မြသန်းတင့်- ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၃)

April 19, 2010 at 11:51 am Leave a comment

အခန်း (၂)

၁၉၄၉ ခုနှစ် ဆောင်းရက် တစ်ရက်ဖြစ်သည်။
ကျွန်တော်တို့ တစ်သိုက်သည် ဘောက်ထော်ဘူတာရုံဘေးရှိ ကမူလေးပေါ်တွင် ထိုင်နေကြသည်။ မြက်ခင်းကစိမ်းလဲ့လျက်။ ၀င်လုဆဲဆောင်းနေခြည်က ၀င်းပနေဆဲ။ ဆောင်းငွေ့ သီသီလွှမ်းထားသဖြင့် လေသည် စူးရှနေသည်။ မီးရထားလမ်း တစ်ဘက်တဲသိုက်များဆီမှ ခွေးဟောင်သံ၊ကလေးငိုသံ ၊ သီချင်းဆိုသံ ရန်ဖြစ်သံများ ကိုကြားရသည်။ တစ်ခါတစ်ရံတွင် ထိုအသံများသည် စတီရီယိုကက်ဆက်တစ်လုံးမှ သူ့အသံနှင့်သူ သီးခြား ထွက်လာသကဲ့သို့ တစ်သံစီထွက်လာသည်။

ခွေးဟောင်သံက သပ်သပ်၊ သီချင်းဆိုသံက သပ်သပ် ၊ရန်ဖြစ်သံက သပ်သပ် ၊ကလေးငိုသံက သပ်သပ် တခါတရံတွင်လည်း ထိုအသံများသည် မိုနိုကက်ဆက်တစ်လုံးမှ အသံများလို စုပြုံ ၍ ဗလုံးဗထွေးထွက်လာတတ်သည်။

ကျွန်တော်တို့ ဆိုသည်မှာ ကျွန်တော်၊ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ မောင်ကြည်လင်၊မောင်ရေအေး (့ဂျာနယ်ကျော်မမလေး၏တူတစ်ယောက်ဖြစ်ပြီး ယခုတော့ကွယ်လွန်ပြီ) တို့ဖြစ်သည်။ ကျွန်တော်တို့ အထဲတွင် မိန်းမသား တစ်ယောက်ပါသည်။ သူမမှာ ဂျာနယ်ကျော်မမလေးဖြစ်သည်။ ထိုစဉ်က ဂျာနယ်ကျော်မမလေး သည် အသက်သုံးဆယ်တစ်ဝိုက်လောက်မှာ သာရှိလိမ့်ဦးမည်။ ဂျာနယ်ကျော်မမလေးသည် ရှပ်အကျီလို ကော်လာပိုးပျော့လက်ရှည် နံသာရောင်ကိုဝတ်ဆင်ထားပြီး ခါးတွင် အပြာရောင် ဂျော်ဂျက်ထဘီ ကို ၀တ်ထား၏။ ကြိုးသိုင်းဖိနပ်ဖြူကိုစီးထား၏။

သူ့ဆံနွယ်များသည် နဖူးပေါ်တွင် ၀ဲကျနေပြီး နောက်တွဲထုံးထားသောဆံပင်များသည် ကျောပေါ်တွင်ဝဲကျနေသည်။ သူ့ နှုတ်ခမ်းက မက်စ်ဖက်တာ ဆေးနီတို့ စွန်းလျက်။ သူ၏ စီးကရက်လက်ကြားညှပ်ပုံ၊ စီးကရက်ဖွာပုံတို့မှာ အမေရိကန် ရုပ်ရှင်မင်းသမီး ရီတာဟေးဝပ် နှင့်တူသည်။

ကျွန်တော်တို့ ကို ဂျာနယ်ကျော်မမလေးနှင့်  မိတ်ဆက်ပေးသူမှာ ဗန်းမော်တင်အောင်ဖြစ်သည်။ ထိုစဉ်က ကျွန်တော်တို့တွေက တက္ကသိုလ်မှာတက်ရင်း ဒဂုန်တာရာ ဦးစီးထုတ်ဝေသည့် တာရာမဂ္ဂဇင်းမှာ စာတိုပေစလေးတွေ ရေးနေကြသည်။ ဗန်းမော်တင်အောင်က လင်းယုန်ဂျာနယ်ကို ထုတ်ဝေနေသည်။ ကျွန်တော်တို့သည် တာရာမဂ္ဂဇင်းမှာသာ မက လင်းယုန်ဂျာနယ်မှာပါ ဆောင်းပါးတွေ၊၀တ္ထုတွေ ရေးကြသည်။ ဂျာနယ်တိုက်များ ၊မဂ္ဂဇင်းတိုက်များသို့ နေ့တိုင်းလိုလိုရောက်ကြသည်။

သူတို့ တစ်တွေအပါအ၀င် စာရေးဆရာ၊ ပန်းချီဆရာ တွေနှင့် လက်ဖက်ရည်ဆိုင်မှာ အချိန်ကုန်သည်။ ညနေစောင်းသည့်အခါတွင် ကျောင်းသို့မပြန်ကြသေးပါ။ ကိုင်းတန်းလမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ဖြစ်ဖြစ်၊ လသာလမ်းထိပ်က တရုတ်လက်ဖက်ရည်ဆိုင်မှာဖြစ်ဖြစ် မော်ကောင်း တစ်အိုးကို မှာကာ လက်ဖက်ရည်ြ့ကမ်းသောက်ရင်း ငြင်းခုံကြသည်။

တစ်ညနေတွင် ကျွန်တော်တို့သည် လင်းယုန်ဂျာနယ်တိုက် ရှိရာ ၃၇ လမ်းထိပ်က ရွှေမြန်မာလက်ဖက်ရည်ဆိုင်တွင် ထိုင်ရင်း ဗန်းမော်တင်အောင်က
“ခင်ဗျားတို့ကို ဆရာကတော် က ထမင်းစားဖိတ်ပေးပါလို့ ပြောနေတယ်“

ဒဂုန်တာရာက ပြုံးစနဲ့နဲ့ ဖြင့်
“ခင်ဗျားတို့ဆိုတာ ဘယ်သူတွေလည်း“ ဟုမေး၏။
“ဒီရေးဖော်ရေးဖက်တွေအားလုံးပေါ့ဗျ။ ခင်ဗျားရယ် ကိုကြည်လင်ရယ်၊ ကိုမြသန်းရယ်၊ ကျွန်တော်ရယ်၊ ကိုရေအေးရယ်“

ဒဂုန်တာရာက သူ့ထုံးစံအတိုင်း ပြုံးစစ လုပ်နေသည်။
“နေစမ်းပါဦးဗျ။ ဆရာကတော်ဆိုတာဘယ်သူလဲ“
“ဒေါ်တင်လှိုင်လေဗျာ။ ကျွန်တော်က ဒေါ်တင်လှိုင်ကို ဆရာကတော်လို့ ခေါ်တာဗျ“
သည်တော့ မှ ဂျာနယ်ကျော်မမလေးကိုပြောမှန်း ကျွန်တော်သိတော့သည်။ ဟုတ်သားပဲ။ ဗန်းမော်တင်အောင်သည် စစ်မဖြစ်မီက ကျွန်တော်တို့ လူလားမမြောက်ခင်ကတည်းက စာပေလောကထဲသို့ ၀င်ခဲ့သူ။ သူက တရံရောအခါ ဆိုသည့် သူ့ဆောင်းပါးလေးထဲတွင် ဂျာနယ်ကျော်ဦးချစ်မောင် အလုပ်လုပ်ပုံ၊ ဦးချစ်မောင်လို သတင်းစာဆရာကြီးတစ်ယောက်ဖြစ်ရန် သူမျှော်မှန်းခဲ့ပုံ၊ ဂျာနယ်ကျော်တိုက်တွင် ဆရာကြီးပီမိုးနင်းနှင့် တွေ့ခဲ့ပုံ၊ စသည်တို့ ကိုလွမ်းစရာရေးသားထားသည်ကို ကျွန်တော်မှတ်မိလာသည်။ သူကဂျာနယ်ကျော်ဦးချစ်မောင်ကို ဆရာ ဟုခေါ်ပြီး ဂျာနယ်ကျော်မမလေးကို ဆရာကတော်ဟု ခေါ်သည်။

တစ်ခါတရံတွင်လည်း ဒေါ်တင်လှိုင်ဟုပင်ခေါ်တတ်သည်။ ထိုစဉ်က သူသည် ဂျာနယ်ကျော်တွင် မဟာအောင် ဟူသောအမည်ဖြင့်ရေးခဲ့သော ၀တ္ထုတိုလေး နှစ်ပုဒ်ကို ကျွန်တော် သတိရနေသည်။ တစ်ပုဒ်မှာ ကပ္ပတိန်မြင့်မောင် ဆိုသည့် ၀တ္ထုတိုလေးဖြစ်သည်။ စစ်တောင်းတံတားမှ ဆုတ်လာခဲ့ရသော ဘုရင့်ကော်မရှင်ရသည့် မြန်မာအမျိုးသား ကပ္ပတိန် တစ်ယောက် ၏ လွမ်းစရာဇာတ်လမ်းလေး။ အင်္ဂလိပ်ကဗျာဆရာ ၀ီလျှံကောင်းပါး၏ သည် ဆော်လစ်တာရီ ရီပါး ဆိုသည့် ကဗျာလေးကို ၀တ္ထုအဖြစ် ပြန်၍ ရေးထားခြင်းဖြစ်သည်။

စစ်ပြီးခါစတွင် ဗန်းမော်တင်အောင် အမည်ဖြင့် ဂျာနယ်ကျော်တွင်ဝတ္ထုတိုလေးများကို ရေးခဲ့သည်။ “မောင့်ကို သေစေညွန်းရော့သလား“ “နော်မူဂေး“ “ချစ်ပါနဲ့ မောင့်ကို“ ။

ကျွန်တော်တို့ တက္ကသိုလ်ရောက်သည့် အခါတွင် ဗန်းမော်တင်အောင်သည် ဘုန်းမောင့်တစ်ယောက်တည်းရယ် ဖြင့် နာမည်ကြီးနေလေပြီ။ တာရာမဂ္ဂဇင်းထဲတွင်လည်း လေလွင့်နေသော သတို့သား “တောလေတဲ့ တံတျာရှင်“ ဆိုသည့်ဝတ္ထုတိုလေးများကို ရေးသားနေလေပြီ။ ထိုမှနောင်ပိုင်းတွင် လင်းယုန်ဂျာနယ်ကို ဦးစီးထုတ်ဝေနေလေပြီ။

ကျွန်တော်သည် ဗန်းမော်တင်အောင်၏ အကြောင်းကို တွေးနေစဉ် ဂျာနယ်ကျော်မမလေးက စီးကရက်ကို တစ်လိပ်ပြီးတစ်လိပ် ဖွာရင်း သူ့ စာပေခရီး၊သူ့မျှော်မှန်းချက်တို့ ကို ပြောပြနေသည်။ ပြောသံမှာ ရှင်းလင်းပြတ်သားသည်။ သို့သော် တိုးတိတ်ညင်သာသည်.။

“ကျွန်မလေ ကိုကိုရဲ့ (့ဂျာနယ်ကျော်မမလေးက ဦးချစ်မောင်ကို ကိုကို ဟုခေါ်သည်) ရည်မှန်းချက်တွေအောင်မြင်အောင်ဆက်လုပ်ချင်တယ်။ လောလောဆယ်မှာ ဂျာနယ်ကျော်လို တိုင်းပြည်က အားထားရမယ့် ဂျာနယ်ကြီးတစ်စောင်ထုတ်ချင်တယ်။ ဂျာနယ်ကျော်မှာ ဒါတွေကို ပြင် ဆိုပြီးလက်ညိုးကြီးတစ်ချောင်းနဲ့ ထောက်ပြထားတဲ့ ခေါင်းစည်းကို ရှင်တို့ မှတ်မိကြဦးမှာပဲ။ အောက်မှာ “မကြောက်မညှာ မျက်နှာမရွေး မှန်တိုင်း ရေးပိမ့် “ ဆိုတဲ့ ဆောင်ပုဒ်လေးပါတယ်လေ။ အဲဒီအခန်းမှာ တိုင်းပြည်အတွက် အေ၇းတကြီးလိုအပ်တဲ့ အရာတွေကို ဘယ်သူ့မျက်နှာမှမထောက်ပဲ ရဲရဲရင့်ရင့် ထောက်ပြခဲ့တယ်။ ဒါကြောင့် အဲဒီတုန်းက ဂျာနယ်ကျော်ဟာ တိုင်းပြည်အတွက် အားထားရတဲ့ ဂျာနယ်ကြီးတစ်စောင်ဖြစ်လာခဲ့တာပေါ့။ ဂျာနယ်ကိုတော့ ဂျာနယ်ကျော် ဆိုတဲ့ နာမည်နဲ့ပဲ ဆက်ထုတ်မယ်။ ဒီနာမည်ဟာ ကိုကိုပေးခဲ့တဲ့နာမည်လေ။ သူ မြန်မာ့အလင်းကထွက်ပြီး ကိုယ်ပိုင်အရင်းအနှီးကလေးနဲ့ ဂျာနယ်တစ်စောင်ထုတ်မယ် ဆိုကတည်းက ဂျာနယ်ကျော်ဆိုတဲ့ နာမည်ကို သူပဲ စဉ်းစားခဲ့တာပဲ။ အင်္ဂလိပ်လိုနာမည်တော့ The Weekly Thunderer တဲ့. မိုးကြိုးသွားပေါ့။ လန်ဒန်တိုင်း သတင်းစာကြီးက ဆန်းဒေးတိုင်း ဆိုပြီး အပတ်စဉ် ထုတ်တော့ အဲဒီအောက်မှာ ဒီစာတန်းပါတယ်။ ဒီစာတန်းကို ကိုကို သဘောကျပြီး ဂျာနယ်ကျော်ကို အင်္ဂလိပ်လို ဒီနာမည် ပေးလိုက်တာ။

“ဂျာနယ်ကျော် အောင်မြင်ရင် သတင်းစာဆက်ထုတ်မယ်။ သတင်းစာကိုလည်း ပြည့်သူ့ဟစ်တိုင် ဆိုတဲ့နာမည်နဲ့ပဲ ဆက်ထုတ်မယ်။ ဒါလဲ သူပေးခဲ့တဲ့နာမည်ပဲ။ ဒီကြားထဲမှာ ၀တ္ထုလေးတွေရေးမယ်။ မိန်းမတွေရဲ့ စရိုက်ကိုဖော်ပြတဲ့ ၀တ္ထုမျိုးတွေပေါ့လေ။ အထူးသဖြင့် မြန်မာအမျိုးသမီး တွေရဲ့ ဘ၀၊ မြန်မာအမျိုးသမီးတွေရဲ့ စရိုက်ကို ဖော်ပြတဲ့ ၀တ္ထု တွေကို ကျွန်မရေးချင်နေတယ်။ ဂျာနယ်တို့ သတင်းစာတို့ ထုတ်ဖြစ်ရင်လည်း ရှင်တို့က ၀ိုင်းကူကြပါ“

ဂျာနယ်ကျော်မရပ်ခင် တုန်းက ကျွန်တော်တို့ ဆောင်းပါး အတိုအစလေးတွေေ၇းရဖူးသည်။ ထိုဆောင်းပါးတိုလေးများကို သူမသတိပြုမိပုံရသည်။

ကျွန်တော်သည် သူ၏စကားများကို နားထောင်ရင်း မျှော်မှန်းချက်ကြီးမားသော၊ဇွဲကြီးသော၊အပင်ပန်းခံနိုင်သော၊အလုပ်လုပ်နိုင်သော ဂျာနယ်ကျော်မမလေး၏ ရုပ်ပုံလွှာကို မြင်ယောင်နေသည်။

ထိုစဉ်က သူသည်ဘောက်ထော်ဘုတာရုံစာရေးတန်းတစ်ဘက်ရှိ မင်္ဂလာလမ်းထောင့်တွင်လားမသိ။ တိုက်သစ်တစ်လုံးတွင်နေသည်။ ကျွန်တော်တို့ကို ထမင်းစားဖိတ်သဖြင့် ရောက်သွားသည့်အခါတွင် ကျယ်ပြန့် ခမ်းနား၍ အနောက်တိုင်းဆန်သော ထမင်းစားခန်းကို ကျွန်တော် သတိပြုမိသည်။

မှန်ပြတင်းကြီးများတွင် လိမ္မော်ရောင် ခန်းဆီးရှည်တွေကာထားပြီး ကြမ်းပြင်တွင် နိုင်ငံခြားမှလာသော မိုးဇေ ကျောက်ပြားတွေ ခင်းထားသည်။ မိုးဇေကျောက်ပြားများမှာ ပန်းပွင့်တွေ ပန်းကွက်တွေ ပုံဖော်ထားသဖြင့် ပန်းကော်ဇောကြီးတစ်ချပ်ကို ကြည့်နေရသည်နှင့်တူသည်။ မျက်နှာကျက်တွင် ပန်ကာက ဖြည်းညင်းစွာလည်လျက်။ အခန်းထောင့်တစ်နေရာတွင် ဂျာမနီလုပ်ရေခဲသေတ္တာ ၊ပန်းကန်ဗီရို၊ပြောင်လက်တောက်ပသော မဟော်ဂနီရောင် ထမင်းစားပွဲရှည်၊လှပသပ်ရပ်သည့် ထမင်းစားစားပွဲသုံး မတ်တပ်ကုလားထိုင်များ၊စားပွဲပေါ်က ဖန်ခွက်များထဲတွင် တောင့်နေအောင် ကော်တိုက်ပြီး ကန်တော့ပုံထိုး၍ ထည့်ထားသည့် ဖြူဖွေးသန့်ရှင်းသော လက်သုတ်ပုဝါများ။

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

မြသန်းတင့်- ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၂) မြသန်းတင့်- ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၄)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: