ရှာမှရှားတဲ့ သူလိုမိန်းမ

မမေကြည်ရဲ့ လက်ရာ ဒုတိယပိုင်းပါရှင်🙂

ရှာမှရှားတဲ့ သူလိုမိန်းမ

ဂျာနယ်ကျော်မမလေးရဲ့ စာများကိုဖတ်လို့ စိတ်နေအထက်တန်းကျ မိန်းမပီပီ ပြည်စုံကျနတဲ့ဘ၀တွေ ဇာတ်ကောင်တွေကို အားကျနှစ်သက်သူများ ဒီလို စိတ်နေအထက်တန်းဘ၀ကို အပြည့်အ၀ မဟုတ်တောင် ကိုယ်စွမ်းသလောက် ကြိုးစား နေထိုင်နိုင်ပါတယ်။ တော်ရုံတန်ရုံ အမျိုးသမီးများ ကြိုးစားယူလို့ မလွယ်လှတဲ့ အချက်များကတော့ သူရဲ့ သိမြင်စိတ်ကြီးမားခြင်း နဲ့ စိတ်ဓာတ်အင်အားကြီးမားခြင်းပါ။ သူ့စာများကို ထပ်ခါတလဲလဲ ဖတ်ရင်းဖတ်ရင်း ကျွန်မ စိတ်ထဲ အမှတ်ထင်ထင် ဖြစ်လာတဲ့ ရှာမှရှားတဲ့ သူလိုမိန်းမရဲ့ စရိုက်လက္ခဏာတွေပါ။

သူ ကိုယ်တိုင်က ကုံလုံကြွယ်ဝစွာ မွေးဖွား၊ ခမ်းခမ်းနားနား ကြီးပြင်းခဲ့သူ ဖြစ်ပေမဲ့ အောက်ခြေ အင်မတန် စေ့ပါတယ်။ သည်မိုး ၀တ္တုတိုမှာ တထည်စိုလို့မှ တထည်လဲစရာမရှိ ခြုံစရာစောင်မရှိတဲ့ မိန်းမပျိုလေးနှင်းဥ မိခင်အို အတွက် စပါးကျီမှာ ဂုံနီအိတ် သွားခိုးယူရင်း အစော်ကားခံရ ဘ၀ပျက်ရ မိခင်အသက်ဆုံးရ နောက်ဆုံး ချောင်းရေမှာ ကိုယ်တိုင် အဆုံးစီရင်ရ ပါတယ်။

သူ ရေးထားတဲ့ နောက်ဆုံးအပိုဒ်ကလေးကို ကြည့်ပါ။

ချောင်းရေထဲတွင် နစ်၍သွားသည့် နှင်းဥအား မိုးကြီးလည်း သည်းထန်စွာ သွန်ကူနစ်ပေးလိုက်၏။

တအုန်းအုန်း ရွာချနေသည် “သည်မိုး”မှာ လူတန်းစေ့စေ့ လူလိုနေရ၍ လူ့အခွင့်အရေးကို တင်းပြည့်ကျပ်ပြည့်ရရှိသည့် သူတို့အတွက်သော်ကား တမိုက်ထူထူ မွေ့ရာပေါ်တွင် ကိုယ်ကိုနှစ်၍ ဂွမ်းစောင်၊ သက္ကလပ်စောင်၊ ကတ္တီပါစောင်၊ ခြုံစောင် အမျိုးမျိုးတို့နှင့် အထပ်ထပ် ခြုံလွမ်း၍ ကွေးအိပ်နေရသည်မှာ အလွန်တရာမှ “ဇိမ်” ရှိလှပါပေ၏။
{ ဂျာနယ်ကျော်မမလေး လက်ရွှေးစင်ဝတ္တုတိုများ ( ၁၉၄၁-၁၉၈၁) မှ သည်မိုး ၀တ္တုတို }

ထမိန် အထည် ၅၀၀ ပိုင်သူရေးတဲ့ ထမိန်တထည်သာရှိသူ၊ လဲစရာတထည် နောက်ထပ်မရှိလို့ လူ့ဘ၀မှ ထွက်ခွာ သွားရလေသူရဲ့ဇာတ်ကြောင်း။ ကျွန်မ အဲဒီ ၀တ္တုတိုကို ဖတ်ရကတည်းက ဘယ်တော့မှ မေ့ မသွားတော့ဘူး။ မိုးအေးအေးရှိလို့ စောင် ၂ ထပ်နဲ့ကွေးလေတိုင်း သည်မိုးရဲ့ နောက်ဆုံးအပိုဒ်က အာရုံထဲ ၀င် ၀င် လာတယ်။ ဒီလို ဘ၀တွေကိုလည်း သူ သိမြင်ပြီး စာနာညှာတာစိတ် ရင်ထုမနာဖြစ်ရတဲ့စိတ်၊ သူ့စိတ်ကို ကျွန်မ မြင်တယ်လို့ ခံစားရတယ်။ ပြည့်စုံသူတွေအဖို့ သူဆင်းရဲများဘ၀ကို စာနာသနားတတ်ပါတယ်လို့ ဘယ်လောက်ပြောပြော အပေါ်ယံသာ သိပါမယ်။ ဒီလောက် အောက်ခြေစေ့စေ့ မသိနိုင် မမြင်နိုင်ဘူး။ သူ့ သိမြင်စိတ် သိပ်ကြီးတယ်။ အမှုမဲ့ အမှတ်မဲ့ နေထိုင် ကျော်ဖြတ်သွားတဲ့ စရိုက် သူ့မှာ မရှိဘူး။

ဂျာနယ်ကျော်မမလေး “စိတ်” ၀တ္တုမှာ ဆရာဇော်ဂျီ အမှာစာရေးပါတယ်။ ဇတ်ကောင်ဒေါက်တာမစောလင်းဟာ ကြည့်မြင်စိတ် ကြားနာစိတ် တွေးကြံစိတ် သဘာဝကိုစုံစမ်းလိုစိတ် ရှိသူဖြစ်သော်လည်း လူကဲမခတ်တတ်၍ မတော်သော လမ်းကိုသွားမိ၍ မတော်သော ဒုက္ခကြုံခဲ့ရသူလို့ သုံးသပ်ပါတယ်။

စိတ် ၀တ္တုအဖွင့်မှာ ဖခင်အလောင်း မီးသင်္ဂြိုဟ်တာကို အစအဆုံးကြည့်တဲ့အခန်းပါ။ ဂျာနယ်ကျော်မမလေး ကိုယ်တိုင်ကလည်း သူ့မိခင်ဆုံးတော့ တာမွေသုသာန်မှာ မီးရှို့တာကို ပြာကျလောင်ကျွမ်းတဲ့အထိ ကြည့်ကာ သံဝေဂယူတဲ့အကြောင်း ရေးပါတယ်။
ဘုရား ဘုရား။ တော်ရုံတန်ရုံ စိတ်အင်အားနဲ့ အလောင်းကို မီးရှို့တာ အစအဆုံး မကြည့်နိုင်ဘူး။ ဖူးယောင်းပုပ်ပွအလောင်း အသားအရိုး မီးစွဲလျက် တရှိတ်ရှိတ်လောင်ကျွမ်းတာ၊ ကုန်းကွကြွလာ၍ တံစို့နဲ့ ရိုက်ချရတာ၊ နောက်ဆုံး ပြာကျလောင်ကျွမ်း ကုန်ဆုံးရတဲ့အထိ သူ ကြည့်နိုင်တယ်။ သံဝေဂ ယူတယ်။

နောက်ဆုံးတရားအမွေ ပေးခဲ့သော မိခင်၏ကျေးဇူးကား ကြီးလှဘိ၏။

ဘ၀ခရီးတလျှောက် ကျွန်မအပေါ် မည်သူကပင် အနိုင်ကျင့်ကျင့်၊ မည်သူကပင် မဟုတ်မတရား မရိုးမသား မလိုမုန်းထား ပြောဆို ပြုမူနှိပ်စက်၍ တရားပျက်ကြခြင်းကို ကြုံရစေဦးတော့။ တွေ့ကြုံရသော ဘေးရန်အပေါင်း လောကဓံတရား အပေါင်းတို့အား လူ့ဘ၀သည် ခဏတာမျှမခိုင်မြဲပါတကား ဟု ယင်းကဲ့သို့ အသည်းစွဲနေသော အစွဲအလမ်းကြောင့် ခံနိုင်ရည်ရှိသော စိတ်ဓာတ် ဖြစ်ပေါ်နိုင်သည်။
( ဂျာနယ်ကျော်မမလေး – ဘ၀ပုံရိပ်များ – မရွေ့မရှိ ရွေ့သည်ချည်းမို့ )

အဆိုပါ စိတ်ဟာ ဇာတ်ကောင်စရိုက် ထူးလှပါတယ်ဆိုတဲ့ မစောလင်းရဲ့စိတ်ဘဲ။ ဖတ်လို့သာ ဖတ်လိုက်ရ မီးရှို့တာကို ကျွန်မ အစအဆုံး မကြည့်ဖူး။ ကျွန်မ ငယ်သူငယ်ချင်းဆုံးလို့ ရွာမှာ မီးသင်္ဂြိုဟ်တော့ မီး စ စွဲတာနဲ့ ကလေးတွေပြန်ကြတော့ဆိုလို့ ပြန်လာခဲ့တယ်။ အစအဆုံး ကြည့်လဲကြည့်နိုင်မှာမဟုတ်ဘူး။ ကြည့်ဘို့လဲ စိတ်အင်အားမရှိ။ စိတ်အင်အားရှိတောင်မှ သူ့လို သံဝေ ရမှာမဟုတ်။ ဘုရား အကြိမ်ကြိမ် တ မိကာ အခါခါ အံကြမိပါတယ်။ သာမာန်စိတ်ဓာတ်အင်အားနဲ့ ပြီးတဲ့ကိစ္စမဟုတ်ပါဘူး။

မစောလင်းဟာ စိတ်ယုတ်ညံ့သောယောင်္ကျားတယောက်ကြောင့် မိန်းမသားတယောက်အဘို့ လောကတွင် အဆိုးဆုံး မသတီစရာ အကောင်းဆုံး မတော်မတရားမှုကို ကြုံခဲ့ရတယ်။ အမှန်တရား ဖော်လိုစိတ်ကြောင့် တိုင်းကျော်ပြည်ကျော် အရှက်တကွဲ ဖြစ်ရတယ်။ ချိုချိုဟာ လူကဲခတ်နိုင်ပြီး စိတ်အင်အားကြီးသူ မစောလင်းက ဘာကြောင့် မမြင်ရသလဲ။ ကျွန်မ အထပ်ထပ် တွေးမိတယ်။ ကိုယ့်စိတ်နဲ့ နှိုင်းပြီး ကောက်ချက်တခု ချမိတယ်။ တဦးတည်းအမြင်ပါ။ ကြိုက်သလို ကွဲလွဲကြပါ။

သူ ကိုယ်ကိုကိုယ် ယုံကြည်စိတ်အားပြင်းကာ သူနဲ့ ဆက်ဆံထိတွေ့နေသူတွေကို မိန်းမသားမွေးရာပါဗီဇ သံသယစိတ်နဲ့ မကြည့်လို့ပါ။ ချိုချိုက အဲဒီရှုထောင့်က ကြည့်တော့ မြင်တယ်။ သူ့ချစ်သူငယ်ချင်း မစောလင်းဆီ အလုပ်လာဝင်တဲ့ ဆရာဝန်ကို ဘယ်လိုယောင်္ကျားလဲ အမြဲလိုလို စူးစမ်းစိတ်ရှိသူပါ။ မစောလင်းက ထိုသို့ စုံစမ်းနေစရာ မလိုအပ်ဘူး တွေးကာ အဲဒီရှုထောင့်က မကြည့်တော့ မမြင်တာ။

ကိုယ်ဘာသာ ယုံကြည်မှု ပြင်းထန်တဲ့စိတ်… အမျိုးသားများသာ ကြီးစိုးတဲ့အလုပ်မှာ နှစ်ပေါင်းများစွာ လုပ်ခဲ့ဖူးလို့ အဲဒီစိတ်ကို ကျွန်မ ခံစားနိုင်တယ်။ တခါသား သီလ၀ါဆိပ်ခံတံတားမှာ ပစ္စည်းချနေချိန် ဆိပ်ခံမှာ ကျွန်မတယောက်တည်း မိန်းမ ကျန်တဲ့ ရုံးကလူတွေအကုန်လုံး ယောင်္ကျာသားတွေ။ သဘာင်္ပေါ်မှာ တဦးတည်းသော တတိယအရာရှိအမျိုးသမီး ဆင်းလာပြီး ယောင်္ကျားသားတွေကြီးစိုးတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ချိန် အဲဒီယုံကြည်စိတ်အကြောင်း ပြောဖြစ်တယ်။ မစောလင်းခမြာလည်း သူ့လိုအမျိုးသမီးတယောက်ကို ဒီလောက် အလွယ်တကူ အရိုအသေတန် စော်ကားခံရမယ်လို့ မတွေးမိတာပါ။

မစောလင်းကတော့ သူ့ဘ၀မှာ ကြုံရတဲ့ အဆိုးဝါးဆုံးအဖြစ်အပျက် တိုင်းကျော်ပြည်ကျော် အရှက်ကွဲမှု သည်းမခံနိုင်ဆုံးအရာကို သည်းခံခဲ့ပြီး ကျွန်မစိတ်က မယုတ်ညံ့ပါဘူး လို့ ရှင်းရှင်းလင်းလင်း ပြောချခဲ့တယ်။ ခိုင်မာမှန်ကန် အင်အားကြီးမားလေတဲ့ မိန်းမသားတဦးရဲ့ စိတ်။

မည်သူကပင် အနိုင်ကျင့်ကျင့်၊ မည်သူကပင် မဟုတ်မတရား မရိုးမသား မလိုမုန်းထား ပြောဆို ပြုမူနှိပ်စက်၍ တရားပျက်ကြခြင်းကို ကြုံရစေဦးတော့။ တွေ့ကြုံရသော ဘေးရန်အပေါင်း လောကဓံတရား အပေါင်းတို့အား လူ့ဘ၀သည် ခဏတာမျှမခိုင်မြဲပါတကား ဟု ယင်းကဲ့သို့ အသည်းစွဲနေသော အစွဲအလမ်းကြောင့် ခံနိုင်ရည်ရှိသော စိတ်ဓာတ် ဖြစ်ပေါ်နိုင်သည်။

ထိုစိတ်အင်အားရှိဘို့ကတော့ အလှမ်းဝေးဆဲပါဘဲ။ မဖြစ်နိုင်သေး။ မလုပ်နိုင်သေး။ မထားတတ်သေး။

အနည်းငယ်မျှသော လောကဓံကိုကား ပြုံးကာရယ်ကာ ကြည့်နေနိုင်တဲ့ သဘောကလေး အနည်းအကျဉ်းတော့ ရှိပါရဲ့။ ကြီးမားတဲ့ ထိုးနှက်ချက်ကို ခံနိုင်ရည်ရှိတဲ့ စိတ်ဓာတ်အင်အားတော့ မရှိတတ်သေး။ လူဘ၀နောက်ဆုံးအချိန် ပြာကျ ဆွေးမြေ့ပျောက်ကွယ်သည်ကို မျက်တောင်မခတ် စိုက်ကြည့်ကာ တရားစစ်တရားမှန် သဘောကို ဆင်ခြင်သုံးသပ် ရှုမှတ်နိုင်တဲ့ ထိုးထွင်း အသိဥာဏ် စိတ်ခွန်အား လုံးဝ မရှိသေးပါ။

နောက်တခု ထူးခြားတဲ့ စရိုက်။ စွဲမြဲလှတဲ့ စိတ်နေစိတ်ထား။ သူ့ဘ၀ နောက်ဆုံးအချိန်မှာ သူ ယုံကြည်တဲ့ မြန်မာ့ဆေးပညာနဲ့သာ အကုသခံပြီး အရင်းနှီးဆုံးမိတ်ဆွေများကိုတောင် အသိမပေးခဲ့ဘူး။ မိတ်ဆွေများက အနောက်တိုင်းဆေးပညာနဲ့ ကုသစေချင်ရင် သူက ငြင်းမှာဖြစ်တဲ့အတွက် နှစ်ဘက်စလုံး စိတ်မချမ်းမသာ ဖြစ်ရမှာကို သူ မလိုလားခဲ့ဘူး။ သူ ကိုင်စွဲရာ သူ ယုံကြည်ရာအတိုင်း သူ့ ဘ၀ နောက်ဆုံးလမ်းအထိ စွဲမြဲနေထိုင်ခဲ့သူပါ။

ဝက်ခြံကလေးပေါက်ရင်တောင် မောရိယမန်းဆေးလူးလိမ်း မြသီတာမန်းဆေးသောက်လိုက် တရုတ်ဆေးနီတို့လိုက် ဂျပန်ဆေးလူးလိုက်နဲ့ ပြာကလူးနေကြတဲ့ အမျိုးသမီးတွေနဲ့ ကွဲပြားခြားနားစွာ အသက်ရှင်နေထိုင်ခြင်း အတွက် ဆေးကုသချိန်မှာ မြန်မာဆေးပညာမှလွဲ၍ ကျန်တဲ့ ဘယ်ဆေးပညာနဲ့မှ အကုသ မခံလိုတဲ့ စွဲမြဲလှတဲ့ သူ့စရိုက်ကို အံ့သြစိတ် ရိုသေစိတ် ဖြစ်မိတယ်။ သူ့ကို ချစ်ခင်ကြတဲ့ မိတ်ဆွေများက ဒီအတွက် သူ့ကို တော်တော် အပြစ်တင်ခဲ့ပါတယ်။ ဘယ်သူ ဘာပြောပြော မယိမ်းမယိုင် ရှိတဲ့ စရိုက်ပိုင်ရှင်။ သေခါမှသေရော သူ့မူကို နည်းနည်းလေးမှ မထိပါး မခံခဲ့သူ စာမဏီမ ပါ။

အံ့သြစိတ် လှိုက်လှဲစိတ် နဲ့ နောက်တကြိမ် ထပ်ပြောချင်ပါတယ်။

ဂျာနယ်ကျော်မမလေး …… ရှာမှရှားတဲ့ သူလိုမိန်းမ ပါ။

မေကြည်
(၂၀၁၁၁၀၂၇)

October 27, 2011 at 12:59 pm 1 comment

သူလိုမိန်းမများ

မရွှေမိချစ်ခင်ရတဲ့ အစ်မကြီးမမေမေကြည် ရေးထားတာကို အရမ်းသဘောကျလွန်းလို့ ခွင့်တောင်းပြီး တင်လိုက်တာပါ။ ဂျာနယ်ကျော်မမလေးအကြောင်းရေးထားတဲ့ စာတွေကိုလဲ စုပြီးသိမ်းထားပြီးသားဖြစ်သွားတာပေါ့ရှင်။🙂

သူလိုမိန်းမများ

ကျွန်မ စာဖတ်တာကို တော်တော်နှစ်သက်ပါတယ်။ ဖတ်လိုစိတ်ကလဲရှိ ဖတ်ဘို့ကလဲအား ဖတ်ခြင်း ကိုလဲအားပေးခြင်းခံတဲ့ သူအဖို့ စာဖတ်ခြင်းဟာ စိတ်နေသဘောထားကို ဘယ်လောက် ပြောင်းလဲစေခဲ့တယ်ဆိုတာ စေ့စေ့တွေးလေ ပေါ်လာလေလေပါဘဲ။ မသိစိတ်ကို လွမ်းခြုံမှုများ ရှိခဲ့တယ်။ စာဖတ်သူတဦး အနေနဲ့ကတော့ သူတို့စာတွေကိုဖတ်ရလို့ ကျွန်မ ဘယ်လို အာရုံမှတ်ထင် စွဲဝင်ခဲ့သလဲ ဆိုတာ ပြောချင်တာပါ။ ကျွန်မ စိတ်အာရုံကို အထူး သိမ်းပိုက်ခဲ့လေတဲ့ ၀တ္တုတို ၀တ္တုရှည်တွေများ အကြောင်းတွေးရင် ဂျာနယ်ကျော်မမလေးက ထိပ်ဆုံးက ပေါ်လာပါတယ်။

ဂျာနယ်ကျော်မမလေး၊ သူ့အကြောင်းက တိုင်းသိပြည်သိ ကမ္ဘာသိ အားလုံးသိဆိုတော့ သူ့စာအကြောင်း သူ့အကြောင်း ဘာပြောစရာ လိုတော့မလဲ။ လူတိုင်းသိကြတာပါဘဲ။ သူ့စာအုပ်တွေ ထပ်ခါတလဲလဲ ပြန်ဖတ်လဲ ဘယ်တော့မှ မရိုးဘူး။ အသက်ရလာတော့မှ သူ့စာအုပ်တွေထဲက သူ့တိမ်းညွှတ်မှုတွေကို မြင်လာတော့တယ်။ တကယ် ရှာမှရှားတဲ့ အမျိုးသမီးပါ။

သူ့အကြောင်းကို မြသန်းတင့် ရေးထားတာတခု မှတ်မှတ်ထင်ထင် ရှိတယ်။ သူ ဒေါ်မမလေး စ သိတော့ အ၀တ်အစား အများကြီးရှိတာတွေ့လို့ စိတ်ထဲ နှာခေါင်းရှုံမိတယ်ပေါ့။ ခင်ဗျား ကုန်အောင်မှ ၀တ်နိုင်လို့လား။ သူများ ၃ ၄ ၅ ထည်နဲ့ နေနေရတယ်လို့လဲ ထုတ်ပြောတယ်။

ဒါကို ဖတ်မိတော့ သူ အ၀တ်အစားအသိမ်းအဆည်း အင်မတန် စေ့စပ်တာကို ကျွန်မက သတိပြုမိတယ်။ ထမိန်တွေ ရာချီ ထိမ်းသိမ်းထားတာ လွယ် မှတ်လို့။ တချို့အမျိုးသမီးတွေများ ပေါ်သမျှဝယ် ရိုးရင် ပစ် ဘယ်ချောင်ကပ်နေမှန်း မသိ။ ပေါ်သမျှသာ ၀ယ်နေတာ။ လက်ထဲ ကောင်းကောင်းကန်းကန်းလဲ မရှိ။ အဟောင်းရောင်းပြီး အသစ် ၀ယ် ၀တ်သူကရှိသေး။ အပုံကြီး ကွာပါတယ်။
သူ ဦးချစ်မောင်နဲ့ အိမ်ထောင်ကျခါစ လက်ဝတ်ရတနာဒီဇိုင်းပုံတွေ အများကြီး သိမ်းထားတာကို သူလိုလူမှာ ရေးထားခဲ့တယ်။ အဖေ ဒေါ်ဆင်ဘဏ်မန်နေဂျာဆိုတော့ ၀ယ်လဲဝယ်နိုင် ၀တ်စားဆင်ယင်ဘို့လဲစိတ်ရှိ လှလှပပ သပ်သပ်ရပ်ရပ် နေတတ်။ အိုး တကယ် မိုက်တာ။ အလှအပ အရေးမထားတဲ့ စားရေးဆရာမတွေ ခေတ် ထ နေတုန်း ဒီလိုအမျိုးသမီးအကြောင်း ဖတ်ရကြားရတာ မင်္ဂလာပါဘဲ။ သူ တကယ်ချစ်တဲ့ ခင်ပွန်းသည်ကို အနှောင့်မယှက်မပြု ဘာတခုမှ မပူဆာ သူကသာ ဘာလုပ်ပေးရမလဲ တွေးတော့တာ။ တသက်လုံး သူ နေထိုင်လာသမျှ အဆင့်အတန်းကို မေ့ ပစ်ခဲ့တော့တယ်။ သူ တက်နိုင်ချိန်မှာ သူ လိုချင်တဲ့ မိသားစု အိမ်ထောင်ပုံစံ ကျကျနန ကို တည်ဆောက်ခဲ့တယ်။

သူ ဘယ်လောက် အသိမ်းအဆည်းတော်သလဲဆိုတာ စာအုပ် ၅၀၀၀ ကျော်ကို အကြိမ်ပေါင်းများစွာ ပြောင်းရွှေ့နိုင်ခဲ့တာကို ကြည့် သိတယ်။ သူ့ စာအုပ်တွေ ဘောက်ထော်အိမ်မှာ ခြစားသွားလို့ စာကြည့်တိုက်ကို မဖြစ်မနေ ပို့ရချိန် သူ ခံစားရတာနဲ့ ထပ်တူ ကျွန်မလဲ ရင်ထဲ ကျပ် သွားတော့တယ်။

သူ့မိသားစုဘ၀ကို ဖတ်ကြည့်လိုက်ပါအုန်း။ စစ်အတွင်း ဒီအိမ်ရောက်ရင် စစ်ဖြစ်နေတာကို မေ့သွားရတယ်လို့ ထုတ်ပြောရတဲ့အထိ ပျော်မွှေ့ဘွယ်ကောင်းတဲ့ အိမ်ကို သူ ဖန်တီးထားနိုင်တယ်။ အချိန်တန် အိမ်ပြန်လာတဲ့ မိသားစုအတွက် ဒီအိမ်ဟာ သူ့အတွက် ငြိမ်းအေးရာ နားခိုရာ မဟုတ်ခဲ့ရင် ဘယ်လောက် စိတ်ပင်ပန်းလဲ လူတိုင်း ခံစားမိမှာပါ။ အိမ်ကို ပြန်တောင် မပြန်ချင်ဘူးလို့ အော်ဟစ်နေရတဲ့လူတွေ များ များ လာတဲ့ခေတ်မှာ သူ ဖန်တီးထားတဲ့ စစ်ဖြစ်နေမှန်းတောင် မသိတဲ့ အိမ်ကို ပြန်ဖူးချင်လိုက်တာ။ သူ အိမ်ရှာလိုက်ရင်လဲ အကောင်းမှ။ အိမ်တွေအများကြီး ပြောင်းတာ ဖတ်ဖူးထားလို့ သူ့ စိတ်နေသဘောထားကို ကောင်းကောင်းကြီး ရိပ်စားမိတယ်။

အိမ်တအိမ်မှာ မီးဖိုချောင်အစီအမံ ဘယ်လောက်အရေးကြီးလဲ။

အစားအသောက်များ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေရသလား မေးထိုးချင်ထိုးကြပါလိမ့်မယ်။ ကျွန်မတဦးတည်းသဘောအရကတော့ အရမ်းအရေးကြီးပါတယ်။ ဂျာနယ်ကျော်မမလေးရဲ့ ၀တ္တုတွေကို ဖတ်ကြည့်လိုက်ပါအုန်း။ သူ့ အမျိုးသမီးဇာတ်ကောင်တွေ သူမ သူလိုမိန်းမ ရင်နင့်အောင်မွှေး မုန်း၍မဟူ မီးဖိုချောင်ကို ကောင်းစွာ စီမံနိုင်သူ စီမံလေသူတွေ။ သူမထဲက သက်သက် ဘွိုင်ကုလားကို ဟင်းတမယ်စီအတွက် ထုတ်ပေးတဲ့ ဟင်းချက်ပစ္စည်းစာရင်းကိုကြည့်လိုက်တာနဲ့ သူ ဘယ်လောက် စေ့စပ်သေချာလိုက်သလဲ အထင်းအရှား ပေါ်လွင်တယ်။ စတိုနံရံမှာ အစီအရီ တင်ထားတဲ့ မီးဖိုသုံးပစ္စည်းများ ရေတစက်မှ မကျမခံအောင် ကွပ်ကဲခြင်းခံရတဲ့ မော် (ရင်နင့်အောင်မွှေး)။ ဆွမ်းတော်ဗန်းတင်ခါနီးမှ ထမိန်ပြင်ဝတ်တတ်တဲ့ လပေါ်သရေ တွေ မြင်မိတိုင်း မော်ရဲ့ ဆွမ်းတော်တင်ခန်းကို ပြန် ပြန် သတိရတယ်။ အဲဒီအခန်းဖတ်တော့ ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းတယ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ သဘောပေါက်ခဲ့တယ်။

သူ့ဇာတ်ကောင်တွေအတိုင်း ကျွန်မတို့ လိုက်မလုပ်နိုင်ပေမဲ့ ဇာတ်ကောင်စရိုက်တွေကိုတော့ တော်တော် နှစ်သက်ချစ်ခင်ခဲ့တာဘဲ။ နောက် သူ့အမျိုးသမီးများက မီးဖိုချောင်တခုတည်းမှာ မြုပ်နေတဲ့ အမျိုးသမီးတွေ မဟုတ်ဘူး။ လူမှုဆက်ဆံရေး အပေါင်းအသင်း ကြိုးစားရုန်းကန်လှုပ်ရှားခြင်းကလဲ အပြည့်။ ပြောသင့်ပြောထိုက်တာဆို ပြောဘို့ တွန့်ဆုတ် ၀န်လေးနေသူတွေမဟုတ်ဘူး။ အရှက်တရား အကြောက်တရားဆိုတာ ဘာလဲ ခွဲခြားပြတယ်။ စာရေးသူကိုယ်တိုင်ကလဲ ဂျပန်ခေတ် ဒီလောက် မျက်စိအောက်ထား ကြည့်ခံနေချိန်မှာ ဂျပန်ဗိုလ်ပေးထားထဲ့ ထောက်ခံချက်စာရွက်ကို Useless လို့ ပြောင်ပြောင်တင်းတင်း ရေရွှတ်ခဲ့သူကိုး။

လက်တွေ့ဘ၀ကို ပြန်ကြည့်ကြစို့။ ထမင်းဟင်းချက်ကောင်းတဲ့ မိခင်အုပ်ချုပ်တဲ့ အိမ်ထောင်စုက ကလေးတွေ အပြင်စာကို မကြိုက်တတ်ဘူး။ အိမ်က အမေ့လက်ရာကိုဘဲ စွဲလန်းပြီး အချိန်တန် အိမ်ပြန်လေ့ရှိတယ်။ စုစုစည်းစည်း မိသားစုဘ၀နဲ့ စားသောက်ကြတော့ မိသားစုဘ၀ကို ခင်တွယ်တတ်တယ်။ မောင်နှမတွေ သဘောကွဲလွဲစေအုန်းတော့ ဝေပုံကျ ဝေခြမ်းစားသောက်ရအုန်းတော့ သံယောဇဉ်က ကြီးကြတယ်။ အိမ်ထောင်စု မိသားစုဘ၀ကို ကောင်းစွာ စီမံလေတဲ့ အိမ်ရှင်မရဲ့ ကလေးတွေ အရမ်းကာရော ဆိုးဝါးပျက်စီးသွားတာ နည်းပါတယ်။ မရှိဘူး မပြောပါဘူး။ ရှိတယ်။ ဖြစ်တန်စွမ်း နည်းတယ်။

ကျွန်မ အရွယ်ရောက်လာအချိန်မှာ မိန်းမဆန်ဆန် နေထိုင်တာကို မကြိုက်တဲ့ စိတ်နေသဘောထား ရှိခဲ့တယ်။ ငယ်ကတည်းက ဖခင်ဖြစ်သူနဲ့တလျှောက်လုံး တွဲ ကပ် နေပါရပြီး၊ လုပ်တာကိုင်တာတွေကလဲ ယောင်္ကျားလေးတွေ လုပ်တဲ့ အလုပ်တွေဖြစ်နေတော့ အိမ်မှုရေးရာကိစ္စများကို နည်းနည်းမှ မသိတတ်ခဲ့ဘူး။ ဂျာနယ်ကျော်မမလေးရဲ့ စာတွေဖတ်လို့ မော်လို သက်သက်လို မမြတ်လေးလို မစောလင်းလို ဝေေ၀လို မိန်းမတွေ ရှိတယ်ဆိုတာ သိပါရဲ့။ နှစ်လိုပါရဲ့။ အားတော့ မကျဘူး။ ကိုယ်မှ အဲလို မလုပ်နိုင် မနေနိုင်တာကို ရှင်းရှင်းကြီး သိနေတာကိုး။

ကျွန်မကို အမတယောက် အော်တို ရေးပေးဖူးထားတာရှိတယ်။ “မိန်းမဆန်တဲ့ မိန်းမတယောက်မဖြစ်ပါစေနဲ့” တဲ့။ ငယ်တုန်းကတော့ သိပ် ခိုက်တဲ့စကားပေါ့။ မိန်းမ မပီသတာကိုဘဲ ဂုဏ် လုပ်လိုက်ပါသေးတယ်။ လူု့အဖွဲ့အစည်းမှာ မိန်းမသားတို့ နေရာ ဘယ်လောက် အရေးကြီးတယ် ဆိုတာ သဘောမပေါက်ခဲ့ဘူး။

လူတွေက မိန်းမပီသတယ်ဆိုတာ အချက်အပြုတ် အချုပ်အလုပ် အိမ်ထောင်စီမံ ဒါကိုဘဲ အရင်ပြေးမြင်ကြတယ်။ အမျိုးသမီးတွေ ကိုယ်တိုင်က ဒီလိုဘဲတွေးကြတယ်။ ကိုယ်နဲ့မဆိုင်တဲ့ အရည်အသွေးဘဲလို့ ခပ်ဖယ်ဖယ် နေပြီး အဲလိုလုပ်နေရတာကိုဘဲ မသိစိတ်က ဂုဏ် ခံ နေတာပါ။

အိမ်ထောင်စု တခုကို စီမံအုပ်ချုပ်ရတဲ့အချိန် ကွဲ တော့တာပါဘဲ။ တကယ်ပါ။ ဈေး ကောင်းကောင်း မ၀ယ်တတ် ဘာဟင်းနဲ့ဘာ တွဲဖက်မိသလဲ မသိ၊ ရာသီနဲ့လိုက်အောင် မစီစဉ်တတ်၊ ဘတ်ဂျက်နဲ့ မကိုက်လို့ ပြူးပြဲရ။ တအိမ်လုံးကိုလဲ ပြောင်လက် နေချင်သေးတယ်။ ကြမ်းနင်းလိုက်လို့ ဖုန်နည်းနည်းရှိတာနဲ့ မကြိုက်သူလဲ ဖြစ်ပြန်တော့ အိမ်ထောင်တခုလုံး ထိန်းသိမ်းရတာဆိုတာ မလွယ်တဲ့ကိစ္စပါလားလို့ သဘောပေါက်တော့တယ်။

အလုပ်ခွင်မှာတော့ ကောင်းစွာစီမံ အုပ်ချုပ်လုပ်ကိုင်နိုင်ပါရဲ့။ အိမ်ထောင်မှုတော့ ဇယားမကိုက်လှဘူး။ တကယ် ရှက်စရာ ကောင်းတာပါ။ မိန်းမ မပီသတာကို ဂုဏ်လုပ်ခဲ့သမျှ အပြင်အလုပ်နဲ့တန်းတူ အိမ်ထောင်စီမံထိမ်းသိမ်းမှု အရေးကြီးတာ ဂျာနယ်ကျော်မမလေးပြောခဲ့တာ ဒီတော့မှ နား ပေါက်တာပါ။

သူလိုမိန်းမမှာ ဂျာနယ်ကျော်မမလေး ရေးခဲ့တာ ကြည့်ပါ။ သူကတော့ မိန်းမ ပီသတယ်ဆိုပြီး အိမ်ထဲ ကုပ်နေတဲ့လူကို အားမလိုအားမရနဲ့ ပြောခဲ့တာ။

မိန်းမပီပီသသနဲ့ အိမ်မှုရေးရာကို စေ့စေ့စပ်စပ် သန့်သန့်ပြန့်ပြန့် ကျကျနန လုပ်တတ်တာနဲ့ မိန်းမပီသတယ် လိမ္မာတယ် မခေါ်နိုင်သေးဘူး၊ ရေရေလည်လည် ချက်ချက်ချာချာရှိမှ အဘက်ဘက်က ပြည့်စုံတယ်ခေါ်ရမှာဘဲ။ မိန်းမပီသရုံလေး ဘာလုပ်ဘို့လဲ။ သတ္တိ ဗျတ္တိ ပညာ ဥာဏ်မရှိရင် မခက်ဘူးလား”

“အိမ်အလုပ် လုပ်တတ်ရုံနဲ့ မိန်းမပီသလှပြီရယ်လို့မထင်နဲ့၊ မိန်းမဆိုတာ ကြောက်သင့်မှကြောက်ရမယ်။ ရှက်သင့်မှ ရှက်ရမယ်၊ တကယ့်မိန်းမဖြစ်ချင်ရင် မိန်းမအမူအရာနဲ့ ယောင်္ကျားစိတ်ရှိရမယ်။ အဲလိုမရှိရင် အရှင်လတ်လတ် မသုံးမ၀င်ဘဲ သေရော။ ဒါနဲ့ မပြီးသေးဘူး။ လူမှုလူရေး လူရာ ကျယ်ဝန်းတဲ့ကိစ္စမှာ ပါးရမယ်။ နပ်ရမယ်။ ဖျတ်လတ်ရမယ်။ လိမ္မာရမယ်။ ဥာဏ်ရှိရမယ်။ ရဲရင့်မယ်။ အဲဒါမရှိရင် ပန်းပုဆရာ ထု ထားတဲ့ အရုပ်လိုပဲ ဖြစ်မနေဘူးလား။

ကျွန်မတို့ကတော့ ပြောင်းပြန်။ အပြင်ကိစ္စတွေမှာ စေ့စပ်ရောရာသလောက် အိမ်ကိစ္စကတော့ လပေါ်သရေတွေ ဖြစ်နေခဲ့တာ။

ကိုယ်မလုပ်ချင်လို့ပါ လုပ်ချင်ရင်ဖြစ်တယ်ဆိုတဲ့ မာနကလေး ရှိနေတော့ ကြိုးစားသင်ယူရတော့တယ်။ အပိုးတော့ မကျိုးဘူး။ အောက်ခြေ မစေ့ဘူး။

ရင်နင့်အောင်မွှေး ထဲက မော်နဲ့ စိုး ဟာ မြန်မာအမျိုးသမီးတွေကို ခေတ်ဆန်တာနဲ့ခေတ်မီတာ ဘာကွာသလဲ မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်ယူဘွယ်မြတ်နိုးဘွယ် အကျင့်စရိုတ် အနေအထိုင် အပြုအမူဟာ ဘာတွေလဲ အနေအထိုင်လော်မာတယ်ဆိုတာ ဘာလဲ မတူတဲ့ သမီး ၂ယောက်ကို ကွင်းကွင်းကွက်ကွက်ကြီး မီးထောင်းထိုးပြခဲ့တာ။ သူ့စာတွေကိုကြိုက်လှချည်ရဲ့ ဖြစ်ခဲ့သူဟာ သူ ပြသခဲ့တဲ့ မီးမောင်းကို မမြင်မိခဲ့ဖူး။ ကျွန်မ တော်တော် ညံ့ပါတယ်။

မမလေးဆိုတဲ့ အမျိုးသမီး သိပ် Capable ဖြစ်တဲ့မိန်းမလို့ သိန်းဖေမြင့်က မှတ်ချက်ချသတဲ့။ အိမ်ထောင်ရှင်မဘ၀ စာရေးသူဘ၀ မိခင်ဘ၀ တိုင်းရင်းဆေးဆရာဘ၀ သူ အကုန်လုံး ပိပိရိရိ သေသေသပ်သပ် အောင်အောင်မြင်မြင် ရှိလှတယ်။ အနေအထိုင် အဆင့်မြင့်သလို စိတ်နေသဘောထား အထက်တန်းစား အမျိုးသမီးပါ။ မြန်မာအမျိုးသမီးတွေကို အထက်တန်းအမျိုးသမီး ဖြစ်စေချင်တဲ့ စေတနာကြောင့်ရေးတဲ့ သူ့ဇာတ်ကောင်တွေ ပြည့်စုံတဲ့ ဇာတ်ကောင်တွေပါ။ သူတို့လို တို့ မဖြစ်နိုင်ဘူး တကြော်ကြော် အော် ခဲ့သူများလည်း အချိန်တန်တော့ မိန်းမသားဗီဇ စရိုက်လက္ခဏာကြောင့် ပြောင်းလဲ ခဲ့တာပါဘဲ။

သူခေတ်နဲ့သူဖြစ်လို့ ဂျာနယ်ကျော်မမလေးကတော့ အိမ်တွင်းက အပြင်ထွက်ကြည့်ဘို့ နှိုးဆော်ခဲ့ပါတယ်။ သူ့စာ ဖတ်ပြီး သူ့ဇာတ်ကောင်တွေကို နှစ်လိုခဲ့သူကတော့ အပြင်ကနေ အိမ်ထဲ ပြန်ဝင်ပြီး မိသားစုကို ကောင်းစွာ စီမံနိုင်တဲ့ မိန်းမသားဘ၀ဆိုတာ ဘယ်လိုလဲ ပြန်ကြည့်ရပါအုန်းမယ်။

May Kyi

October 25, 2011 at 3:12 pm 2 comments

ခမည်းကြိုး ၊ဆူးပန်းခွေ နဲ့ ခင်ခင်ထူး

Beauty မဂ္ဂဇင်းပါ စာရေးသူ၏ အခန်းဆက် ၀တ္ထုရှည်ကြီးကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ စာပေဟောပြောပွဲခရီးခု၌ စာရေးသူသည် မြို့ငယ်လေးတစ်မြို့၌ မိန်းမသားတစ်ဦးတည်းနေသည်ဆိုသော အိမ်တစ်အိမ်၌ တည်းခိုခဲ့ရာမှ ထိုအိမ်ရှင်အမျိုးသမီး၏ စိတ်ဝင်စားဖွယ် ဂမ္ဘီရဆန်ဆန် နောက်ကြောင်းဇာတ်လမ်းကို သိရှိခဲ့ရသည်။ ရန်ကုန်ရောက်သောအခါ ထိုအိမ်ရှင်မိန်းမသား ပြောပြသော ဘ၀ဇာတ်လမ်းကို ချဲ့ထွင်၊ မြန်မာ့သစ်တောသမိုင်းစာအုပ်များမှ အချက်အလက်များကို ရယူ၊ ခင်ကြီးဖျော်၏ “ကဝေသာရ”ကျမ်းအစရှိသည့် ရှေးဟောင်းပညာရပ်ဆိုင်ရာ စာအုပ်များမှ အချက်အလက်များကို အလျဉ်းသင့်သလို ထည့်သွင်းကာ ယခုဝတ္ထုရှည်ကြီးကို ရေးသားလိုက်ခြင်းဖြစ်သည်။ (from Myanmar Book Shop website)

MBS မှာ ခင်ခင်ထူးစာအုပ်အသစ်ထွက်တဲ့ အညွန်းကို ဖတ်လိုက်ရတော့ စိတ်ဝင်စားသွားတယ်။ ဒီတစ်အုပ်တော့ အပြောင်းအလဲလေးဖြစ်မယ်ထင်တယ်ပေါ့။ မဟုတ်ရင် ခင်ခင်ထူး ရဲ့ စာအုပ်တွေကို ဖတ်ရတာ စိတ်က နဲနဲ ညည်းငွေ့လာသလို ဖြစ်နေပြီ ။ အရင်တုန်းက တော့ ခင်ခင်ထူးကို ဖတ်ရခဲတဲ့အညာဓလေ့တွေ အညာစရိုက်တွေ နဲ့ ဇာတ်လမ်းတွေ ဇတ်ဆောင်တွေကို ပိုင်ပိုင်နိုင်နိုင်ဖန်တီးတတ်တာကို သိပ်သဘောကျခဲ့တာ။ ထွက်သမျှစာအုပ်တွေအကုန် ၀ယ်စု၊ ၀တ္တုအတို ပေါင်းချုပ်တွေဆိုတာလဲ ဆယ်အုပ်လောက် မကလားပဲ။ သေချာတော့မေ၇တွက်ထားမိဖူး။ အရှည်တွေ လဲ မအိမ်ကံ ဆိုဝယ်ထားယုံမကဖူး ခင်ခင်ထူးကို သဘောကျတဲ့ သူငယ်ချင်းတွေအတွက် မွေးနေ့လက်ဆောင်ဆို အဲဒီစာအုပ်ပဲ အမြဲ ၀ယ်ပေးတဲ့အထိ အားပေးတာ။

ရန်ကုန် ပြန်တုန်း က ၀ယ်လာခဲ့ တဲ့ ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင် ဆိုတဲ့ စာအုပ်ကို ဖတ်လိုက်တော့ နဲနဲ အီသွားတယ်။ အရသာ တခု ဆိုတာ ခဏ ခဏ ခံစားရဖန်များရင် အီသွားတတ်တယ်ထင်ပါရဲ့ ။ အညာအကြောင်းတွေလဲ မဖတ်ချင်တော့ပါဖူး ရယ်လို့တောင် တွေးမိလိုက်တဲ့အထိပဲ။ ပန်းကြာဝတ်မှုန်ကိုလဲ သဘောတော့ကျခဲ့ပါတယ်။ ဒါပေမယ့် ကဗျာတွေထည့်ထားတာများလွန်းတယ်ပေါ့။ ဆူးပန်းခွေ.. က ရွာလေးတရွာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့တောကျောင်းဆရာမ တယောက်ရဲ့ အတွေ့ အကြုံဇတ်လမ်း။ စာရေးသူရဲ့ ကိုယ်တွေ့လေးတွေလဲ ပါတယ်လို့ ဆိုတယ်။ ထုံးစံအတိုင်း အညာဓလေ့ ရွာဓလေ့တွေနဲ့ ..ဒီစာအုပ်မှာတော့ ဆရာကြီးမင်းသုဝဏ် ရဲ့ ကလေးကဗျာတွေရယ်ထည့်သုံးထားတယ်။ အဲဒီစာအုပ်ကို ဖတ်တော့ စိတ်ထဲမှာ မစွဲလှလို့ တစ်ခန်းနှစ်ခန်း ဖတ်လိုက် ချထားလိုက်နဲ့ ဖတ်တာ ဆယ်ရက်လောက်နေမှ ဖတ်လို့ပြီးတယ်။ ဖတ်လို့ တော့ ကောင်းပါတယ်။ ဖန်တရာထပ်ပြီးရိုးစင်းလွန်းတဲ့ ဇာတ်လမ်းမှာ စာရေးဆရာမက အဆာပလာတွေ ထည့်ပေးတာ တော်လို့ သာအဆုံးထိဖတ်ဖြစ်တာပဲ။ ရယ်ရ ပြုံးရတာလေးတွေလဲ၇ှိတယ်။ ဒါပေမယ့် အဲဒီထဲက ကျောင်းဆရာမဇာတ်ကောင်ကို ဖန်တီးထားတာ စရိုက်သိပ်မနိုင်သလိုမျိုး ခံစားမိတယ်။ တခါတခါမှာ စရိုက်က တမျိုးဖြစ်သွားတတ်တာလေးကလွဲရင် ဖတ်လို့ တော့ မဆိုးတဲ့စာအုပ်ပါ။ ဒါပေမယ့် ကြိုက်လှချည်ရဲ့ ဆိုတဲ့ခံစားမှုမျိုးမပေါ်လာတဲ့ အပြင် နောက်တခါလဲ ဒီလို အညာအကြောင်းတွေနဲ့ ဇာတ်လမ်းရိုးရိုးသာဆို ဖတ်ရမှာတောင်ပျင်းစရာကြီးပဲ လို့ တောင် စိတ်နည်းနည်းပျက်မိတယ်။

အဲ..ခမည်းကြိုး ကိုတော့  အညွန်းဖတ်လိုက်မိထဲက အရသာသစ်လေးပဲထင်တယ်လို့ မျှော်လင့်တဲ့စိတ်နဲ့ စာတိုက်ကတောင်မပို့ ခိုင်းပဲ စီးတီးဟော ဆိုင်တွေကနေ ရန်ကုန်ကို မှာတယ်။နှစ်ပတ်သုံးပတ်မစောင့်နိုင်တော့ဖူး။ ဖတ်ချင်လှပြီလေ။ စာအုပ်ထုတ်ရောက်လာတော့ ညနေပိုင်းမှ။ သွားယူပြီး ပြန်လာတော့လဲ ညစာအတွက်လုပ်ရ အိမ်အလုပ်တွေ လုပ်ရနဲ့ စာအုပ်ကိုင်ဖြစ်တော့ ည၁၂ နာရီလောက်ရှိနေပြီ။ တစ်ခန်းလောက်ဖတ်ပြီး နောက်နေ့မှ ဆက်ဖတ်မယ်ပေါ့။ ဒါပေမယ့် စာအုပ်ကို ကိုင်လိုက်ကထဲက ဆွဲခေါ်သွားလို့ လက်ကမချနိုင်ဖြစ်သွားတာ မနက်သုံးနာရီထိ ကို ဆက်တိုက်ဖတ်ဖြစ်လိုက်တယ်။

ကိုယ်ကလဲ အဲဒီလို ဂမ္ဘီရဆန်ဆန် ကိစ္စမျိုးတွေကို လုံးဝယုံကြည်လှတယ်မဟုတ်တောင် မယုံဖူးရယ်တော့လည်း မပြောတဲ့သူတဲ့ထဲမှာပါသူ၊ တခါတလေမှာ လျှိ့ဝှက်သဲဖိုဝတ္တုတွေဖတ်ရတာ၊ရုပ်ရှင်တွေကြည့်ရတာကိုသဘောကျသူဆိုတော့ ဒီဇာတ်လမ်းကိုသဘောကျတာလဲဖြစ်နိုင်ပါတယ်။ လုံးဝမယုံကြည်တတ်သူအဖို့တော့ အလကားဟာတွေလျှောက်ရေးထားတယ်လို့လဲ ထင်ကောင်းထင်မှာပေါ့။ စဖတ်လိုက်ထဲက ဇာတ်လမ်းထဲမျောသွားတာ စိတ်ထဲမှာ မွန်းမွန်းကျပ်ကျပ်ဖြစ်လာလိုက်၊ အသက်ရှုတောင်မ၀တော့ဖူးလို့ ဖြစ်လိုက်၊ စိုးရိမ်လိုက်နဲ့ ရသအဖုံဖုံခံစားပြီး ဇာတ်သိမ်းကျတော့လဲ ဇာတ်ကောင်အမျိုးသမီး စုံစမ်းနေတဲ့ကိစ္စဟာ ဒီလိုဖြစ်နိုင်တာပဲ ဆိုတဲ့ အဖြေကို အစထဲက နည်းနည်းရိပ်မိနေပေမယ့် မထင်မှတ်တဲ့ ကိစ္စတခုနဲ့ စာဖတ်သူကိုအံ့အားသင့်သွားအောင်လဲ ဖမ်းစားလိုက်နိုင်သေးတယ်။ အရင် ဆူးပန်းခွေ စာအုပ်တုန်းကတော့ ဇာတ်ဆောင်အမျိုးသားနဲ့ အမျိုးသမီး ကိုဇတ်ပေါင်းပေးလိုက်တာတောင် စိတ်ထဲမှာ မကျေမနပ်ကြီး။ သူက သူ့ဇာတ်ကောင်မိန်းကလေးကို အလုပ်တွေပဲလုပ်နေပီး အိမ်ထောင်မပြုချင်သူပါလို့ ခါးခါးသီးသီးဖြစ်ခိုင်းထားပြီးမှ ဘတ်ကနဲ ပေးစားလိုက်သလိုဖြစ်နေတာကိုး။ ဒီ စာအုပ်မှာတော့ ဇတ်ပေါင်းပေးလိုက်တာလေးကလဲ ကျေနပ်စ၇ာ။ စာအုပ်တစ်အုပ်ကို ဖတ်နေတုန်းမှာ၊ဖတ်ပြီးသွားတဲ့အခါမှာ သဘောတကျဖြစ်ရတဲ့အရသာက ဘာနဲ့ မှ မလဲနိုင်ဖူး။

ယုံချင်သူတွေလဲယုံ၊မယုံကြည်လဲနေလို့ ရတဲ့ သစ်တောကြီးထဲက သစ်တောဝန်ထမ်းတွေကြုံရဆုံရတဲ့ ဖြစ်ရပ်ဆန်းတွေကလဲ စိတ်ဝင်စားဖို့အတော်ကောင်းတယ်။ အိမ်ရှင်အမျိုးသမီးရဲ့ စရိုက်ကိုသရုပ်ဖော်တာလဲ အတော်ကိုပီပြင်တော့ ဖတ်နေရင်း ကိုယ့်ေ၇ှ့ ငုတ်တုတ်များရောက်နေမလား တောင်ကြောက်မိသေး။ တခြားဇာတ်ကောင်တွေလဲ စိတ်ဝင်စားစရာကောင်းအောင် သရုပ်ဖော်နိုင်တော့ အကုန်လုံး သဘာဝကျကျ အသက်ဝင်နေသလိုပဲ။

ဆူးပန်းခွေ ..၀တ္တုကို စင်ရော်မောင်မောင်က ရုပ်ရှင်ရိုက်ဖို့ ၀ယ်ထားတယ်လို့ ဖတ်လိုက်၇တယ်။ ဒီတော့ ဖန်တရာတေထပ်နေတဲ့ ဇာတ်လမ်းကျောရိုးမျိုးက နေ ပေါ်လစီကားဆံဆံလိုပဲထွက်လာမယ်ထင်ပါရဲ့။ ပန်းကြာဝတ်မှုန်တောင် ရုပ်ရှင်ကြည့်ဖို့ကို စိတ်မ၀င်စားလှဖူး။ ခမည်းကြိုး ၀တ္တုကတော့ ရုပ်ရှင်သာရိုက်မယ်ဆိုလဲ စိတ်ဝင်စားဖို့ ကောင်းမယ်ထင်တယ်။ ဇာတ်ဆောင်ပယောဂဆရာမ အိမ်ရှင်အမျိုးသမီးနေရာမှာ ထွန်းအိနြာဘို ဆို ကောင်းမလားလို့တောင် မြင်ယောင်ကြည့်နေမိသေးတယ်။ ဒါပေမယ့် စာအုပ်ကပေးတဲ့ ရသကို အပြည့်ပေါ်လွင်အောင်တော့ ဘယ်ဒါရိုက်တာမှရိုက်နိုင်မယ်မထင်ပါဖူး။ ဒီတော့ စာအုပ်ကိုကြိုက်ရင် စာအုပ်ကိုပဲဖတ်၊ ရုပ်ရှင်ကြည့်ချင်လဲ သတ်သတ်ကြည့် ရုပ်ရှင်ကြည့်နေတုန်းမှာ စာအုပ်ထဲက ဇတ်လမ်းကို မတွေးတာပဲကောင်းမယ်ထင်ပါရဲ့။

ဆက်ရေးရင်တော့ စာအုပ်ကြေငြာပဲ ဖြစ်တော့မယ် :D။ သဘာဝလွန်ဖြစ်ရပ်ဆန်းများကို စိတ်ဝင်စားတတ်သူတွေအဖို့ တော့ ဒီစာအုပ်က ဖတ်လို့ ကောင်းမယ့် ရသအပြည့်ပေးနိုင်တဲ့ စာအုပ်တစ်အုပ်ပါပဲလို့ အကြိုက်တူမယ့်သူတွေကို လက်တို့တာပါ။

October 20, 2011 at 4:30 pm 1 comment

မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၃၃)

“စာရေးဆရာရဲ့ ရည်ရွယ်ချက်ဟာ မူလလမ်းကြောင်း အစကနေ နည်းနည်းချော်သွားတယ်လို့ ထင်တယ်။ ”

“ရှင်ဘာကို ဆိုလိုတာလဲ။”

“ဒေါ်မမလေးရဲ့ ရည်ရွယ်ချက်က ဂျပန်-မြန်မာ ချစ်ကြည်ရေး။ ဒါပေမယ့် ဂျပန်-မြန်မာ ချစ်ကြည်ရေးထက် ဂျပန်ချစ်ကြည်ရေးက များသွားတယ်ထင်တယ်။ ”

ဂျာနယ်ကျော်မမလေးသည် မျက်မှောင်တွန့် ၍ စဉ်းစားနေသည်။
(more…)

September 14, 2011 at 2:18 pm 2 comments

မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၃၂)

ကျွန်တော်သည် မြို့ထဲသို့ ရောက်လျှင် ဂျာနယ်ကျော်မမလေး ၏ ရုံးခန်းမှာ အမြဲလိုလို စတည်းချသည်။ မြို့ ထဲ၌ ချိန်းစရာရှိလျင် သူ့ရုံးခန်းမှာပင် ချိန်းသည်။ သူ့ရုံးခန်းတွင် လူဗာမှန်တွေ တပ်ထားသည့် ထပ်ခိုးရှိသည်။ နေ့လည်နေ့ ခင်း ပင်ပန်းလျှင် အပေါ်သို့ တက်၍ တရေးတမော အိပ်နိုင်သည် ။ ရေချိုးခန်းအဆင်သင့်ရှိသဖြင့် ရေချိုးချင်လျှင် ချိုးနိုင်သည်။ အများအားဖြင့် နံနက်စာကို သူ့ ရုံးခန်းမှာပင် ကျွန်တော် စားသည်။
(more…)

June 23, 2011 at 4:29 pm Leave a comment

မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၃၁)

အခန်း တစ်ဆယ့်ငါး

ရင်းနှီးသော မိတ်ဆွေအချင်းအချင်း ဆက်ဆံရေး၌ တစ်ခါတစ်ရံတွင် အလျဉ်ပြတ်တောက်ကာ အနေဝေးသွားကြသည့် အခါများရှိတတ်တသည်။ အနေဝေးသွားသည့် အကြောင်းကတော့ အမျိုးမျိုး ရှိသည်။ တခါတရံတွင် သဘောထားအယူအဆချင်း မတိုက်ဆိုင်သောကြောင့်၊ တခါတရံတွင် နေထိုင်မှု ဘ၀ ကွာသွားသောကြောင့်၊ တခါတရံတွင် နေရာဒေသအကွာအဝေးကြောင့်၊တခါတရံတွင် မိမိတို့ ထိန်းချုပ်နိုင်စွမ်းမရှိသော ကံအကြောင်းတရား တို့ ကြောင့်။ (more…)

June 22, 2011 at 3:17 pm 2 comments

A sketch of Bilat Pyan Than , from “Perfect Hostage”

New York furnished another family friend of even greater importance in her life. In her youth , Ma Than E had been a famous Burmese beauty. Born into a Baptist Christian family in 1908 , she gained a place at Rangon University. Then, like Khin Kyi, she enrolled at a teacher training college, before winning a scholarship to pursue her studies in England. (more…)

May 19, 2011 at 2:28 pm 3 comments

Older Posts


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,333 hits

Follow

Get every new post delivered to your Inbox.