ဒဂုန်တာရာရဲ့ ဖျတ်ခနဲ ရုပ်ပုံလွှာများထဲက ဘိလပ်ပြန်သန်း (၁)

January 12, 2011 at 3:47 pm Leave a comment

ကျွန်တော်ငယ်စဉ်က ရုပ်ရှင်အတော်ကြိုက်သည်။ ရန်ကုန်ကျောင်းများသို့ရောက်သောအခါ ရုပ်ရှင်တော်တော်များများ ကြည့်ဖြစ်သည်။ တောမြို့လေးတွင် နေစဉ်ကမူ အင်္ဂလိပ်ကားများမကြည့်ရ။ ရန်ကုန်ရောက်မှ အင်္ဂလိပ်ကားများ ကြည့်ရသည်။ နာမည်ကျော်အင်္ဂလိပ်ဝတ္ထုများကိုရိုက်ကူးသော ဇတ်ကားများဆိုလျှင် ကြည့်ဖြစ်သည်။

အေ၀မ်းဖလင် မြန်မာ့အဆွေ ရုပ်ရှင်စတူဒီယို သို့ သွားလည်ပတ်ကြည့်ရှုခဲ့ပြီးနောက် ရုပ်ရှင်တွင် စိတ်ဝင်စားသွားသည်။ အင်္ဂလိပ်ရုပ်ရှင်ကိုကြည့်သောအခါ ကျွန်တော်တို့ဖတ်ဖူးသောဝတ္ထုများနှင့်ယှဉ်ကာ မည်သို့ ရုပ်ရှင်ရိုက်ကူးသည် ၊ရုပ်ရှင် ပုံသဏ္ဍန်ဖြင့် မည်သို့ ရုပ်ရှင်ဘာသာပြန်သည် ကိုသိခဲ့ရသည်။ ပိတ်ကားပေါ်တွင်ထင်သော ရုပ်ရှင်ပုံရိပ်များကို ပင် စိတ်ကူးကြည့်မိသည်။ ၀တ္ထုများကိုဖတ်ကာ ရုပ်ရှင်ရိုက်ကူးလျှင်မည်သို့ ရိုက်ရမည်ကို စိတ်ကူးကြည့်မိသည်။

အတော်ပဲ ။ ကျွန်တော်တို့ အခွင့်အလမ်းတစ်ခုရခဲ့သည်။ ကျောင်းသားရန်ပုံငွေအတွက် ရုပ်ရှင်ကားရိုက်ရန် ကျွန်တော်တို့ကို တာဝန်ပေးသည်။ ၀တ္ထုဇာတ်လမ်းကို ကျွန်တော်ကရေးရမည်။ ဇတ်ညွန်းကို ကိုကြည်မောင်က ရေးမည်။ ရုပ်ရှင်ဒါရိုက်တာ ကိုသိန်းဖေ (သိန်းဖေမြင့်) သည် ထိုအခါက ဗြိတိသျှဘားမား ရုပ်ရှင် ကုမ္ပဏီတွင် ၀င်ရောက်လုပ်ကိုင်နေသည် က ဒါရိုက်တာ အဖြစ်ရိုက်ကူးရန်သဘောတူလိုက်ကြသည်။

ကျွန်တော်တို့သည် မင်းသားမင်းသမီးကိုပင်ရွေးချယ်လိုက်ကြသည်။ မင်းသားကိုကျွန်တော်တို့က ထိုအခါ က ရာဇ၀င် ကထိက ဆရာဦးဘညွန့် ၊ မင်းသမီးကို ဆရာဖြစ်သင်ကောလိပ်တွင် ဆရာအဖြစ်လုပ်နေသော ဆရာမ ဒိုရာသန်းအေး (ဘိလပ်ပြန်သန်း) ကို ရွေးချယ်လိုက်ကြသည်။ ကျွန်တော်တို့ ၏ စိတ်ကူးယဉ်ချက်ဟု ဆိုလျှင်လည်းရမည်။

ဆရာဦးဘညွန့် (၁၉၀၆-၁၉၉၂)မှာ တယောအထိုးကောင်း၊အဆိုကောင်း ဖြစ်သည်။ သူ၏ ချစ်ဒုက္ခသီချင်း မှာနာမည်ကြီးနေသည်။ ဆရာမှာ သီချင်းဂီတ ၀ါသနာပါသော ကျောင်သားများနှင့် သီချင်းသီဆိုတီးမှုတ်နေသူဖြစ်သည်။ ကျွန်တော်တို့နှင့်လည်း ခင်မင်သည်။ ဆရာ၏ ရုပ်ရည်ကိုလည်း ကျွန်တော်တို့ က ကြိုက်သည် ။ ဆရာ၏ ပြောဟန် ဆိုဟန် အမူအရာကိုလည်း ကြိုက်သည်။ ကျွန်တော်က ဆရာဦးဘညွန့်ကို ရုပ်ရှင်မင်းသားအဖြစ်ထားလျှင် ကောင်းမည်လားဟုမေးလျှင် အပေါင်းအသင်းများက ကောင်းသည်ဟု သဘောတူကြသည်။

ဒိုရာသန်းအေး သီချင်းများကိုကြိုက်သည်။ သူမ၏ ဆိုဟန် သံနေသံထားများကိုကြိုက်သည်။ ထို့ကြောင့်ပင် ကျွန်တော်တို့က ဒိုရာသန်းအေးကို ရုပ်ရှင်မင်းသမီးအဖြစ် ရိုက်ကူးမည် ဟု စိတ်ကူးရကြသည်။ ဆရာဖြစ်သင်ကောလိပ်သို့ သွားရောက်ပြီး သူမကိုရုပ်ရှင်ရိုက်ရန်ပြောဆိုရာတွင် ပို၍ပင် သူမ၏ ရုပ်ရည်ကို သဘောကျသည်။

ပန်းပွင့်ရောင်စုံများနှင့် ဝေဆာလျှက်ရှိသော ဆရာဖြစ်သင်ကောလိပ်(ယခု ပညာရေးတက္ကသိုလ်) ကျောင်းဆောင်ရှေ့တွင် သွားတွေ့သောအခါ သူမ၏ အလှမှာ ပိုမိုထင်ရှားလာသည်။

ကျွန်တော်သည် မေ ၀တ္ထုရေးသောအခါ မေ ၀တ္ထု အဖွင့်တွင် ဤဆရာဖြစ်သင်ကောလိပ် ကျောင်းရှေ့ ရှိပန်းပွင့်များကို နောက်ခံထား၍ ခြယ်မှုန်းခဲ့သည်ကို အမှတ်ရနေသည်။ တက္ကသိုလ်ကျောင်းမဂ္ဂဇင်းတွင် သူမ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဆ၇ာမင်းသုဝဏ်၏ မောင်ခွေးဖို့ ကဗျာကို ဝေဖန်ရေးသော ဆောင်းပါးကိုဖတ်ရ၍ သူမ၏ စာပေအယူအဆကိုနှစ်သက်နေမိသည်။

အေ၀မ်းဖလင်နှင့် ဗြိတိသျှဘားမား ရုပ်ရှင်များကိုပင်သွားရောက်ပြောဆိုကြသည်။ သူတို့ ကုမ္ပဏီ နှစ်ခုလုံးကပင် ကျွန်တော်တို့ ရိုက်မည့် ဇာတ်ကားကို အကူအညီပေးမည်ဟု ပြောဆိုကြသည်။ ကျွန်တော်တို့က ဘာမျှ အရင်းအနှီး စိုက်ထုတ်ရန်မလို။ ၀တ္တုဇတ်ညွန်းများနှင့် ၀တ္တုများကို ကျွန်တော်တို့က ရေးမည်ကိုလည်း သူတို့က သဘောတူကြ သည်။ထိုအခါက ကိုသိန်းဖေ (သိန်းဖေမြင့်)မှာ ဗြိတိသျှဘားမားတွင် ယောကျာ်းဂုဏ်ရည်အမည်ဖြင့် ဇတ်ကားတစ်ကား ရိုက်ကူးနေသည်။ ကျွန်တော်တို့ ကျောင်းသားတစ်စု ဗြိတိသျှ ဘားမား စတူဒီယိုသို့ သွားရောက်ကြည့်ကြသည်။ ကျွန်တော်တို့ သွားရောက်စဉ်က ယောကျာ်းဂုဏ်ရည် ဇာတ်ဝင်ခန်းတစ်ခန်း ရိုက်ကူးနေသောအခါဖြစ်သည်။ ကိုသိန်းဖေက တမင်ချိန်းခြင်းဖြစ်သည်။

ကိုသိန်းဖေ မှာပင်တရားရုံးဇတ်ဝင်ခန်းတစ်ခန်းတွင် ကိုယ်တိုင် သရုပ်ဆောင်နေသည်။ ကျွန်တော်တို့ မိတ်ဆွေ ကိုချစ်လှိုင်သည်လည်း ဇတ်ရံတစ်နေရာက ပါသည်။ (ထိုစဉ်ကနေ့ ၀က်တက်ရသည်။)။ ကျွန်တော်သည် အတန်းအားနေလျှင် ရသည့်အချိန်ကလေးတွင် အင်္ဂလိပ်ကားများကို ကြည့်နေတတ်သည်။ ရုပ်ရှင်ရိုက်ရန် စိတ်ကူးယဉ်နေသည်။ ၀တ္တုဇတ်လမ်းကိုပင် စိတ်ကူးနေမိသည်။ ကျွန်တော် စိတ်ကူးထားသောဇတ်လမ်းမှာ မင်းသားမှာ စန္ဒယားဆရာဖြစ်သည်။ ကျွန်တော်က ဆရာဦးဘညွန့်၏ ပုံပန်းအမူအရာကိုကြည့်ပြီး စန္ဒယားဆရာအဖြစ် စိတ်ကူးထားခြင်းဖြစ်သည်။ အမှန်က ဦးဘညွန့် မှာ တယော ဆရာ။ မင်းသမီးမှာ တက်သစ်စအဆိုတော်ဖြစ်သည်။ ဒိုရာသန်းအေး နှင့်ကိုက်သည်။ စန္ဒယားဆရာမှာ သီချင်းလည်းရေး၊သီချင်းလည်းဆိုသူဖြစ်သည်။

အင်္ဂလိပ်ရုပ်ရှင် ဇတ်ကားများတွင် မင်းသားမှာ စန္ဒယားမတီးတတ်သော်လည်း တစ်ယောက်ယောက်က တီးပေးလျှင် ဖြစ်သည် ကိုသိနေသည်။ လိုချင်သည့် တီးကွက်ကို စန္ဒယားအတီးကျင့်လျှင် ရနိုင်သည် ကို ကျွန်တော်သည်ထင်သည်။

ဘိလပ်ပြန်သန်း

http://moemaka.com ကနေယူထားတဲ့ ဘိလပ်ပြန်သန်း ပုံပါ။


ကျွန်တော်က စန္ဒယားနေရာတွင် ကျွန်တော်ကိုယ်တိုင်တီးမည်ဟု စိတ်ကူးမိသည်။ ရုပ်ရှင်ဒါရိုက်တာက ရွေးချယ်မည်၊ မရွေးချယ်မည်ကိုမသိ။ ဒိုရာသန်းအေး၏ ပုံပန်းကို ကျွန်တော်မှတ်မိနေသည်။ ကျွန်တော်တို့ ရုပ်ရှင်ရိုက်ကူးရန် သွားပြောသည့် အခါက အကျီအဖြူ၊ထဘီအစိမ်းရောင်နှင့် ဖြစ်သည်။ အကျီလက်မှာ ဇာပန်းလေးများ ထိုးထား သည်ကိုမှတ်မိနေသည်။ သူမ၏ ခေါင်းပုံစံမှာ တစ်မျိုးဖြစ်နေသည်။ ရှေ့ တွင် ဆံပင်ကို တဖက်သတ်ဖြီးထားသည်။ စကားပြောသောအခါ နဖူးပေါ်တွင် ဆံပင်များဝဲကြနေသည်။ ကျွန်တော့် စိတ်ကူးထားသော ၀တ္တုဇတ်လမ်းထဲတွင် စန္ဒယားဆရာနှင့် အဆိုတော်မလေး တွေ့ ဆုံခန်းကို အတော် အသားပေးထားသည်။

(ဖျတ်ကနဲတွေ့ ရသော ရုပ်ပုံလွှာကားချပ်များ -ဒဂုန်တာရာ )

Entry filed under: ဘိလပ်ပြန်သန်း, Sharing. Tags: .

မြနှောင်းညို Fan Page on Facebook ဒဂုန်တာရာရဲ့ ဖျတ်ခနဲ ရုပ်ပုံလွှာများထဲက ဘိလပ်ပြန်သန်း (၂)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: