မြသန်းတင့်- ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၇)

May 5, 2010 at 7:21 pm 2 comments

ကျွန်တော်သည် ဂျာနယ်ကျော်ကိုစောဦး (ဂုဏ်ရောင်) နှင့် မကြာခဏ တွေ့ဖြစ်၏။ ဘာရယ်လို့တော့ မဟုတ်။ ကိုယ်က စာရေးဆရာပေါက်စ၊ သူကသတင်းစာဆရာကြီး၊စာရေးဆရာကြီးဖြစ်သည်။ သူအရေးအသားတွေကို ကျွန်တော်သဘောကျသည်။ စစ်မဖြစ်ခင်ဂျာနယ်ကျော်တွင် သူရေးခဲ့သည့် ၀တ္ထုတိုလေးတွေ၊စစ်မဖြစ်မီက သူရေးခဲ့သည့် ညမဖတ်ရ ဆိုသည့် ရင်ထိတ်သည်းဖို ၀တ္ထုတိုများနှင့် စစ်ပြီးစက ထွက်ခဲ့သော မျှော်လေတိုင်း ဆိုသည့် ၀တ္ထုတိုကလေးကိုလည်း သဘောကျသည်။ သူဘာသာပြန်သော လက်ဝဲစာအုပ်များကိုလည်း ကျွန်တော် သဘောကျသည်။

ဂုဏ်ရောင် ဂျာနယ်ကို သူဦးစီး ထုတ်စဉ်ကလည်း ကျွန်တော်တို့တစ်တွေက ဆောင်းပါးအတိုအစလေးတွေကိုရေးခဲ့ဖူးသည်။ ထို့ကြောင့် ဂျာနယ်ကျော်မမလေး ပြန်လည်ထုတ်ဝေမည့် သတင်းစာ၊ဂျာနယ်လုပ်ငန်းတွေမှာ လုပ်စေချင်သည်။ သို့ရာတွင် ကိုစောဦးသည် သတင်းစာလုပ်ငန်းဆိုသည့် အချစ်ဟောင်းကို မေ့ကာ တိုင်းရင်းဆေးပညာ အချစ်သစ်၏ ရင်ခွင်တွင် ပျော်နေလေပြီ။

သည်တုန်းက ကိုစောဦးသည် လမ်း ၄၀ ထောင့်နှင့် မဟာဗန္ဓုလ လမ်းမကြီးပေါ်တွင် ဂုဏ်ရောင် ဆေးတိုက်ဟု ဆိုင်းဘုတ်တင်ကာ နေ၊လ၊၀ိဇ္ဖာ ဆရာခိုင်၏ ကုထုံးများဖြင့် ကုသသော ဆေးဆိုင်တစ်ဆိုင်ကိုဖွင့်ထားသည်။ ကိုစောဦးသည် စာပေလုပ်ငန်း သတင်းစာလုပ်ငန်းကို စိတ်ဝင်စားခြင်းရှိဟန်မတူတော့။

“ကိုစောဦးက သတင်းစာအလုပ်ကိုလုပ်တော့ မှာမဟုတ်ဘူး။ ဒီတော့ ကျွန်မ သတင်းစာတို့ ဂျာနယ်တို့ ပြန်ထုတ်ရင် ရှင်တို့ က ကူပါ“

ကျွန်တော်သည် ပျားတစ်ကောင်လို အလုပ်လုပ်နေသော ဂျာနယ်ကျော်မမလေးကို ကြည့်၍ အံ့သြနေလေသည်။

သူသည် တစ်ဘက်က ပုံနှိပ်စက်လည်း ထောင်သည်။ ကလေးတွေကိုကျောင်းထားနိုင်အောင်လည်း စီးပွားရေးလုပ်ငန်း (သွင်းကုန်ထုတ်ကုန်လိုင်စင်) လုပ်သည်။ ယခုလည်း ဂျာနယ်တို့ သတင်းစာတို့ လုပ်ချင်သေးသည်ဟု ဆိုနေပြန်ပြီ။ ပါးလျားသော သူ့ ခန္ဓာကိုယ်နှင့် ထိုမျှလေးလံသောဝန်ကြီးကို ထမ်းနေရခြင်းကို ကျွန်တော်အံ့သြနေသည်။ ထိုအထဲမှ ၀တ္ထုတို ၀တ္ထု ရှည်တွေကိုလည်းေ၇းသေးသည်။ “သူမ“ “အဖြူ“ “ကမ္ဘာမြေ၀ယ်“ ။

ဂျာနယ်ကျော်မမလေးသည် နန်းတော်ကဲ့သို့  ခမ်းနားသည့် သူ ခြံကြီးထဲရှိအိမ်မှ အနော်ရထာလမ်းနှင့် ကရစ်လမ်း(ဗိုလ်မြတ်ထွန်းလမ်း) ထောင့်ရှိ ချစ်တီးကော်ဖီဆိုင်ကလေး၏ အပေါ်ထပ်တွင် ရောက်နေလေပြီ။

ဘောက်ထော်အိမ်က ခြံဝင်းနှင့် ပန်းခြံနှင့် ဇာခန်းဆီး နှင့် ပန်းနံ့တို့ ထုံလျက်၊။
ယခု အနော်ရထာလမ်းနှင့် ကရစ်လမ်း(ဗိုလ်မြတ်ထွန်းလမ်း)ထောင့်ရှိ ချစ်တီးကော်ဖီဆိုင်အထက်မှ အခန်းကား မွန်းကျပ်ပိတ်လှောင်လျက်။ ဇာခန်းဆီးမရှိ၊ပန်းနံ့မထုံ၊ချစ်တီးကော်ဖီနံ့ နှင့် မဆလာနံ့ တို့သာ မွှန်ထူလျက်။

ထိုပြောင်းရွှေ့မှုသည် သူ့ဘ၀တွင် ကြီးစွာသော အပြောင်းအလဲ ကြီးဖြစ်လေသည်။ စွန့်စားခန်းကြီးဖြစ်လေသည်။ တစ်ဆစ်ချိုးသွားသော ဘ၀အကွေ့ ကြီးဖြစ်လေသည်။

အပိုင်း(လေး)

ကျွန်တော်သည် ချစ်တီးကော်ဖီနံ့ နှင့် မဆလာနံ့ နှင့် ဇီယာနံ့သင်းနေသော အနော်ရထာလမ်းနှင့် ကရစ်လမ်း(ဗိုလ်မြတ်ထွန်းလမ်း)ထောင့်က ဂျာနယ်ကျော်မမလေး၏ အခန်းကျဉ်းလေးကို သတိရနေမိသည်။ နေ့လယ်နေ့ခင်း ကျွန်တော် ရောက်သွားသည့်အခါများတွင် ဂျာနယ်ကျော်မမလေးသည် အောက်ထပ် ချစ်တီးဆိုင်မှ ကော်ဖီနှင့် အာလူးပူရီကိုမှာ၍ ကျွေးတတ်သည်။

ထိုနှစ်များသည် ဂျာနယ်ကျော်မမလေး ၏ ဘ၀တွင်မုန်တိုင်းထန်သော အချိန်ဖြစ်လိမ့်မည် ဟု ကျွန်တော်ထင်ပါသည်။

အတိတ်ကိုပြန်ကြည့်ရသည်မှာ နှင်းမြူဝိုးဝါးတွေထဲက လှမ်းကြည့်ရသကဲ့သို့လည်းကောင်း၊ပင့်ကူအိမ်တွေ ၊ဖုန်မှုန့်တွေ ယှက်သန်းနေသော မှန်ဟောင်းတစ်ချပ်ကိုကြည့်ရသကဲ့သို့လည်းကောင်း ပီပြင်ခြင်းမရှိ၊မှုန်ဝါးနေတတ်ပါသည်။ တစ်ခါတစ်ရံတွင် ကွဲအက်နေသော မှန်စများကို ဆက်စပ်ကြည့်ရသည့်နှယ် ပြေချောခြင်းမရှိပဲဖုထစ်နေတတ်သည်။ တစ်ချို့နေရားများတွင် အဆက်အစပ်မရှိဖြစ်နေတတ်သည်။

ထိုနည်းတူ ဂျာနယ်ကျော်မမလေးနှင့် ပတ်သက်သော ကျွန်တော့ ဆောင်းပါးများသည် တစ်ခါတစ်ရံတွင် အဝေးကို ရောက်သွားလိုက်၊တစ်ခါတစ်ရံတွင် အနီးကိုရောက်လာလိုက်၊ တစ်ခါတစ်ရံတွင်လည်း စီးဆင်းမှုအလျင်သည် ပြေချောခြင်းမရှိပဲ မြန်သည့်အခါတွင် မြန်သွားတတ်သည်။

လွန်ခဲ့သည့် သုံးလခန့်က စ၍ လုံမလေးမဂ္ဂဇင်းတွင် ဂျာနယ်ကျော်မမလေး၏ အကြောင်းကို ကျွန်တော် အခန်းဆက်ဆောင်းပါးရေးခဲ့သည်။ ရည်ရွယ်တုန်းက ဒီလောက်ရှည်ရှည်ရေးဖို့ မဟုတ်။ တစ်လ နှစ်လနှင့် အပြီးသတ်ရန်ဖြစ်သည်။ သို့ရာတွင်ေ၇းရင်းရေးရင်း နှင့် ရေးစ၇ာတွေ ပေါ်လာသည်။ အချို့ အဖြစ်များက ကြည်ကြည်လင်လင်ပီပီပြင်ပြင် ၊အချို့ ရှုခင်းများက၀ိုးတိုးဝါးတား မှုန်မှုန်မွှားမွှား။

ထိုသို့ရေးနေစဉ် တတိယမြောက်လ တွင် ကျွန်တော့်ထံသို့ လုံမလေးမဂ္ဂဇင်း အယ်ဒီတာချုပ်မှ တဆင့် စာရှည်ကြီးတစ်စောင် ရောက်လာလေသည်။ ကျွန်တော်သည် စာအိတ်ပေါ်ကလက်ရေးကိုမြင်လိုက်သည်နှင့် လက်ရေးရှင်ကိုကျွန်တော်သိလိုက်သည်။ စာကိုဖတ်ကြည့်သောအခါတွင်လည်း ကျွန်တော်ထင်သည့် လက်ရေးရှင်ဖြစ်ကြောင်းကိုတွေ့ရသည်။

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး.

မိုးကလေးညိုညို ရခိုင်ငရုတ်သီးချက်စပ်စပ်လေး …

2 Comments Add your own

  • 1. daungzarni  |  June 12, 2010 at 1:00 am

    မရွှေမိခင်ဗျား…………ဒီမြသန်းတင့်-ကျွန်တော်နှင့်ဂျာနယ်ကျော်မမလေး ကို PDF File အဖြစ်ကူးယူခွင့်ပြုပါလို့ခွင့်တောင်းပါတယ်ခင်ဗျား။

    Reply
    • 2. mashwemi  |  June 13, 2010 at 3:12 pm

      စာရိုက်တင်နေတဲ့ ဘလော့ကို credit ထည့်ပေးပြီး ကူးနိုင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း အားလုံးပြီးသွားရင် ebook အဖြစ်လုပ်ဖို့ စိတ်ကူးထားပါတယ်။ ဒါကြောင့် ဘလော့တခုလုပ်ပြီး အပိုင်းလေးတွေခွဲပြီးစာရိုက်တင်နေတာပါ။

      Reply

Leave a reply to daungzarni Cancel reply

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 40,625 hits