါ

    Reply
    • 5. mashwemi  |  June 16, 2010 at 2:29 pm

      ကျွန်မလည်း ၉၉ လောက်တည်းကစသင်တာပဲ မသဒ္ဓါ။ ၂၀၀၀ AF တက်တဲ့အချိန်ကျမှ သူငယ်ချင်းတွေအများကြီးစုပြီးတစ်ဝိုင်းတည်းအပြတ်သင်တာ။ အစက တယောက်တည်း။ :-)၂ နှစ်လောက်ပဲသင်ဖြစ်ပါတယ်။ သွားရတာဝေးလွန်းလို့ အဆင်သိပ်မပြေတာနဲ့ ။

      Reply
  • 6. DD  |  June 10, 2010 at 3:51 pm

    Thank you for sharing

    Reply
  • 7. မေဓာဝီ  |  April 22, 2010 at 3:02 pm

    မရွှေမိရဲ့ ဘလော့ကို ခုမှ သိလို့ လာဖတ်ပါတယ်။
    ကျမ လေးစားတဲ့ စာရေးဆရာတွေထဲမှာ ဂျာနယ်ကျော်မောင်နှံလဲ အပါအ၀င်ပေါ့။
    ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူကို ဆယ်ကျော်သက်အရွယ်က ဖတ်ခဲ့ရပြီး အရမ်းနှစ်သက်ခဲ့ပါတယ်။ ဦးချစ်မောင်ကိုလဲ အရမ်းလေးစားမိတယ်။
    ဒေါ်ခင်လေးမြင့်နဲ့ ပတ်သက်လို့က မင်းသားလေး စာအုပ်ပဲ ဖတ်ဖူးပါတယ်။ ခုလို ဖော်ပြပေးထားတာ ကျေးဇူးအရမ်းတင်တယ်။ ဆရာမြသန်းတင့် ရေးတဲ့ ကျွန်တော်နဲ့ ဂျာနယ်ကျော် မမလေး ကိုလဲ စောင့်ဖတ်နေပါတယ်။

    Reply
  • 8. Thet Oo  |  April 21, 2010 at 4:28 pm

    အရေးအသားညက်ညောသဖြင့် ဖတ်၍ကောင်းပါသည်။

    Reply
  • 9. ShwunMi  |  October 26, 2009 at 12:43 am

    ပထမဆုံးဖတ်တဲ့ဝတ္ထုက ဂျာနယ်ကျော်မမလေးရဲ့ ရင်နင့်အောင်မွှေး (၃အုပ်တွဲကြီး)
    စာရေးဆရာမအကြောင်းကို ခုမှပိုပြီး ပြည့်ပြည့်စုံစုံ သိရတယ်..
    ကျေးဇူးတင်ပါတယ်..

    Reply
    • 10. mashwemi  |  October 26, 2009 at 12:49 am

      ဒီလို စိတ်ဝင်တစားဖတ်ပြီး ကွန်မင့်ရေးခဲ့တာ ကို ကျေးဇူးတင်ပါတယ် . ..🙂 နောက်လဲလာလည်ပါ နော်။

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: