တွေးမိတွေးရာ ဖတ်မိဖတ်ရာ..

October 21, 2010 at 3:36 pm 7 comments

Ma Kရဲ့ ဘလော့ဖတ်နေရင်းနဲ့ မလေးလုံရေးတဲ့ ဖေမောင်တင် သို့ မဟုတ် ဘသက်ရှည်စာအုပ်ကို ပြန်ဖတ်ချင်လိုက်တာနော်။ မဖတ်ရတာ ၁၀ နှစ်ကျော်သွားပြီ။ဟိုလူကြီး ငါ့ဆီကနေငှားသွားပြီး အိမ်ပြောင်းအိမ်ရွှေ့ မှာဘယ်နားထားမိမှန်းမသိတော့လို့ စိတ်မရှိပါနဲ့ ဆိုပြီး ပြန်မရတော့ဘူး။ သူများကိုအလွယ်တကူစာအုပ်မငှားပေးနဲ့ ဆိုတဲ့သင်ခန်းစာရလိုက်တာပဲ။ အဲဒါပြီးတော့ ဒင်းကစင်ကာပူသွား ခဲ့ပြီဆိုတော့ဘယ်လိုမှလည်းပြန်တောင်းလို့ မရ။ဒီမှာတွေ့ တဲ့အခါတောင်းကြည့်ပြန်တော့လည်း ဟာ ကြာလှဘီ ဘယ်ရှိတော့မှာလဲ တဲ့။ ကဲ ..စိတ်တိုစရာမကောင်းဘူးလား။ ဒီလောက်ရှားပါးအဖိုးတန်စာအုပ် လွယ်လွယ်ငှားမိတာ ငါ့အပြစ်ပါလေ။ အဲဒီတုန်းကတော့ကိုယ်ကသဘော ကောင်းသေးတယ်။ စာအကြောင်းပေအကြောင်းပြောလို့ကောင်း တယ်ဆို အလွယ်တကူငှားပေး လိုက်တော့တာပဲ။ ခုတော့ မရတော့ဘူး ဆရာရေ့။ ဘာစာအုပ်မှမငှားတော့ဘူး။ ဟူးးး…စာအုပ်အထူကြီး နှစ်အုပ်၊ ပထမပိုင်းကအပြာရောင် အဖုံး၊ ဒုတိယပိုင်းက အနက်ရောင်အဖုံးနဲ့ ဦးဖေမောင်တင် ထိုင်နေတဲ့ပုံ။ အခုထိတောင်မြင်ယောင်တုန်း။ ခုနေသာ ပြန်ဖတ်ရရင် ပိုဖတ်လို့ ကောင်းမှာ။ပြန်ထုတ်မယ်လို့တော့ စာအုပ်တစ်အုပ် နောက်ကျော မှာကြေငြာထားတာရန်ကုန်ပြန်တုန်းကတွေ့လိုက်တာပဲလေ။ ဒါပေမယ့် ၁၉၈၅-၈၆ (ဒါမှမဟုတ်အဲဒီထက်စောသလားတော့မသိ) က ထုတ်ခဲ့တဲ့စာအုပ်ဆိုတော့ ခုခေတ်ပြန်ထုတ်တဲ့အခါ ဟိုဒီဖြတ်ပစ်လိုက်ရင် ဖတ်ရတာ အရသာမရှိတော့မှာစိုးရတယ်။ ဒီတခါ ရန်ကုန်ပြန်ရင် ပန်းဆိုးတန်းမှာ သွားရှာဦးမှပဲ။အသစ်ထွက်မယ်ဆိုတာ လည်း ဒီနှစ်ထဲထွက်နိုင်ရင်ကောင်းမှာနော်။

စာအုပ်စင်ပေါ်အလွယ်တကူတွေ့လိုက်တဲ့ ဒေါက်တာခင်လက်ျာရဲ့ အမှတ်မထင်စွန့် စားခန်းများ ။ပြန်ဖတ်လိုက်ဦးမယ်။ ရန်ကုန်မှာတုန်းက သေချာမဖတ်ခဲ့ရဘူး။ အို..ဒီစာအုပ်က သူ့ရဲ့ နောက်တစ်အုပ်(ပထမဆုံးဝယ်ဖြစ်တဲ့) လူလည်းတထွေရေလည်း တခြား ထက်တောင်ပိုဖတ်ကောင်းနေသလိုပဲ။ ဆရာအောင်သင်း အမှာစာအရ တော့ သူကအစက မြန်မာလိုတောင်ကောင်းကောင်းမရေးတတ်လို့ အင်္ဂလိပ်လို ရေးထားတာ ဆရာမြန်မာပြန်ပေးပါဆိုပြီး လာအကူအညီတောင်းတာတဲ့။ ဒါနဲ့ ဆရာကြီးက တိုက်တွန်းပြီး မြန်မာလိုရေးခိုင်းရတယ်တဲ့။ အရေးအသားလေး ကရှင်းရှင်းလေး။ ငါသိတယ်၊ငါတော်တယ်၊တတ်တယ် ၊ငါကဒီလို ဆိုတဲ့ ကြွားဝါမာန်တက်တဲ့ စကားမျိုးမပါပဲ ရိုးရိုးလေးရေးထားတာ ချစ်စရာ။ မျက်နှာလေးကလည်းချစ်စရာပဲ။ အေးအေးချမ်းချမ်းလေး။ မုဒိတာပွားနိုင်ပါစေလို့ ပြောစရာမလိုပဲ မုဒိတာပွားရတာပေါ့။ ဗိုလ်လက်ျာသမီးဆိုပြီးဖတ်မိရာက နေခုတော့ ကြိုက်သွားပြီ။ ဈေးကွက်ထဲမှာ ဆောင်းပါးအမြဲရေးတယ်တဲ့။ အပတ်တိုင်းဖတ်ကြည့်မှပဲ။

တနေ့က သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ တယ်။ အလုပ်အကိုင်အကြောင်းတွေပြောမိရင်း သူတို့ ရုံးမှာလုပ်နေတဲ့ ကိုယ်သိတဲ့ ဦးသိန်းဖေမြင့် မြေး ကိုမေးမိတယ်။ အလုပ်ထွက်သွားပြီတဲ့။ အဲကနေ မဆီမဆိုင် အိမ်ပြန်ရောက်တော့ သိန်းဖေမြင့်စာအုပ်တွေ ပြန်လှန်ဖြစ်တယ်။ အရှေ့ကနေ၀န်း လို စာအုပ်ထူကြီးတော့မဖတ်ချင်သေးဘူး။ ပေါ့ပေါ့ပါးပါး တစ်ခုသောငွေရတုသဘင်နဲ့ ဘိုးဘိုးဘွားဘွားအချစ်ပွား ဆိုတာလေးပဲဖတ်လိုက်ဦးမယ်။ ဦးသိန်းဖေမြင့်ကတော် ဒေါ်ခင်ကြည်ကြည် အကြောင်းရေးထားတဲ့အခန်းတွေဖတ်နေရင်း ဒေါ်ခင်မျိုးချစ်ရေးဖူးတာ သွားသတိရမိတယ်။ ဦးသိန်းဖေမြင့်နဲ့ ဒေါ်ခင်ကြည်ကြည်နဲ့ ယူတယ်ဆိုတဲ့သတင်းကြားတော့ သူက ဟယ် ခင်ကသိပ်တော်တာ။ ခင့်ကို နှမြောလိုက်တာ လို့ ပြောမိလို့ ဦးသိန်းဖေမြင့်ကအမြဲ စကားနာထိုးတယ်တဲ့။ ဒေါ်ခင်မျိုးချစ်ကတော့ ဦးသိန်းဖေမြင့်ကတော်ကိုသိပ်ချီးကျူးတာပဲ။ ဂန္တ၀င်စာကြီးပေကြီးတွေဖတ်တဲ့နေရာမှာလည်း သူ့လိုပဲတဲ့။ သိပ်စာဖတ်တယ်ဆိုတယ်။ဒါပေမယ့် တကယ်က ခင်က သိပ္ပံလိုင်းဆိုတော့ ပိုအထင်ကြီးမိပြန်တယ်တဲ့။ ဂျာမန်ဘာသာသင်ပြီး ဂျာမန်လိုထုတ်တဲ့ ရူပဗေဒ စာအုပ်တွေလည်း ဘာသာပြန်သေးတယ်ဆိုပဲ။ တော်လိုက်တာနော်။ ပုံစံကျပြန်တော့ ပုပုသွက်သွက်ပဲ။

ဟော Facebook ထဲမှာ ကိုယ်တင်ထားတာက သူငယ်ချင်းတယောက်နားကကူးထားတဲ့ ကြည်အေးရဲ့ တွယ်ငြိချင်လျှင် နာကျင်တတ်သောရုပ်ကို မရှာလေနှင့်။ အာရုံကိုနားမလည်သည့် စိမ်းမြသောအကြောရှိသည့် သစ်ပင်ပန်းရွက်၌သာ နားခိုပါချေ။ ဆိုတာလေးတင်ထားတယ်။ အဲဒီမှာနောက်ထပ်မိတ်ဆွေနှစ်ယောက် ကပါထပ်ကူးပြီး သူတို့ facebook wall မှာ ကွန်မန့် လေးတွေ တက်လာပါလား။ ဖတ်လို့ ကောင်းလိုက်တာနော် .. like like ..ကိုယ်ဖြင့် ကြိုက်တယ်ဆို ကြိုက်တာပဲရှိတယ်။ သူတို့ လို လှလှပပ ကဗျာဆန်ဆန်လေးမရေးတတ်ဘူး။ ကြည့်ပါဦး ..မမေကြည်ရေးထားတာလေးများ..လှလိုက်တာနော်။
ကျွန်မတို့ချစ်ကြတာနဲ့ သူတပါး ငိုကြတယ်ဆိုတာ နားမလည်ဘူး ဆိုလေတဲ့ အထွေး……
နာမည်ပျက်လှတဲ့ လွယ်အိတ်ပိုင်ရှင်ရယ်…
ရာဇ၀င်ရိုင်းလိုက်လေ..
အရူးလက်ချက်နဲ့ အသက်ထွက်ရသတဲ့…
…ရင်နာတယ်

အကြိမ်ကြိမ် သေဆုံးပြီး အကြိမ်ကြိမ်မွေးဖွားတဲ့ နန္ဒာနှမ အကြောင်းကိုလည်းပြောချင်သေးတယ်တဲ့။ အဲလို ဘာသာဗေဒ တူတဲ့သူတွေ စုပြီးစကားပြောရတာ၊၀င်မပြောဦးတောင်ဘေးကထိုင်နားထောင်နေရတာသိပ်အရသာရှိတာပဲ။ ဖတ်ချင်ရင် ကြည်အေး Facebook fan page discussion အောက်မှာရှိပါတယ်။

မမေကြည်ကိုတောင် ရန်ကုန်မှာတွေ့ တုန်းက သင်းစုစုညိမ်းရဲ့ စာအုပ် နှစ်အုပ်အကြောင်းညွန်းခဲ့သေးတယ်။ ပုဝါဆစ်ထုံးပေါ်လမ်းလျှောက်ခြင်းရယ် ၊ကျော့..ညပန်းချီလင်းရိပ်ဦး ဆိုတဲ့စာအုပ်တွေ။ သူ့စာအုပ်လေးတွေဖတ်ရတာကြိုက်တယ်။ စာရေးလဲကောင်းသားပဲ။ဘာလို့ နာမည်သိပ်မကြီးလဲမသိဘူး .။ တချို့ စာအုပ်မှာတော့ ကြည်အေးရဲ့ influence အများကြီးပါတယ်။ ဒါကတော့ ဖြစ်တတ်ပါတယ်လေ။ စာရေးကောင်း တဲ့သူဆိုရင်စာတွေများများေ၇းပြီး စာအုပ်တွေအများကြီးထုတ်စေချင်တယ်။ ဖတ်စရာစာအသစ်ကခပ်ရှားရှားရယ်။

ပြောမယ့်သာပြောရ..ထုတ်ဝေပေးမယ့်သူမရှိပဲကိုယ်တိုင်ထုတ်ရရင်စာအုပ်တစ်အုပ်ဖြစ်ဖို့ကလည်း အရင်းအနှီးမနည်း လှဘူးဆိုကြတယ်။ ဘယ်တော့မှမထိုးဖြစ်တဲ့ ToTo ပေါက်ချင်လိုက်တာ။ထိုးစမ်းဦးမှပဲထင်တယ်။ဗမာပြည်ပြန်ပြီး ပတ်ဘလစ်ရှာလုပ်ချင်တယ်။ ဘလော့တွေပေါ်က ကိုယ်ကြိုက်မိတဲ့စာတွေစုပြီးစာအုပ်ထုတ်ချင်တယ်။ နောက်အောင်လင်း ရဲ့ ရွှေဝတ်မှုန် စာအုပ် ထုတ်ချင်တယ်။ ငွေတာရီထဲမှာအခန်းဆက်ဖတ်ဖူးတဲ့ဝတ္တုရှည်။ ဖတ်လို့သိပ်ကောင်းတယ်။

အောင်လင်းရဲ့ အရိုင်းစံပယ်၊မောင့်မမငြိမ်း စာအုပ်တွေပြန်ထုတ်ပြီး ရွှေဝတ်မှုန်ကျတော့ ထုတ်ဝေသူတွေဘာလို့ ပြန်ထုတ်ဖို့ မစဉ်းစားကြလဲမသိဘူး။ နိုင်ဝင်းဆွေစာအုပ်တွေတောင်ပြန်ထုတ်နေမှပဲ။ နိုင်ဝင်းဆွေစာအုပ် မဟူရာမေတ္တာ၊ နွေတစ်ည၊ရေဆန်လမ်း သုံးအုပ်ဝယ်ထားတယ်။ နွေတစ်ညကိုပဲကြိုက်တယ်။ မဟူရာမေတ္တာလည်း ခံစားလို့ရပါသေး တယ်လေ။ ရေဆန်လမ်းကျတော့ မခံစားနိုင်ဘူးကွယ်။ ဖတ်ရင်းမောလိုက်တာ။

စာဖတ်ရင်းပျော်ချင်ရင်တော့ သော်တာဆွေစာအုပ်၊နောက်ပြီး မင်းလူရဲ့ စာအုပ်တစ်ချို့ ဖတ်ရင်ရီရတာပေါ့။ စာပေကယ်ရီကေးချား ဆို ကောင်းမှကောင်း။ ဖတ်တိုင်းရီနေရတယ်။ ရွှေကူမေနှင်းကို စိန်ဂွက်ထော်နဲ့ နှိုင်းထားသေး။ ဟီး..သူရေးမှ တူသလိုလိုတောင်ထင်လာမိတယ်။သော်တာဆွေ ရဲ့ စာတွေထဲမှာ ဂျာနယ်ကျော်မမလေး၊ဒဂုန်တာရာ၊ ဒေါ်ခင်မျိုးချစ်တို့မောင်နှံကို ကလိတာလေးတွေသတိရမိတယ်။ အဲတုန်းကလည်း ဖတ်ကောင်းတာပဲ။ ဂျာနယ်ကျော်မမလေး နှုတ်ခမ်းကို ပြည်ကြီးမျှော့နှုတ်ခမ်းလိုပဲတဲ့..ဟားဟား။

မင်းလူကလည်း ခင်မြဇင်ကို တချိန်လုံးစာတွေထဲရေးပြီးနောက်နေတော့ သူ့စာတွေဖတ်ရင်းခင်မြဇင် ကိုရင်းနှီးနေပြီ။ ခင်မြဇင်လည်း တချိန်လုံးအစအနောက်ခံနေရလို့များ သရော်စာေ၇းချင်သွားသလားမသိ။ ယောင်တောင်တောင်တရာ့ကိုးဇင်၏ကြောင်တောင်တောင်ဖွင့်ဟ၀န်ခံချက်များတဲ့ ။ စာအုပ်ထွက်လာပြီ။ ဖတ်ကြည့်လိုက်တော့လည်း တကယ့်သရော်စာအစစ်ပဲ။ ၀ါးလုံးကွဲမရီရတောင်ပြုံးစရာလေး တွေချည်းပဲ။ ဒါပေမယ့် ကိုယ်ကတော့ခင်မြဇင်ရဲ့ စိတ်ကူးမြစ်ရဲ့ တစ်ဖက်ကမ်းပါးမှာ ဆိုတဲ့စာအုပ်လေး ထွက်တုန်းက ၀ယ်ဖတ်ထားတဲ့သူဆိုတော့ သူစာရေးသိပ်ကောင်းတာ ဘာလို့ ဒီသရော်စာလိုင်းလိုက်ရတာတုန်း။ ရသ၀တ္တုကောင်းကောင်းလေးတွေပဲဆက်ရေးပါလားတွေးမိပြန်တယ်။

ခုခေတ် ရသစာပေလောကမှာလည်း ခင်ခင်ထူးနဲ့ နေ၀င်းမြင့် နှစ်ယောက်ရှိလို့ သာအသစ်တွေဖတ်နေရတော့တယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်စရာပဲ။ မအိမ်ကံလည်း အခန်းဆက်ဖတ်ပြီးသားပေမယ့် တစ်ထိုင်ထဲဖတ်ရ တော့လည်းဖတ်ကောင်းတာပဲ။ ရာပြည့်က ဈေးရောင်းပွဲမှာ ၇၀၀၀ တန်စာအုပ်ကို ၆၃၀၀ နဲ့ ရလိုက်တယ်။ ကောင်းလိုက်တာ။ ရေကန်သာကြာတိုင်းအေးတော့မကြိုက်လှဘူး။ တကယ်တန်းပြောမယ်ဆို ခင်ခင်ထူးကိုပိုကြိုက်တယ်။ နေ၀င်းမြင့်ရေးတာ တချို့ သိပ်လေးတာပဲ။ ကိုယ်ပဲ လိုက်မမှီတာလားတော့မသိ။ အခု ရွှေအမြုတေမှာ ရေးနေတဲ့အခန်းဆက်ဆို သေချာတောင်မဖတ်ဖြစ်ပေါင်။ စာရေးတဲ့အလုပ်နဲ့ ၀င်ငွေကောင်းကောင်းရနေရင်တော့ စာရေးဆရာတွေလည်း စာရေးရတာအားရှိ၊စာဖတ်ပရိသတ်လည်း စာအုပ်သစ်များများဖတ်ရတာပေါ့။ မဟုတ်ရင်အဟောင်း တွေပဲရိုက်ရိုက်ထုတ်နေရတော့ နောက် ဆယ်နှစ်လောက်ဆို ဖတ်စရာစာအုပ်မှရှိပါတော့မလားတောင်စိတ်ပူမိသေး။

တကယ်တော့ ကိုယ်သာစိတ်ပူနေတာ။စာအုပ်တွေက ဖတ်မယ်ဆိုမကုန်ပါဘူးလေ။ ရန်ကုန်မှာတုန်းက စာအုပ်ဆိုင်တွေ ဘက်ကိုသွား၊ စာအုပ်တွေလျှောက်ဖတ်ကြည့်၊၀ယ်မယ် ဆိုပြီးတစ်အုပ်ပြီးတစ်အုပ် ထပ်ထပ်ထားတာ။ တကယ်လည်း ပိုက်ဆံရှင်းရော အိတ်ထဲပါတဲ့ ငါးသောင်းကျော်တောင်မလောက်တာမျိုးကရှိသေး။ မ၀ယ်လိုက်ရ တဲ့စာအုပ်တွေလည်း ရှိပါ့။ယောကျာ်းကတော့ အိမ်မှာစာအုပ်ထားစရာ တောင်ကျန်ပါ့မလားတဲ့။ သူပါလာရင် စာအုပ်များများမ၀ယ်ရဲဘူး။ နေဦး စာအုပ်စင်လေးရှင်းလိုက်ဦးမှ ။ တော်နေ အိမ်ဦးနတ်မျက်စိနောက်နေမယ်။ သူကစာအုပ်တွေ ပြန့်ကျဲဖြစ်နေရင် မျက်စိနောက်တတ်တယ်။ ကိုယ်က စာအုပ်တွေ ပွနေမှပျော်တဲ့သူ။ အခန်းထဲစာအုပ်စင်လေးသွင်းထားဖို့တောင် မနည်းမျက်နှာချိုသွေးပြောထားရတာ။ ဒီမှာလေ အိပ်ခန်းထဲမှာ ထည့်ထားတဲ့စာအုပ်စင်ကလေး။ရတနာသိုက်လေးပေါ့။ စာအုပ်ထူကြီးတွေတော့ ဧည့်ခန်းထဲက ဘီရိုမှာထားတယ်။ ဒီမှာက ပေါ့ပေါ့ပါးပါးဖတ်ဖြစ်တာလေးတွေပဲထည့်ထားတာ။

စကားမစပ် နောက်ဆုံးပြောရဦးမယ်။ မိုးဟေကိုအဖုံးနဲ့ ရွှေအမြုတေ မှာ နေဇင်လတ်ဆောင်းပါး ဖတ်လိုက်ရတယ်။ အချို့ ကားဤသို့ တဲ့။ ဖတ်ရတာ မယုံနိုင်စရာကောင်းတဲ့ ဇာတ်လမ်းမျိုးပဲ။ ဒါပေမယ့် သေချာရေးထားပုံထောက်ရင် တကယ့်အဖြစ်အပျက်နေမှာပါ။ ဟူးး..မောလိုက်တာနော်။ ဒီလိုကိစ္စမျိုးရှိမယ် လို့ တသက်လုံးမတွေးမိဖူးဘူး။ မနေနိုင်လို့ ယောကျာ်းကိုတောင်ပြလိုက်ရသေး။ သူကတော့ မျက်နှာရှုံ့ ပြီးရီလေရဲ့ ။ စိတ်ဝင်စားသူများရွှေကိုဖတ်ကြည့်ကြပါ။ ဆောင်းပါးကြော်ငြာတာတော့မဟုတ်ပါဘူးနော်။

Entry filed under: စကားစမြည်, ဖတ်ဖြစ်တဲ့စာအုပ်တွေအကြောင်း. Tags: .

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၆) ငှက်တို့၏ တေး

7 Comments Add your own

  • 1. Htun Htun  |  June 18, 2012 at 11:55 am

    စာဖတ်ပရိသတ်ချင်း အတူတူ ကိုယ့်ရဲ့ ဗဟုသုတတွေ မှဝေဖို့အတွက်ထားရှိတဲ့ မရွှေမိရဲ့စိတ်ကူးကလေးကို တန်ဖိုးထား လေးစားမိပါတယ်။

    Reply
  • 2. မဗေဒါ  |  November 18, 2010 at 2:14 am

    မရွှေမိရှင့်..

    တခါမှ မရောက်ဖူးပါ.. ။ စာကောင်းလေးတွေ တင်ပေးထားတာ ဖတ်ချင်စရာများပါ..။ အခု ကိုယ်ပိုင်ရေးထားတာလေး ဖတ်ကြည့်တော့လည်း တော်တော်စာပေနှံ့စပ်သူလို့ ထင်ပါတယ်..။

    မဗေဒါ (၈၈)

    Reply
  • 3. အောင်ဖြိုး  |  October 21, 2010 at 10:45 pm

    မလေးလုံရဲ့ ဖေမောင်တင်ကို ၄ နှစ်လောက် ရှာရတယ် .. သည်တစ်ခေါက်ပြန်မှအတွဲစုံ ရလို့ ဖတ်ရတယ် … ၊ တကယ့် ရသ ဝတ္ထုကြီးတစ်အုပ်ကိုဖတ်ရသလိုပဲ “ကြက်တူရွေး ခွေးကိုက်တယ် ကိုမောင်တင်လေး စိတ်ကောက်တယ်” ဆိုတဲ့ အပိုင်းလေးကို စွဲနေတယ် .. ၊ အဲသည် အမျိုးသမီးလေးနဲ့ လွဲရတဲ့ အခန်းလေးကို စိတ်ထဲကမထွက်ဘူး .. နောက် လူပျိုကြီး မိန်းမရှာတော့ ရုပ်ရှင်ပြပြီး အဒေါ်က နှက်လွှတ်လိုက်တဲ့ အခန်းရောပဲ ..၊ အသစ်ထွက်ရင်တော့ ပြန်ဝယ်ထားရတယ် .. ၊

    Reply
    • 4. အောင်ဖြိုး  |  October 21, 2010 at 10:52 pm

      နေဝင်းမြင့် ရဲ့ “တိမ်တောင် ပျော်ပိုက်” က ဇာတ်ရှိန်တက်လာပြီ အမရဲ့ ဆက်ဖတ်ကြည့်ပါ .. ။

      Reply
    • 5. mashwemi  |  October 21, 2010 at 11:12 pm

      အောင်ဖြိုးပြောလို့ ခပ်ရေးရေးသတိရလာပြီ။ အပြာဖုံးနဲ့ ပထမတွဲက ပိုဖတ် ကောင်းသလိုပဲနော်။ ဘုရား ဘုရား… လေးနှစ်လောက်တောင် ရှာယူရ တယ်ဆိုတော့ အဟောင်းတန်းမှာ ကိုရှားပါး ပစ္စည်းဖြစ်နေပြီထင်တယ်။ စိတ်တိုလာပြန်ပြီ😦 အသစ်မြန်မြန်ထွက်ပါမှပဲ။
      တိမ်တောင်ပျော်ပိုက် လည်းဖတ်ကြည့်လိုက်ပါမယ်။ တကယ်ကိုမဖတ်ကြည့်ဖြစ်တာ။😉

      Reply
  • 6. K  |  October 21, 2010 at 5:08 pm

    မရွှေမိ လက်ရာ စစ်စစ်.. ခုမှ ၀၀ ဖတ်ရတော့တယ်။း)
    ဘသက်ရှည် စာအုပ် ပြန်ထုတ်မယ် ဆိုလို့..၀မ်းသာမိပါရဲ့။ တို့ တောင်.. အဲဒီ အဟောင်းကို မနဲကို ရှာယူ ခဲ့ရတာ။

    စာအုပ်စင် ကိုတော့..ကြိုက်သွားပြီ ဟေ့…။ တကယ်..တကယ်..
    အဲလို စာအုပ် အနှောင့် တွေ မြင်နေရင်ကို ကျေနပ် နေတာ။
    ငယ်ငယ်က..စာအုပ်ဗီရို ကို အမြဲ ရှင်းပြီး..စာအုပ်တွေကို ကြိုးနဲ့စည်းတဲ့ အကို တယောက် နဲ့..အမြဲ ရန်ဖြစ် ရတာ။

    Reply
    • 7. mashwemi  |  October 21, 2010 at 5:39 pm

      ဟုတ်တယ် မကေ။ သမီးလည်း အားနေရင်အဲဒီစင်လေးကြည့်ပြီးကျေနပ်လိုက်၊ ဖတ်ချင်တာလေးဖတ်လိုက်နဲ့ သဘောတွေ့ နေတယ်။🙂 ဘသက်ရှည် ကြော်ငြာဘယ်မှာတွေ့ လဲရှာကြည့်လိုက်ဦးမယ်။ မထွက်သေးဘူးဆို ထုတ်မယ့်စာအုပ်တိုက် ဖုန်းဆက်မေးလို့ ရအောင်😛 အရမ်းဖတ်ချင်နေတာ။

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: