မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၇)

December 13, 2010 at 12:49 am 1 comment

ကျွန်တော်ကမူ ဂျာနယ်ကျော်မမလေးကို စာတွေရေးစေချင်သည်။ စီးပွားရေးအလုပ်တွေလျှော့စေချင်သည်။ သူ့မှာ ပုံနှိပ်လုပ်ငန်းကို ကိုအောင်ဇေယျနှင့် လွှဲထားနိုင်သော်လည်း ဆေးချက်သည့် လုပ်ငန်းနှင့် ဆေးကုသသည့် လုပ်ငန်းက အချိန်ပိုယူလာသည်။ နေ့တိုင်း သူ့အလုပ်တိုက်ကို ရောဂါလာပြသည့် လူနာတွေကမနည်း။ ထိုကာလတစ်ဝိုက်တွင် ဂျာနယ်ကျော်မမလေးသည် ရသစာပေတွေသိပ်မရေးတော့ပဲ ဆေးဆောင်းပါးတွေကိုသာ အရေးများသည်။ လူထုလှုပ်ရှားမှုများတွင်ကား ကျွန်တော်တို့ နှင့်အတူ တောက်လျှောက် ပါလာခဲ့ပါသည်။

“မမလေးဆိုတဲ့ မိန်းမဟာ အတော် capable ဖြစ်တဲ့မိန်းမကွာ “ဟု တစ်ခါတွင် ကိုသိန်းဖေ(သိန်းဖေမြင့်) က ကျွန်တော့ကို တစ်အံ့တစ်သြ ပြောဖူးသည်။

၁၉၅၅ တစ်ဝိုက်မှ ၁၉၆၀ တစ်ဝိုက်သည် ဂျာနယ်ကျော်မမလေးစာအများဆုံး အထူးသဖြင့် ရသစာပေကို အများဆုံး ရေးသည့်ကာလာများဟု ကျွန်တော်ထင်သည်။ သူ၏ ထင်ရှားသောဝတ္တုလတ်များ (ဥပမာ-မေတ္တာ၊လောကီရတနာ၊ နတ်ရေးငယ်ရွှေစာ၊အဖြူ၊သူမ နှင့် ကမ္ဘာမြေ၀ယ် စသည့် ၀တ္တုရှည်ကြီးများသည် ထိုကာလတစ်ဝိုက်အတွင်းတွင်ေ၇းခဲ့ခြင်းဖြစ်သည်။ ၁၉၆၀ ပြည့်နှစ်နောက်ပိုင်းတွင်မူ ဂျာနယ်ကျော်မမလေးသည် ၀တ္တုရှည်ကြီးတွေရော၊၀တ္တုတိုရော အရေးကျဲလာသည်။ နောက်ပိုင်းတွင် ရင်နင့်အောင်မွှေး နှင့် သွေး ၀တ္တုရှည်ကြီး နှစ်ပုဒ်သာ ရေးနိုင်ပြီး နောက်ထပ်ရေးနိုင်ခြင်း မရှိတော့။ ၀တ္တုတိုလည်း တော်တော်ကျဲသွားသည်။

ဂျာနယ်ကျော်မမလေးသည် ကျွန်တော့်အဖို့ အစ်မကြီးတစ်ဦး၊မိတ်ဆွေတစ်ဦးမျှသာမက ရဲဘော်ရဲဘက်တစ်ဦး လည်းဖြစ်ပါသည်။ ၁၉၅၃ ခုနှစ်လောက်မှစ၍ ၁၉၆၂ ခုနှစ်လောက်ထိ ကျွန်တော်တို့သည် ဂျာနယ်ထုတ်ဝေရေးလုပ်ငန်း၊ စာအုပ်ထုတ်ဝေရေးလုပ်ငန်းတို့တွင် လုပ်ဖော်ကိုင်ဖက်၊ရေးဖော်ရေးဖက်များဖြစ်ခဲ့ကြသည်။လူထူလှုပ်ရှားမှုများ၊အသင်းအဖွဲ့ များတွင် လုပ်ဖော်ကိုင်ဖက် ရေးဖော်ရေးဖက်များဖြစ်ခဲ့ကြသည်။ လူထုလှုပ်ရှားမှုများ၊အသင်းအဖွဲ့ များတွင် လုပ်ဖော်ကိုင်ဖက်များဖြစ်ခဲ့ကြသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂ့ရက် မြန်မာနိုင်ငံ၊မြန်မာနိုင်ငံစာရေးဆရာစာပေကလပ်၊ မြန်မာနိုင်ငံစာရေးဆ၇ာများ သမဂ္ဂ။

၁၉၅၇-၁၉၅၈ ခုနှစ်တစ်ဝိုက်က မြန်မာနိုင်ငံစာရေးဆရာအသင်းတွင် ကျွန်တော့်အားဆန့်ကျင်သူများက ကျွန်တော့ ကိုဝိုင်းတိုက်ခိုက်ကြသည့်အခါ တွင် သူသည် ကျွန်တော့်ဘက်မှ ၀င်ရပ်ပေးခဲ့သည်။ ၁၉၆၀ပြည့်နှစ်နှင့် ၁၉၆၂ ကာလများကလည်း ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) တွင် ကျွန်တော့်ကို ၀ိုင်းတိုက်ကြသည့်အခါ သူသည် ကျွန်တော့်ဘက်မှရပ်ပေးခဲ့သည်။

၁၉၆၂ ခုနှစ်လောက်က ကျွန်တော်သည် အကြောင်းကြောင်းကြောင့် ကိုယ့်အိမ်တွင် မနေနိုင်သည့်အခါတွင် သူ့အိမ်မှာ တစ်လလောက်သွားပြီးနေထိုင်စားသောက်ခဲ့သည်။ ကျွန်တော့်ဘ၀တွင် မုန်တိုင်းတိုက်သောကာလများတွင် ဂျာနယ်ကျော်မမလေး၏ အိမ်ဂေဟာသည် ကျွန်တော့်အတွက် နားနေခိုလှုံရာဖြစ်ခဲ့သည်။

၁၉၆၀-၆၂ ခုနနှစ်ကာလများအတွင်းတွင် ကျွန်တော်တို့သည် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်လုပ်ငန်း၊ မြန်မာနိုင်ငံစာရေးဆရာစာပေကလပ် လုပ်ငန်းတို့ကို သူ့ရုံးမှ အလုပ်ခန်းမှာပင်ရုံးဖွင့်၍ အလုပ်လုပ်ခဲ့ပြီး အစည်းအဝေး များကို သူ့အိမ်တွင်ပင် ကျင်းပလေ့ရှိသည်။ သူ့အိမ်တွင် အစည်းအဝေးလုပ်တိုင်း ကျွန်တော်တို့ကို အစားအသောက်ဖြင့် ဧည့်ခံကာ အချိန်နောက်ကျလျှင်လည်း အိမ်တိုင်ရာရောက်မော်တော်ကားဖြင့် လိုက်ပို့ပေးသည်။

ကိုအောင်ဇေယျကား ကျွန်တော်တို့ အထဲတွင် ဘာမျှ ၀င်ရောက်စွက်ဖက်ခြင်းမရှိ၊သူ့ စာပုံနှိပ်တိုက်လုပ်ငန်းမှ သယ်လာသည့် ပရုများ၊စာရင်းဇယားများနှင့်သာ အချိန်ကုန်နေသည်။ မကြာခဏဆိုသလို ကျွန်တော်တို့ကို မော်တော်ကားဖြင့် အိမ်တိုင်ရာရောက်လိုက်ပို့ရသည့် အလုပ်ကိုလည်း လုပ်လိုက်ရသေးသည်။

ကိုအောင်ဇေယျသည် စကားနည်းသော တိတ်ဆိတ်သည့် အလုပ်သမားတစ်ယောက်ဖြစ်ပါသည်။

ကျွန်တော်သည် စနေနေ့ညများတွင် သူတို့ အိမ်၌ ညစာစားလေ့ရှိရာ ထိုအခါကျမှပင် ကိုအောင်ဇေယျသည် သူ့ထင်မြင်ချက်တို့ကို ပွင့်ပွင့်လင်းလင်းပြောတတ်သည်။ တခါတရံတွင် ကျွန်တော်၊ဂျာနယ်ကျော်မမလေးနှင့် ကိုအောင်ဇေယျတို့သည် ထမင်းစားသောက်ပြီးသည့်တိုင် စကားအမျှင် မပြတ်ကြ။

တစ်ခါတရံတွင်လည်း ကျွန်တော်တို့သည် ထမင်းစားသောက်ပြီး စာပေအယူအဆနှင့်ပတ်သက်ပြီး ငြင်းကြခုံကြသည်။ စာပေအယူအဆနှင့် ပတ်သက်၍ ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေးတို့ နှစ်ကြိမ်လောက် ပြင်းပြင်းထန်ထန်ုငြင်း ခုံဖူးကြသည်။

တစ်နေ့ တွင် ဘယ်လိုကဘယ်လို စကားစပ်မိကြသည် မသိ။ “သူလိုလူ “အကြောင်းကိုရောက်သွားကြသည်။ သူလိလူသည် ဖတ်၍ မငြီးနိုင်အောင်ကောင်းသည့် ၀တ္တုဟန် အတ္တုပ္ပတ္တိစာအုပ်ကြီးတစ်အုပ်ဖြစ်သည်။ ကျွန်တော်သည် သူလိုလူကို လေးငါးခြောက်ကြိမ်ထက်မနည်း ဖတ်ခဲ့ဖူးပါသည်။ ဖတ်သည့်အခါတိုင်း “သူလိုလူ”သည် ကျွန်တော့်အတွက် စာအုပ်ဟောင်းတစ်အုပ်ဖတ်ရသည်နှင့်မတူ၊စာအုပ်သစ်တစ်အုပ်၏ အရသာကို အမြဲခံစားနေရသည်။ သူလိုလူသည် ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ဂျာနယ်ကျော်မမလေးတို့၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းဝတ္တု တစ်ပုဒ်ဖြစ်သည်သာမက သူတို့ နှစ်ဦးကျင်လည်ဖြတ်သန်းခဲ့ရသော မြန်မာ့နိုင်ငံရေးနောက်ခံနှင့် သတင်းစာလောက၏ ပန်းချီကားတစ်ချပ်ဟုလည်း ဆိုနိုင်သည်။ ထိုခေတ်နိုင်ငံရေးနောက်ခံတွင် သူတို့ နှစ်ဦး ကျင်လည်ခဲ့ကြပုံကိုပြရာတွင် ဂျာနယ်ကျော်မမလေးသည် အနုပညာသဘောကို နားလည်သော ဆလိုက်မီးဆရာတစ်ဦးကဲ့သို့ လှပစွာ မီးမောင်းထိုးပြသွားသည်။ ထို့ ကြောင့် သူလိုလူ သည် ကျွန်တော့်အဖို့ ဘယ်နှစ်ကြိမ်ဖတ်စေကာမူ ရိုးသည်ဟု မရှိပါ။ နောင်တွင်လည်း ရိုးမည် မထင်ပါ။

ဂျာနယ်ကျော်မမလေး (ပါရဂူ ပရကထာ စာအုပ်ကနေ ဓာတ်ပုံရိုက်ထားတဲ့ပုံပါ)


သို့ ရာတွင် သူလိုလူ တွင် ကျွန်တော် ဘ၀င်မကျသည့် အချက် တစ်ချက်ရှိသည်။ ယင်းမှာ ၁၃၀၀ ပြည့် အရေးတော်ပုံကာလတုန်းက ရန်ကုန်တက္ကသိုလ် ကျောင်းသား များ စက္ကတေးရီးရပ် ခေါ် အတွင်းဝန်ကြီးများရုံးကို ၀ိုင်း၍ ဆန္ဒပြခဲ့သည့်ကိစ္စဖြစ်သည်။

“ကျောင်းသားတွေက အတွင်းဝန်ရုံးကိုဝိုင်းပြီးဆန္ဒပြတဲ့ ကိစ္စကို ဒေါ်မမလေးက ဦးချစ်မောင် အကြံပေးလို့ ပေါ်ပေါက်လာရတယ်လို့ရေးထားတယ်။ ဒီအချက်ကိုတော့ ကျွန်တော်သိပ်ဘ၀င်မကျဘူး။ ”

ဂျာနယ်ကျော်မမလေးက မျက်လုံးအ၀ိုင်းသားဖြင့် ကျွန်တော့်ကို ကြည့်နေသည်။

“ရှင်က ဘာဖြစ်လို့ ဘ၀င်မကျတာလဲ။”

“အဲဒီခေတ်ကိုတော့ ကျွန်တော်ကောင်းကောင်းမမှီလိုက်ဖူးပေါ့။ ကျွန်တော်တို့က အလယ်တန်းကျောင်းသားလေး တွေပဲရှိသေးတာကိုး။ ဂျာနယ်ကျော်ဦးချစ်မောင်က အကြံပေးလိုက်လို့ ဒီအရေးတော်ပုံကြီးပေါ်ပေါက်လာရတယ်၊ တစ်နည်းပြောရရင် အတွင်းဝန်ရုံးကို ၀ိုင်းရတယ် ဆိုတာကိုတော့ ကျွန်တော် လက်မခံချင်ဘူး။ ၁၉၃၈ မှာ ရေနံမြေသပိတ်ကြီးကို ထောက်ခံတဲ့အနေနဲ့ ကျောင်းသားတွေ သပိတ်မှောက်ကြတယ်။ ရေနံမြေသပိတ်ကို ထောက်ခံဖို့ သွားတဲ့ ကျောင်းသားခေါင်းဆောင်ကိုဗဆွေနဲ့ ကိုဗဟိန်းတို့ မကွေးမှာ အဖမ်းခံရတယ်။ သူတို့ ကျောင်းသားခေါင်းဆောင် နှစ်ဦးကိုလွတ်ပေးဖို့ ကျောင်းသားတွေ ဆန္ဒပြကြတယ်။ ဒီလို ဆန္ဒပြတဲ့နည်းလမ်းတွေမှာ အတွင်းဝန်ရုံးကို ၀ိုင်းဖို့ နညမးလမ်းတစ်ခုလည်း ပါတယ်။ ဒီတော့ ဒီနည်းလမ်းကိုလုပ်ဖို့ စိတ်ကူးဟာ လူတိုင်းရဲ့ ခေါင်းထဲမှာရှိနိုင်တယ်။ ”

“သမိုင်းတွင်တဲ့ အရေးတော်ပုံတစ်ခုပေါ်ပေါက်လာရတာဟာ လူတစ်ယောက်ကြောင့်၊လူတစ်ဦးတည်းရဲ့ စိတ်ကူးကြောင့် ပေါ်ပေါက်လာရတယ်ဆိုတဲ့အယူအဆကို ကျွန်တော် လက်မခံဘူး။ သမိုင်းဖြစ်ရပ်တစ်ခုဟာ အကြောင်းတရားတွေဆုံစည်း လို့ ပေါ်ပေါက်လာရတာဖြစ်တယ်။ သမိုင်းရဲ့ ချဲ့ ထွင်မှုဟာ အကြောင်းတရားများစွာတို့ ရဲ့ စေ့ဆော်မှုကြောင့် ပေါ်ပေါက် လာရတာဖြစ်တယ်လို့ ကျွန်တော်ယူဆတယ်။ ဒါကြောင့် ကျောင်းသားတွေ အတွင်းဝန်ရုံးကို ၀ိုင်းပြီး ဆန္ဒပြတဲ့ကိစ္စ စိတ်ကူးရတဲ့ သူတွေထဲမှာ ဂျာနယ်ကျော်ဦးချစ်မောင် ပါကောင်းပါနိုင်တယ်။ ပါမယ်လို့လည်း ကျွန်တော်ယုံကြည်တယ်။ ဒါပေမယ့် သူ့ တစ်ယောက်ထဲရဲ့ စိတ်ကူးကြောင့် ပေါ်ပေါက်လာတယ်လို့တော့ ကျွန်တော် မထင်ဘူး။ ”

ဂျာနယ်ကျော်မမလေးသည် ကျွန်တော့်ကို တစ်အံ့တစ်သြကြည့်နေသည်။

“ဒါဖြင့် ရှင်က ကိုသိန်းဖေရဲ့ ရေးသားချက်ကိုထောက်ခံတယ်ပေါ့။ ”

“ကိုသိန်းဖေရဲ့ ရေးသားချက်ကိုလည်း ကျွန်တော်မဖတ်ရသေးဘူး။ ”

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

Happy Birthday …Daw Kyi Aye လမ်းသူရဲမုန့် …မင်းလမ်းမုန့် တီ..နဲ့ Chinese Food

1 Comment Add your own

  • 1. Rita  |  December 13, 2010 at 11:10 am

    (“သမိုင်းတွင်တဲ့ အရေးတော်ပုံတစ်ခုပေါ်ပေါက်လာရတာဟာ လူတစ်ယောက်ကြောင့်၊လူတစ်ဦးတည်းရဲ့ စိတ်ကူးကြောင့် ပေါ်ပေါက်လာရတယ်ဆိုတဲ့အယူအဆကို ကျွန်တော် လက်မခံဘူး။ သမိုင်းဖြစ်ရပ်တစ်ခုဟာ အကြောင်းတရားတွေဆုံစည်း လို့ ပေါ်ပေါက်လာရတာဖြစ်တယ်။”)

    အမှန် ဝန်ခံရရင် သူလိုလူကို တခါတည်းပဲ ဖတ်ခဲ့လို့လားမသိ။ အဲဒီထဲက အချက်အလက်တွေ ဘာမှ မမှတ်မိတော့သလောက်ပါပဲ။ ခု ပြန်ဖတ်မိတော့တောင် မှတ်ဉာဏ်ထဲမှာ ပေါ်မလာဘူး။

    ဒီဆောင်းပါးစုတွေကိုတော့ သိပ်ကို စိတ်ဝင်စားမိတယ်။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: