မြသန်းတင့်- ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၂)

April 18, 2010 at 12:20 am 8 comments

ကျွန်တော်နှင့်ဂျာနယ်ကျော်မမလေးသည် ငယ်ပေါင်းကြီးဖော်တွေလို ပွင့်ပွင့်လင်းလင်းပြောတတ်ကြသည်။ အစ်မကြီးနှင့် မောင်ငယ် တစ်ယောက်လိုရင်းနှီးကြပါသည်။

မြို့ထဲသို့ေ၇ာက်လျှင် ကျွန်တော်သည် သူ့အလုပ်တိုက်ခန်းကို မ၀င်ပဲပြန်လေ့မရှိ။ သူ့အလုပ်ခန်းတွင်နေ့လည်စာစားသည်။ ချိန်းစရာရှိသည့်လူတွေကို သူ့အလုပ်ခန်းမှာ ချိန်းတွေ့သည်။ အရေးတကြီးစာရေးစရာရှိလျှင် သူ့အလုပ်ခန်းမှာ ကျွန်တော်စာရေးသည်။

သူ့သားကြီးမောင်သိန်းတန်ကို ဆုံးမ၍ မရလျှင် ဂျာနယ်ကျော်မမလေးသည် ကျွန်တော့်ထံရောက်လာပြီး မောင်သိန်းတန်အကြောင်းကို တိုင်တန်းသည်။

“ကိုမြသန်းရဲ့ တူကို ကြည့်ပြောစမ်းပါဦး။ အိမ်ကပစ္စည်းတွေကို ယူရောင်းပြန်ပြီ။ “ဟုပြောတတ်သည်။

တော်တော်ကြာအမေ့သေတ္တာကို ကန့်လန့်ဖွင့်ပြီး ငွေတစ်ထောင်ယူသွားပြန်ပြီ။ တော်တော်ကြာ အမေ့စိန်နားကပ်ကို ယူသွားပြန်ပြီ။ တော်တော်ကြာ အမေ့စိန်လက်စွပ်ကို ယူသွားပြန်ပြီ။

ဂျာနယ်ကျော်မမလေးသည် သူ့သားမောင်သိန်းတန်ကို ကျွန်တော်နှင့်ဗန်းမော်တင်အောင်တို့ကို အပ်ပါသည်။
“ရှင်တို့ကြိုက်သလို ဆုံးမပါ။ ဒီကောင်ကလဲ ရှင်တို့ နှစ်ယောက်ကိုသာ အထင်ကြီးတာ။ ရှင်တို့ပြောမှပဲနားထောင်တယ်။ ကြည့်ပြောကြစမ်းပါဦး“

ကျွန်တော်ရော ဗန်းမော်တင်အောင်ရော မောင်သိန်းတန်ကိုဆွေးနွေးဆုံးမကြပါသည်။

“ဦးလေးကလဲ အဘွားကြီးက ဒီလိုလုပ်ပေးမှဖြစ်တာဗျ။ ကောင်းကောင်းမွန်မွန်တောင်းရင်ပေးချင်တာမဟုတ်ဘူး။ ဒီတစ်ခါတည်းပါ။ နောင်တော့မလုပ်တော့ပါဘူး“

သို့ရာတွင်မောင်သိန်းတန်သည် သည်တစ်ခါတည်းပါဆိုပြီး နောင်တွင်လည်း ထိုအတိုင်းပင်လုပ်မြဲတိုင်းလုပ်နေပါသည်။ ကျွန်တော်နှင့်ဗန်းမော်တင်အောင် နောက်ဆုံးတွင်လက်လျှော့လိုက်ကြပါသည်။ မောင်သိန်းတန်သည် ကျွန်တော်တို့ရှေ့မှာသာ ကောင်းပြီ ကောင့်းရဲ့  နဲ့ ပြောပြီး နောင်တော့ သူထင်ရာသူ လုပ်သွားသည်ချည်းဖြစ်ပါသည်။

သို့ရာတွင် ထူးဆန်းသည်မှာ ဂျာနယ်ကျော်မမလေးသည် ထိုသားကိုအချစ်ဆုံးဖြစ်နေခြင်းဖြစ်ပါသည်။

နောက်ဆုံးအခေါက် အင်းစိန်တောရက ကျွန်တော်ပြန်လာပြီးသည့်အခါတွင် ဂျာနယ်ကျော်မမလေး၏ အလုပ်ခန်သို့ ကျွန်တော်နေ့တိုင်းမရောက်တော့။ ကျွန်တော်၏မျက်စိမှာပိုမွဲလာသဖြင့် မြို့ထဲသို့နေ့တိုင်းမထွက်။ တစ်ပတ်မှ တစ်ခါ နှစ်ခါလောက်သာ ထွက်သည်။ မြို့ထဲသို့ ရောက်လျှင်မူ သူ့အလုပ်ခန်းသို့ ကျွန်တော်ဝင်မြဲ။

သူမဆုံးခင်တစ်လကျော်ကျော်လောက်ကမူ ဂျာနယ်ကျော်မမလေးသည် ဆေးပေါ့လိပ်အရှည်ကြီးကို ဖွာရင်း ချောင်းတွေတဟွပ်ဟွပ် ဆိုးနေသည်။ သူ့မှာ ၁၉၅၅ လောက်တုန်းက တီဘီရောဂါဖြစ်ဖူးသည်။ ကျွန်တော်ကစိုးရိမ်၍ ကိုအောင်ဇေယျကို သတိပေးသည်။
“ကိုအောင်ဇေယျ အဘွားကြီးကိုကြည့်ရတာ တော်တော်လေးကျသွားတယ်။ ချောင်းတွေကလဲသိပ်ဆိုးတာပဲ။ဆေးလိပ်ကလည်း သောက်တုန်းပဲ။ နည်းနည်းပါးပါးသတိပေးပါဦး။“

ကျွန်တော်က ဂျာနယ်ကျော်မမလေး၏ ကွယ်ရာတွင် အဘွားကြီးဟု သှူု့သားမောင်သိန်းတန် ခေါ်သလိုခေါ်တတ်သည်။ တစ်ခါတွင် နောက်တွင် သူရောက်နေမှန်းမသိပဲ အဘွားကြီးဟု ကျွန်တော်ပြောနေသံကို ကြားသွားသဖြင့် “ရှင် ကျွန်မကို ဘာလို့ အဖွားကြီးလို့ခေါ်ရတာလဲ “ ဟုဆိုကာ သုံးလေးရက်လောက်စိတ်ကောက်နေသည်။

နောက် သုံးလေးရက်လောက်ရှိတော့မှ…

“ဘာသာရေးသဘောနဲ့ ကြည့်ရင်တော့ ရှင်တို့ ပြောတာဟုတ်သားပဲ။ ကျွန်မက သေရမှာမကြောက်ဖူး။ ဇရာနဲ့ ဗျာဓိကိုတော့ သိပ်ကြောက်တယ်“ ဟုကျွန်တော့ကို ပြောဖူးသည်။

ကျွန်တော်က ဂျာနယ်ကျော်မမလေး၏ ကျန်းမာရေးနှင့်ပတ်သက်၍ ကိုအောင်ဇေယျကိုပြောသည့်အခါတွင်
“ခင်ဗျားကလဲ သူက အင်္ဂလိပ်ဆ၇ာဝန်ကို လုံးဝပြတာမဟုတ်ဘူး ။ သူ့ဆေးနဲ့ သူ ကုနေတာ။ပြောလို့ ဘယ်ရမလဲ“ ဟုပြောသည်။

နောက်ပိုင်း ကျွန်တော် သူတို့အလုပ်ခန်းကိုရောက်သည့်အခါတွင် ဂျာနယ်ကျော်မမလေးကိုမတွေ့ရတော့။ အိမ်မှာနားနေသည်ဟုသာ ကိုအောင်ဇေယျက ကျွန်တော့ကို ပြောသည်။ ကျွန်တော်ကလည်း သာမန် လောက်ပဲ သဘောထားလိုက်သည်။ နေထိုင်မကောင်းဖြစ်သည်ဟု မထင်။

“အဘွားကြီးနေကောင်းလား“ ဟုကျွန်တော်မေးတိုင်း ကိုအောင်ဇေယျက ကောင်းပါတယ် ဟု ဖြေသဖြင့် ကျွန်တော်လည်း ခပ်ပေါ့ပေါ့သဘောထားခဲ့သည်။

သူမဆုံးခင် ငါးရက်လောက်အလိုတွင် ကျွန်တော်သည် အနော်ရထာလမ်း နှင့် ၄၈ လမ်းထောင့်ရှိ သူတို့၏ အလုပ်ခန်သို့ ထုံးစံအတိုင်းရောက်သွားပြန်သည်။ ကျွန်တော်က ထုံးစံအတိုင်း

“ကိုအောင်ဇေယျ အဘွားကြီးနေကောင်းရဲ့လား“ဟုမေး၏

ကိုအောင်ဇေယျကလည်းထုံးစံအတိုင်း “ကောင်းပါတယ်“ ဟုဖြေသည်။ သည့်ထက်ဘာမှမပြော။

နောက်ငါးရက်အကြာတွင် ဂျာနယ်ကျော်မမလေး၏နာရေးကြော်ငြာကို သတင်းစာများထည်းတွင် ကျွန်တော်တွေ့လိုက်ရသည့်အခါ အကြီးအကျယ်တုန်လှုပ်အံ့သြသွားသည်။ ကိုအောင်ဇေယျသည် ကျွန်တော့်ကိုတစ်ခွန်းမှမပြော။ နေထိုင်မကောင်းဟုပင် စကားမဟ။ ကျွန်တော်က တစ်ခုတ်တရမေးသည်ကိုပင် နေထိုင်ကောင်းပါတယ် ဆိုသည့်စကားမျှသာ ဖြေသည်။

တကယ်ဆိုလျှင် ကျွန်တော့ကို နည်းနည်းပါးပါးတော့ ပြောဖို့ကောင်းသည်။ သည်လောက်ရင်းနှီးပါလျှက်နှင့် သူအသက်ရှင်နေစဉ် နောက်ဆုံးအချိန်တွင် မတွေ့လိုက်၇သဖြင့် ကျွန်တော် အကြီးအကျယ် စိတ်ထိခိုက်သွားသည်။

ကျွန်တော်သည်ဂျာနယ်ကျော်မမလေး၏ အသုဘသို့ ချက်ချင်းရောက်သွားသည်။ သူကိုယ်တိုင်ကြီးကြပ်ဆောက်လုပ်ခဲ့သော တိုက်အိမ်သစ်ကြီး အောက်ထပ်ဧည့်ခန်းတွင် ဂျာနယ်ကျော်မမလေး၏ အလောင်းကို လှလှပပ ပြင်ဆင်ထားသည်။ သူကြိုက်တတ်သည့် ယောထဘီကို လွှမ်းလျက်၊ မျက်နှာပြင်တွင် ဇာပ၀ါ ပါးပါးအုပ်လျက်။

ကျွန်တော်သည် အလောင်းကိုသွားမကြည့်တော့ပါ။ အဝေးမှသာ လှမ်းကြည့်ရင်း

“ခင်ဗျား တော်တော်နေနိုင်တဲ့လူဗျာ။ ကျွန်တော်ကိုယ်တိုင်သေသေချာချာမေးပါလျက်နဲ့ နေကောင်းတယ်ဆိုပြီးဖြေတယ်။ တကယ်လို့သာ နေထိုင်မကောင်းမှန်းသိရင် ကျွန်တော်လာမတွေ့ရပါလား။ ခုတော့ နောက်ဆုံးချိန်လေးမှာတောင် မတွေ့လိုက်ရတော့ဘူး။

ကျွန်တော်က စိတ်ဆိုးဆိုးဖြင့် ကိုအောင်ဇေယျကို အပြစ်တင်သည်။ သူက လေသံပျော့လေးဖြင့်
“ခင်ဗျားလည်း သူ့အကြောင်းကိုသိသားပဲ။ သူနေထိုင်မကောင်းတာကို ဘယ်သူ့ကိုမှ မပြောရဘူးတဲ့။ ပြောရင် ဆေးရုံတက်ဖို့၊ ဆရာဝန်ပြဖို့ ပြောကြလိမ့်မယ်တဲ့။ သူ့ဆေးနဲ့သူ ကုမယ်တဲ့။ မလုပ်ချင်တာကို မိတ်ဆွေတွေတိုက်တွန်းလို့ သူက မလုပ်ပဲနေရင် မိတ်ဆွေတွေလည်း စိတ်ဆင်းရဲ သူလည်းစိတ်ဆင်းရဲမယ်တဲ့။ ဒါကြောင့် ဘယ်သူ့ကိုမှ မပြောနဲ့ ဆိုလို့ ထိန်ချန်ထားရတာ“

ကျွန်တော်သည် ကိုအောင်ဇေယျကိုကော ဂျာနယ်ကျော်မမလေးကိုပါ အပြစ်တင်နေမိသည်။ သူ့ နောက်ဆုံးအချိန်ကို တစ်ယောက်တည်း စောင့်ဆိုင်းနေသော ဂျာနယ်ကျော်မမလေး၊မိတ်ဆွေတွေကိုပင် အသိမပေးသော ဂျာနယ်ကျော်မမလေး။

ခင်မင်ရင်းနှီးသော ကျွန်တော့ကို ပင် အသိမပေးသောကြာင့် ကျွန်တော် မကျေမနပ် ဖြစ်နေပါသည်။ သူတို့ ကဂျာနယ်ကျော်မမလေးအကြောင်း ကိုရေးခိုင်းတိုင်း ထိုကိစ္စသည် ခေါင်းထဲတွင်ပေါ်လာတတ်သည်။ အဖုအထစ် ဆိုသည် မှာ ထိုကိစ္စဖြစ်ပါသည်။

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

မြသန်းတင့်- ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၁) မြသန်းတင့်- ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၃)

8 Comments Add your own

  • 1. မောင်မျိုး  |  June 13, 2010 at 6:51 pm

    ဒီပို့စ်တွေ အတွက်ကျေးဇူး ခု ၂ ပုဒ်ဖတ်သွားပြီး နောက်နေ့လာထပ်ဖတ်အုံးမယ် ။ အစ်မ နောက်ထပ်ဖတ် ဖတ်ဖြစ်တဲ့စာအုပ်တွေကကော ကျနော်ကစာအုပ်သရဲ အငတ်ခံပြီး စာအုပ်တွေဝယ်၂စုဖြစ်တယ်း)

    Reply
    • 2. mashwemi  |  June 14, 2010 at 10:55 pm

      ရေးပါဦးမယ် မောင်မျိုး။ အခုတလော မအားသေးလို့ပါ ။ ရွှေကူမေနှင်းရဲ့ တခါတုန်းက တက္ကသိုလ် စာအုပ်ကို ဖတ်ပြီးညွန်းချင်နေတာ။ ကျွန်မလည်း ရန်ကုန်ကနေ ဘာမှသိပ်မမှာဖြစ်ဘူး။ စာအုပ်တွေပဲမှာတယ်။ ပြန်ရင်လည်းစာအုပ်တွေပဲဝယ်တော့ အိမ်မှာလည်း တအိမ်လုံးစာအုပ်တွေချည်းပဲ။ စာအုပ်တွေကိုကြွားတဲ့ပို့်စ် တခုလောက်လဲ ဓာတ်ပုံရိုက်ပြီးတင်ဦးမှပဲ ထင်တယ်😛

      Reply
  • 3. suuchit  |  April 30, 2010 at 12:59 pm

    ဆရာမြသန်းတင့်ရဲ့ ဂျာနယ်ကျော်အကြောင်း ဖတ်ရလို့ ကျေးဇူးအများကြီးတင်ပါတယ်နော်… စောင့်မျှော်ဖတ်နေပါမယ်…
    ခင်မင်လျက်… စုချစ်

    Reply
    • 4. mashwemi  |  April 30, 2010 at 3:16 pm

      ကြီးစု တစ်ယောက် ဒါကိုဘယ်လိုတွေ့သွားပါလိမ့် …မရေးဖြစ်တာနဲနဲကြာပီ.။ ပြန်ရိုက်ပေးဦးမှပဲ။ ကြီးစုစောင့်ဖတ်မယ်ဆိုလို့ 😛

      Reply
  • 5. s  |  April 18, 2010 at 10:36 pm

    မရွှေမိ ..စာမရေးတာကြာပြီနော်။
    မဖတ်ဖူးသေးလို့ ဖတ်သွားပါတယ်။ လက်ညောင်းခံ ပြန်ရိုက်တင်ဖူးတာကျေးဇူး

    Reply
    • 6. mashwemi  |  April 18, 2010 at 11:13 pm

      🙂 ဟုတ်တယ် စင်စင် ..ဘလော့ကိုပစ်ထားတာကြာပြီ။ ခုတလောမှ ဂျာနယ်ကျော်မမလေး အကြောင်းတွေ ပြောမိတာများတာရယ်။ april 6 က ဂျာနယ်ကျော်မမလေး ကွယ်လွန် တာ ၂၈ နှစ် ရှိပြီ ဆိုပီး အမှတ်တရ ရိုက်တင်နေတာ. လာဖတ်တာကျေးဇူးပါ🙂

      Reply
  • 7. mashwemi  |  April 18, 2010 at 10:34 pm

    🙂 လာဖတ်တာကျေးဇူးပါ။ ရင်တွင်းဖြစ်တော့ရေးဖြစ်ဦးမယ်မထင်ဘူးရှင့်။ ကျမအရမ်းသဘောကျတဲ့စာရေးဆရာမကြီးဂျာနယ်ကျော်မမလေး အကြောင်း ဆရာမြသန်းတင့်ရေးထားတာကို ဖတ်ဖူးတဲ့သူသိပ်မရှိသေးတာနဲ့ ရိုက်တင်ပေးနေတာပါ။🙂

    Reply
  • 8. naythanlynn  |  April 18, 2010 at 9:41 pm

    မရွှေမိဆိုတာ ဘယ်သူလဲ သိနေသလိုပဲ
    ဖေ့ဘွတ်မှ တဆင့် ၀င်ရောက်အလည်လာပီး ဖတ်သွားပါတယ်
    ဒါနဲ့ ဂျာနယ်ကျော်မမလေး ကြောင်းပဲ ရေးတော့မှာလား ဘလော့ဂ်ပိုင်ရှင်ရဲ့ ကိုယ်ပိုင် ရင်တွင်းဖြစ် အတို၊ အရှည်တွေလဲ ဖတ်ပါရစေ >>

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: