မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၅)

October 7, 2010 at 3:13 pm 2 comments

ထိုစဉ်က ဥက္ကလာပ၊သာကေတမြို့ သစ်များသည် တည်ဆောက်ဆဲ ကာလ။ သာကေတမိုးပျံတံတားနှင့် သာကေတကမ်းခြေမှ အပန်းဖြေ စခန်း တို့မှာလည်း သတင်းစာများတွင် နာမည်ကြီးနေချိန်ဖြစ်သည်။

“ရှင်အဲဒီဘက်ကို မရောက်ဖူးသေးဘူးမဟုတ်လား။”

“ဟင့်အင်း ကျွန်တော် တစ်ခေါက်မှ မရောက်ဖူးသေးဘူး။”

ကျွန်တော်တို့ကားသည် တည်ဆောက်စ သာကေတမြို့ သစ်မှ ဖုန်ထူ၍ ချိုင့်တွေ၊ကျင်းတွေ ပေါသော လမ်းအတိုင်း သာကေတကမ်းခြေဘက်သို့ မောင်းလာခဲ့သည်။ ကျွန်တော်တို့ လိုပင် ကမ်းခြေကိုလာကြည့်သည့် မော်တော်ကား နှစ်စီး၊ သုံးစီး မှ အပ တိတ်ဆိတ်လျက်။ ထိုနေရာ တစ်ဝိုက်တွင် ရေသည် ပြာလဲ့ကာ စင်ရော်တွေ ၀ဲပျံနေကြသည်။

ကျွန်တော်တို့သည် ကားကို တစ်နေရာတွင် ထားခဲ့ပြီး ဆင်း၍ လမ်းလျှောက်ကြသည်။

“ရှင့်ကို တိုင်ပင်မလို့ ဆိုတာ တစ်ခြား ကိစ္စတော့ မဟုတ်ပါဘူး။ ကလေးတွေရဲ့ ကိစ္စပါ။ ဦးချစ်မောင် မရှိတဲ့နောက် မှာ ကျွန်မ သားသမီးတွေကို လူကောင်းတွေဖြစ်အောင်ဆိုပြီး ကျွန်မ အတတ်နိုင်ဆုံးမွေးမြူခဲ့တာပဲ။ မောင်သိန်းတန်နဲ့ မိုးဟိန်း ဆိုရင် ဒါဂျီလင်မှာတောင် ကျောင်းထားခဲ့တယ်။ ဦးချစ်မောင်မရှိရင် မျက်နှာမငယ်စေရဘူး။ မုဆိုးမရဲ့ သားသမီးမို့လို့ လူ့အောင်မကျစေရဘူးဆိုပြီး ကျွန်မရှာဖွေပြီး သူတို့ ကို ဒါဂျီလင် ပို့ ခဲ့တယ်။”

ဂျာနယ်ကျော်မမလေးသည် ၀တ္တုဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေသလို တည်ငြိမ်စွာပြောနေသည်။ သူ့ အသံ၊ သူ့အမူအယာထဲတွင် ဂုဏ်ယူဟန်လည်းမပါ။ ကြွားဝါလိုသော သဘောလည်း မပါ။

ထိုခေတ်က သားသမီးကို ဒါဂျီလင်သို့ ပို့ ၍ ကျောင်းထားနိုင်သူများမှာ ၀န်ကြီးများ၊ကုန်သည်ကြီးများနှင့် အစိုးရအရာရှိကြီးများသာဖြစ်သည်။

“နောက်တော့ အလုပ်အကိုင်ကလည်း သိပ်မကောင်းဘူးလေ။ ဒီအထဲမှာ ကျွန်မကလည်း စီးပွားရေးလုပ်ငန်း ကိုချည်းမလုပ်ချင်ဘူး။ စာလဲရေးချင်သေးတယ်။ ထုတ်ဝေရေးလုပ်ငန်းကိုလည်းလုပ်ချင်သေးတယ်။ ထုတ်ဝေရေးလုပ်ငန်းလုပ်တယ်ဆိုတာ ရှင်လည်းသိသားပဲ။ သူဌေးဖြစ်တဲ့ လုပ်ငန်းမျိုးမှ မဟုတ်တာ။ ပြီးတော့ ကျွန်မကလည်း ဦးချစ်မောင်ရဲ့ အစဉ်အလာကို ရှင်သန်စေချင်တဲ့ ထုတ်ဝေရေးလုပ်ငန်းမျိုးဆိုတော့ သာပြီးတောင် စီးပွားမဖြစ်နိုင်သေးတယ်။ ဒီလုပ်ငန်းတွေကိုလုပ်ရင် သူတို့ကို ဒါဂျီလင်မှာကျောင်းမထားနိုင်တော့ဘူးလေ။ ပြန်ခေါ်လိုက်ရပြီ၊ မိုးဟိန်းနဲ့ မလေးမြင့်ကတော့ ငယ်ပါသေးတယ်။ ကျွန်မစကားကိုလည်း နားထောင်ပါတယ်။ ဒါပေမယ့် မောင်သိန်းတန်ကတော့ ခက်တယ်။ သူ က အကြီးဆုံး၊အမိုက်ဆုံး။”

ဂျာနယ်ကျော်မမလေးသည် သူ့သား အကြီးမောင်သိန်းတန်ကို တော်တော်ချစ်ပုံရသည်။

မောင်သိန်းတန်သည် ဒါဂျီလင်က ပြန်လာကတည်းက ကျောင်းမနေတော့။ အပေါင်းအသင်းတွေ များလာသည်။ အမေ့ပစ္စည်းတွေကို ရောင်းပစ်သည်။ ပေပေတေတေလည်းနေသည်။ သည်ကနေ့ အင်းလျားလိပ်ဟိုတယ်ပေါ်တွင် တည်းနေသော်လည်း မနက်ဖြန်တွင် ဗိုလ်တစ်ထောင် ကမ်းနားဆိပ်က ဘောတံတားမှာ အိပ်ချင်အိပ်နေတတ်သည်။

အမေက အချုပ်ခန်းထဲကို လိုက်၍ အာမခံပေးရသည့် အကြိမ်ကလည်း မနည်းတော့။

ဘယ်နေရာမှာ ဘယ်သူနဲ့ ရန်ဖြစ်ပြီး ရိုက်ခဲ့လို့ ဘယ်နေရာ မှာ မူးလဲပြီးအိပ်နေလို့ စသည့် အကြောင်း များဖြင့် အချုပ်ခန်းသို့ ရောက်တတ်သည်။ ရောက်တိုင်း ဂျာနယ်ကျော်မမလေးကသွား၍ အာမခံဖြင့် နှုတ်ပေးရသည်။

မောင်သိန်းတန်သည် အမေ့ပစ္စည်းကိုယူ၍ သူငယ်ချင်းကိုပေးချင်ပေးပစ်တတ်သည်။ တခါတွင် အမေ့စိန်လက်စွပ်ကို ခိုးပေါင်ပြီးဆင်းရဲသော သူငယ်ချင်းတစ်ယောက် ၏ အသုဘကို သွားချပေးသည်ကို ကျွန်တော်တွေ့ ခဲ့ရသည်။ တခါတွင်လည်း အမေ့လက်ကောက်ကို ယူရောင်းသည်။ အမေက သိသွားသည့်အခါတွင် “သူငယ်ချင်းမိန်းမ ခိုးစရာပိုက်ဆံမရှိလို့ ကျွန်တော်ကခဏ ပေးလိုက်တယ်။ အပေါင်လက်မှတ်ကို ကျွန်တော် ပြန်တောင်းပေးပါမယ် “ဟုပြောသည်။

တခါက မန္တလေး ရထားဟိုတယ်တွင် ကျွန်တော်နှင့် မန္တလေးမှ မိတ်ဆွေများစားသောက်နေကြသည်။ ကျွန်တော် မန္တလေး ရောက်စဉ်တွင် မိတ်ဆွေများက ညစာကျွေးကြခြင်းဖြစ်သည်။ စုစုပေါင်း ကျွန်တော်တို့ လူသိုက် ဆယ်ယောက်လောက်ရှိမည်ထင်သည်။ ထိုစဉ်မောင်သိန်းတန် ဘယ်ကရောက်လာသည် မသိ။ ကျွန်တော့်ကိုမြင်သည်နှင့် လာနှုတ်ဆက်ကာ” ဦးလေးတို့ ၀ိုင်းကို ကျွန်တော် ရှင်းလိုက်ပြီနော် ကျွန်တော်ကတော့ သွားစရာရှိလို့ သွားလိုက်ဦးမယ်” ဆိုကာ ကျွန်တော်တို့ တစ်ဝိုင်းလုံးအတွက်ရှင်းသွားသည်။ စုစုပေါင်း တစ်ထောင်နီးပါးတော့ရှိမည်ထင်သည်။ သူ့ အတက်ချီကေ့စ်ကို လှမ်းကြည့်လိုက်သည့် အခါတွင် ငွေစက္ကူ အပြည့်။

ထိုငွေစက္ကူများကို မြင်လိုက်သည့် အခါတွင် ဂျာနယ်ကျော်မမလေး၏ မျက်နှာကိုမြင်ယောင်မိလေသည်။

မောင်သိန်းတန်သည် ဒါဂျီလင်ကျောင်းထွက်ပီပီ ကျွန်တော် နှင့်တွေ့ လျှင် ဘယ်တော့မျှ မြန်မာလိုပြောလေ့မရှိ။ အင်္ဂလိပ်လိုသာ ပြောတတ်သည်။ အင်္ဂလိပ်စကားကို ရေလည်စွာပြောနိုင်ပြီး အင်္ဂလိပ်ဝတ္တုစာအုပ်များ ကိုဖတ်သူဖြစ်သည်။

ထိုစဉ်က အနောက်နိုင်ငံများတွင် ဘီတယ်များစတင်ပေါ်ပေါက်သည်။ အင်္ဂလန်တွင် ထိုလူငယ်များကို စိတ်ဆိုးနေသော လူငယ်များ ဟုခေါ်တတ်သည်။ ပတ်ဝန်းကျင် လူ့ အဖွဲ့ အစည်းကို မကျေနပ်သော လူငယ်များသည် အိမ်ကိုစတင် ပုန်ကန်ဖီဆန်ကြသည်။

ပတ်ဝန်းကျင် လူ့ အဖွဲ့ အစည်းကို မကျေမနပ်ဖြစ်နေသာ လူငယ်တို့က အိမ်ကို ပုန်ကန်ဖီဆန်နေခြင်းဖြစ်သည် ဟု ကျွန်တော်ထင်သည်။ လူမှု မကျေနပ်ချက် မှန်သမျှသည် အမေအပေါ်သို့ စုပြုံရောက်လာဟန်တူလေသည်။ ထို့ ကြောင့် ကျွန်တော်က သူ့ကို စိတ်ဆိုးနေသောလူငယ် Angry Young Man ဟု ခေါ်တတ်သည်။

ဂျာနယ်ကျော်မမလေးသည် သူ့ သားကြီးမောင်သိန်းတန်ကို ထိန်း၍ မရသောအခါတွင် မိတ်ဆွေများထံတွင် အပ်နှံသည်။ ပထမ စာရေးဆရာ ဒါရိုက်တာကြီး ဦးဥာဏထံတွင် အပ်နှံသည်။

ကျွန်တော်သည် ဆရာကြီး ဦးဥာဏကို စစ်ကြီးပြီးစက သိခဲ့သည်။ ၁၉၄၆ တုန်းက ၀င်ဒါမီယာ ရှိဒေါက်တာချန်တိတ်ထံ ကျွန်တော့်မျက်စိကို လိုက်ပြပေးဖူးသည်။ သူနေထိုင်ရာ စမ်းချောင်း ပဒုမ္မာလမ်းသို့ ရောက်သွားတိုင်း ဦးဥာဏက သူ့ ဘ၀နှင့် သူ့ ဒဿနကို ကြုံတိုင်းပြောတတ်သည်။ ကျွန်တော်က သူရေးသည့် မြန်မာသစ် ပြဇတ်က အစ ချူမည့် သူ ၀တ္တုအဆုံး သူ့ စာတွေကိုပြောတတ်သည်။

သူ့ ဒဿနမှာလည်း ရွှေဥဒေါင်း ကဲ့သို့ ပင် ယောကျာ်းဆိုတာ စုံရတယ် ဆိုသည့် ဒဿနဖြစ်သည်။ ဦးဥာဏသည် အိမ်မှထွက်ပြေးဖူးသည်။ စစ်ထဲလိုက်ဖူးသည်။ ငတ်ပြတ်ဖူးသည်။ စပယယာလုပ်ဖူးသည်။ တခါတရံ ကျွန်တော် ရောက်သည့် အခါတွင် “ဟေ့ကောင် ဒီနေ့ စနေနေ့ ကွ။ မင်းနဲ့ စကားပြောချိန်မရဘူး။ ငါမြင်းပွဲသွားရဦးမယ်” ဟုပြောတတ်သည်။ သို့ ဖြင့် ဦးဥာဏသည် ယောကျားဆိုတာ စုံရတယ် ဆိုသော အဘိဓမ္မာကို လက်ကိုင်ပြုလျက်လူ့ဘ၀ကို အပြည့်အ၀ ပျော်ပျော်ကြီးနေသွားလေသည်။

မောင်သိန်းတန်သည် ဦးဥာဏ၏ ဒဿနကိုလက်ခံကာ သူနေချင်သလိုနေသွားသည်။

“ဦးလေးရာ ကျွန်တော်က အိတ်ဇစ်တင်ရှယ်လစ်တွေကို သဘောကျတယ်ဗျ။ စံတွေ နီတိတွေ အားလုံးကိုကျော်လွှားပစ်လိုက်တာပဲ “ဟု ကျွန်တော့်ကိုမကြာခဏပြောတတ်သည်။

ဖြစ်တည်မှုပဓာန၀ါဒသည် ပညတ်ချက်အားလုံးကိုငြင်းဆန်ကာ လူတိုင်း မိမိ၏ အမြင် အတွေ့ မှန်သည် ထင်ရာ ကောင်းသည် ထင်ရာကို လုပ်နိုင်သည် ဟု မောင်သိန်းတန်သည် ထိုအမြင်ဖြင့် ပြောနေခြင်းဖြစ်သည်။

ဂျာနယ်ကျော်မမလေးသည် ဦးညာဏ ၏ အန္တေ၀ါသိက ဖြစ်သွားသော မောင်သိန်းတန်ကိုကြည့်လျှက် စိတ်ပျက်နေသည်။

ထို့ ကြောင့် မောင်သိန်းတန်ကို ကျွန်တော်နှင့် ဗန်းမော်တင်အောင်ထံတွင်အပ်သည်။ သို့ ရာတွင် ကျွန်တော်တို့ကလည်း မောင်သိန်းတန်ကိုမနိုင်ပါ။ မောင်သိန်းတန်သည် ရှေ့ တွင်သိုးငယ်လေးတစ်ကောင်လိုနေသော်လည်း ကွယ်ရာတွင် မြင်းရိုင်းတစ်ကောင်လိုသောင်းကျန်းတတ်ပါသည်။

ဂျာနယ်ကျော်မမလေးသည် သူ့ သားငြိမ်မှငြိမ်စေတော့ ဆိုသည့် သဘောဖြင့် စာရေးခိုင်းသည်။ မောင်သိန်းတန်က လည်း ၀တ္တုလေးတွေရေးသည်။ သူ့ သူ့ ၀တ္တုတိုလေးတွေမှာမဆိုး။ စာရေးတော့လည်း အဖြစ်သား။

သူ့ ၀တ္တုတိုများကို စုစည်း ၍ ရှုမ၀ဦးကျော်နှင့်ပေါင်းပြီး အမေက ထုတ်ပေးသည်။ ၀တ္တုတိုပေါင်းချုပ်အမည်မှာ “သည်အရွယ်” ဖြစ်ပြီး ကျွန်တော်ပင်အမှာရေးပေးခဲ့သည်။

သို့ သော် မောင်သိန်းတန်သည် အုံမရှိသည့် ပျားတစ်ကောင်လို တစ်နေရာထဲတွင်ကြာကြာနေတတ်သူမဟုတ်ပါ။ စာအုပ်တစ်အုပ်ရေးပြီးသည် နှင့်ပျောက်သွားလိုက်သည် မှာ တော်တော်နှင့် ပေါ်မလာတော့။

ပြန်လာတော့ မိန်းမ တစ်ယောက်ရနေပြီ။

“သူဟာ ကျွန်မသားကြီး။ ဒီတော့ တစ်ချို့ အလုပ်တွေကို သူ့ကိုလွှဲချင်တယ်။ သူကဘာကိုမှအတည်တကျ လုပ်တာမဟုတ်ဘူး။ ရှင်ပြောစမ်းပါဦး။ ပြီးတော့ ကျွန်မလည်း နားချင်ပြီရှုင်။ အခုဆို မုဆိုးမ ဘ၀နဲ့ နေလာတာ ဆယ်နှစ်ကျော်ပြီ။”

ဂျာနယ်ကျော်မမလေးသည် မုဆိုးမဘ၀ဖြင့် သူရုန်းကန်ခဲ့သည်များကို ပြောပြနေသည်။ တချို့ လူတွေက သူ့ကို ဟိုလူနှင့်ပေးစား ဒီလူနှင့်ပေးစားကြပုံ၊မုဆိုးမ တစ်ယောက် အနေဖြင့် နေရာတကာသွား၍ မတင့်တယ်ပုံ။

ကျွန်တော်သည် စကားပြောကောင်းသော ဂျာနယ်ကျော်မမလေး၏ စကားများကိုနားထောင်နေသည်။

ထို့ နောက် အတန်ကြာမျှ တိတ်ဆိတ်နေသည်။ ဂျာနယ်ကျော်မမလေးသည် မှုန်ရီစပြုနေသော ဆည်းဆာ ကောင်းကင်ကို ငေးကြည့်နေလေသည်။ အတန်ကြာတော့ သူ့ ထံမှစကားတခွန်းထွက်လာသည်။

“lonely ဖြစ်တယ်ရှင်။ I feel lonely”

အင်္ဂလိပ်လို မပြောခဲ့သော ဂျာနယ်ကျော်မမလေးက ထူးထူးဆန်းဆန်း အင်္ဂလိပ်လိုပြောသည်။ ထို့ နောက် ကျွန်တော့်ဘက်သို့ လှည့်၍

“ကျွန်မ အိမ်ထောင်ပြုမယ်လို့ စိတ်ကူးထားတယ်။ ရှင်ဘယ်လိုသဘောရသလဲ။”

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၄) မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၆)

2 Comments Add your own

  • 1. yuyusan  |  October 11, 2010 at 2:49 pm

    “မမရွှေစင်ဦးရဲ့ ဘလော့မှာ ဂျာနယ်ကျော်မမလေးရဲ့ နောက်ဆုံးအချိန်တွေကို ဦးမိုးဟိန်းရေးထားတာဖတ်ရတော့ ” အဲဒီဆောင်းပါးလင့်ခ်လေး အမရှာပေးနိုင်မလားဟင် မရွှေစင်ဦးဘလော့မှာ ရှာမတွေ့လို့ပါ ကျေးဇူးတင်ပါတယ်နော်

    Reply
  • 2. စုချစ်  |  October 11, 2010 at 1:01 pm

    ကျေးဇူး ညီမလေး….
    အဆက်ကို မျှော်နေတာ ကြာပြီ….
း-)

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: