ပျို့ လက်ရုံး

December 19, 2010 at 2:54 pm 7 comments

နိုဝင်ဘာလတစ်လလုံးနီးပါး အကြိမ်ကြိမ်အခါခါ ကြက်သီးမွေးညှင်းထလောက်အောင်ကို သဘောတကျနားထောင်ဖြစ်ခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။

ပျို့ လက်ရုံး

*ပညာပါရမီ ပြည့်ဝစုံလင်သည် ကမ္ဘာတွင်စေမည် မိန်းမအာဇာနည်
တိုင်းပြည်အတွင်းမှာ လင်းပေသည် လုံ့လညီ ၀ီရိယညီ တိုးပွားမည်
ပညာပါရမီ ပြည့်ဝစုံလင်သည် ကြီးပွားစေရန်လမ်းပြမည်
ကြိုးစားသည် တိုးပွားမည် ခေတ်သစ်ပြောင်းခဲ့ပြီ
မိန်းမဂုဏ်ရည် စွမ်းအားပြစေမည်

*ကမ္ဘာ မိုးအောက်မြေသေလာမဟီ ရှေးခေတ်ဟောင်းလည်းပြောင်းပြီ အတည်ဇာတိသွေးလည်း မွှေးသင့်ပြီစွမ်းဆောင်နိုင်စေရာ ကုမ္မာရီ
ကမ္ဘာ မိုးအောက်မြေသေလာမဟီ ရှေးခေတ်ဟောင်းလည်းပြောင်းပြီအညီ
ပညာဥာဏ်ရောင်ဖြိုးသည် အမျိုးသမီးဂုဏ်ရည်တိုးတက်ပြီ

(ကြံစည်..အမျိုးသမီးတွေ စည်းလုံးညီ မြန်ပြည် စွမ်းအားသတ္တိရှိရမည်)၂
ကမ္ဘာ မိုးအောက်မြေသေလာမဟီ ရှေးခေတ်ဟောင်းလည်းပြောင်းပြီ အညီ
ပညာဥာဏ်ရောင်ဖြိုးသည် အမျိုးသမီးဂုဏ်ရည်တိုးတက်ပြီ…။

*ကမ္ဘာ သိစေရန် သိစေရန် ကြံပါသည် တိုင်းမြန်ပြည် တိုးပွားတော့မည်
အမှန်စွဲကာသာ မြဲကာသာ ချိန်ခါမီ ကျန်းမာအောင်လေ့ကျင့်ရမည်
များကုမ္မာရီ တက်ခေတ်ရောက်လာပြီ
အားခွန်စုံအောင် ကျင့်ဆောင်ရပေမည်…။

ကမ္ဘာ သိစေရန် သိစေရန် ကြံပါသည် မျိုးဂုဏ်ရည် တိုးပွားတော့မည် ..

(ကမ္ဘာ မိုးအောက်မြေသေလာမဟီ –တိုးတက်ပြီ)

အဆိုတော်က အေ၀မ်းမေသန်း(ဂရေစီ) ပါ။ အေ၀မ်းရုပ်ရှင်ကုမ္ပဏီကို ပထမဆုံးရောက်ခဲ့တဲ့ မင်းသမီး ဖြစ်ပြီး သူ့နောက်မှာမှ မေရှင်၊မေမြင့်၊မေနုစတဲ့ မင်းသမီးတွေရောက်လာတယ်လို့ ဖတ်ဖူးထားတယ်။ဒီသီချင်းကို ပထမဆုံးနားထောင်ဖူးတော့ အဆိုတော်နာမည်ေ၇းထားတာကိုမမြင်ပဲ ဘိလပ်ပြန်သန်းလားလို့ ထင်လိုက်မိသေးတယ်။ နောက်မှ မေသန်းမှန်းသိတယ်။ တခါမှ နားမထောင်ဖူးဘူးလေ။ ဒါပေမယ့် ဘိလပ်ပြန်သန်းနဲ့ အသံဆင်တဲ့ မေသန်း ဆိုပြီး သူတို့ နှစ်ယောက်ရဲ့ အသံ၊ ဆိုဟန်ဆိုပေါက်ကို တူတယ်လို့ ရေးကြတာတော့ဖတ်ခဲ့ဖူးတယ်။ ဒီသီချင်းနားထောင်ရမှ တော်တော်ကိုတူတာကိုးလို့ သိတော့တယ်။ဒီသီချင်းမှာ တက်တက်ကြွကြွအားပါးတရဆိုထားတဲ့အသံလေးကလည်း အင်မတန်သဘောကျစရာကောင်းတယ်။

Pics from Internet


အဲဒါနဲ့ ဘိလပ်ကဘကြီးဘိုကို မေသန်းရဲ့ တခြားသီချင်းတွေ ရှဲပါဦးဆိုတော့ ချစ်ပန်းပင်၊ အိုင်လပ်ဖ်ယူဆီမီးပွဲတော် ဆိုတဲ့သီချင်းသုံးပုဒ် ထပ်နားထောင်ရတယ်။ ဒီသီချင်းရဲ့စာသားလည်း သူ့နားကပဲတောင်းရတယ်။နောက် ထာဝရမန္တလေးသူလေး အေးလဲ့ရဲ့ youtube မှာကတော့ အကျီပါး ဆိုတဲ့သီချင်း။အင်္ကျီပါး၊ ဆို – မေသန်းဒီ သီချင်းမှာတော့ အသက်ကြီးလာမှ ဆိုတဲ့အသံပဲ။ နားထောင်လို့တော့ သိပ်ကောင်းပါတယ်။ တိုင်းပြည် ရွှေမရှားတော့ပြီ ..ငွေမရှားတော့ပြီ ..တို့ မြန်မာသာယာစည် ဆိုတဲ့စာသားလေးတွေကိုနားထောင်ရတာ အပြင်မှာဘယ်လိုဖြစ်နေနေ သီချင်းနားထောင်နေတဲ့အချိန်လေးမှာတော့ စိတ်ချမ်းသာစရာကောင်းတာကိုးလေ။

မေသန်း ဆိုခဲ့တဲ့သီချင်းတော်တော်များများကို ရွှေတိုင်ညွန့် နဲ့ ရွှေပြည်အေး တို့ရေးတာဖြစ်ပေမယ့် ဒီတပုဒ်ကိုတော့ ရေးသူ အမည်မသိ လို့ စာအုပ်ထဲမှာရေးထားတယ်။ ၁၉၄၀ ခုနှစ်မှာကိုလံဘီယာဓာတ်ပြားတိုက်ကနေထုတ်ခဲ့တဲ့ ဒီသီချင်းကိုရေးခဲ့တဲ့တေးပြုစာဆိုဟာ အမျိုးသမီးတွေ စွမ်းအားသတ္တိအပြည့်ရှိအောင်၊ ပညာကိုတန်ဖိုးထားအောင် (အဲဒီခေတ်ကတော့ အမျိုးသမီးပညာတတ်တွေ တော်တော်ကိုရှားဦးမယ့် ခေတ်ကိုး) လှုံ့ဆော် ပေးချင်တဲ့စေတနာနဲ့ ရေးသားခဲ့တယ်ဆိုတာကိုတော့ ခံစားလို့ ရနိုင်ပါတယ်။

ကျမအတွက်ကတော့ ဒီသီချင်းကိုနားထောင်မိတိုင်း ပညာပါရမီနဲ့ ပြည့်ဝတဲ့၊မြန်မာပြည်ရဲ့ အလင်းရောင်လို့ တင်စားကြတဲ့၊ စွမ်းအားသတ္တိအပြည့်ရှိတဲ့၊ ကမ္ဘာကသိတဲ့မိန်းမအာဇာနည် တစ်ယောက်ကိုသာ စိတ်ထဲမှာမြင်ယောင်မိတယ်။

Entry filed under: ရှေးဟောင်းသီချင်းများ.

ရောသမမွှေထားတဲ့ မိုးကုတ်မြီးရှည် မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ၂၈

7 Comments Add your own

  • 1. Bo  |  December 19, 2010 at 8:21 pm

    ကောမန့်တင်ပေးတာ ကျေးဇူးကြီးပါ ဘလောက်အမရယ် ဟဲဟဲ

    Reply
    • 2. mashwemi  |  December 19, 2010 at 8:33 pm

      သာဓုပါတော် 😛

      Reply
  • 3. Bo  |  December 19, 2010 at 8:01 pm

    ဆောရီး မသန်းဧ တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်းမှာ ၁၉၄၀ လောက်ကရေးတာ ရွှေရတုမဂ္ဂဇင်းမှာ ပြန်ထည့်တာ

    Reply
    • 4. mashwemi  |  December 19, 2010 at 8:06 pm

      ကဲ..ဘကြီးဘိုလိုရှေးမှီနောက်မှီကပြောမှပဲ အတော်ကိုပြည့်စုံသွားတော့တယ် 😉

      Reply
  • 5. Bo  |  December 19, 2010 at 7:59 pm

    အင်္ကျီပါးက နောက်ပိုင်း အငယ်တွေနဲ့ တွဲဆိုပုံရတယ်။ ဝင်းဦးနဲ့ မေနု မေမြင့် စတဲ့ အဖွားကြီးတွေ စုံတွဲဆိုတာ တီဗီပေါ်စက ရိုက်တဲ့ထဲမှာ မေသန်းလဲ ပါတယ်ထင်တယ်။ ဒေါ်မေသန်းက ဆရာကြီး ဦးအောင်လှ (ရန်ကုန်တက္ကသိုလ် သင်္ချာပါမောက္ခနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့က လူကြီး)နဲ့ရပီး သီချင်းကြီးတွေပဲ ဆိုတော့တယ်တဲ့။ ရေဒီယိုမှာ ဒေါ်မေသန်းတူရိယာအဖွဲ့ဆိုပီး မိသားစု လွှင့်လေ့ရှိကြတယ်။

    သူက ဘိုသံဆိုတာများတော့ အဲဒိခေတ်မှာ ခေတ်အဆန်ဆုံး သီချင်းရေးဆရာတွေထဲက ဆရာရွှေပြည်ဧ ရေးတာတွေ ဖြစ်ဖို့များမယ်။ ဘိလပ်ပြန်သန်း မင်းသုဝဏ်ရဲ့ မောင်ခွေးဘို့ ကဗျာများစာအုပ် ဝေဖန်စာ M.T.E
    ဆိုပီး တက္ကသိုလ် နှစ် ၅၀ စာအုပ်တအုပ်မှာ ရေးတဲ့ထဲမှာ အင်္ကျီပါးက Manana ကိုမှီးတယ်လို့ ဆိုတယ်။ ဒါပေမဲ့ မနားနားက လက်တင်သီချင်းပုံစံတမျိုးဆိုတော့ ဘယ်သီချင်းလဲ တိတိကျကျ မသိဘူးပေါ့။ ပျို့လက်ရုံးကတော့ အင်္ဂလိပ် အမေရိကန်မှာ စစ်မဖြစ်ခင် ခေတ်စားတဲ့ အလွယ်ဆို Swing, Jazz ပုံစံပဲ ထင်တယ်။

    Reply
  • 6. Sunny  |  December 19, 2010 at 7:17 pm

    မမရွှေမိရေ.. စာတွေလာဖတ်ရင်း လင့် လေးပါ ယူသွားတယ်နော်.. 🙂

    Reply
    • 7. mashwemi  |  December 19, 2010 at 8:07 pm

      Thank you ပါ ဆန်းနီရေ 🙂

      Reply

Leave a reply to mashwemi Cancel reply

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 40,607 hits