မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၄)

October 5, 2010 at 2:24 pm Leave a comment

ဂျာနယ်ကျော်မမလေးသည် သွင်းကုန်ထုတ်ကုန်လုပ်ငန်းကိုရော၊ ပုံနှိပ်လုပ်ငန်းကိုပါဦးစီးနေရသဖြင့် သူ့မှာ အားရသည်မရှိ။

“ဂန္တ၀င်”ဂျာနယ်ရပ်သွားပြီးသည့်နောက် “သပြေ “အမည်ဖြင့် မဂ္ဂဇင်းတစ်စောင် ထုတ်ဝေရန် သပြေဦးအမည်ဖြင့် ထုတ်ဝေရေးလုပ်ငန်းတစ်ခု လုပ်ရန်စီစဉ်သော်လည်း မထုတ်ဖြစ်ခဲ့ပါ။ မဂ္ဂဇင်းလုပ်ငန်းမှာ တာဝန်ကြီးသဖြင့် ထုတ်ဝေရေးလုပ်ငန်းကိုတော့ လုပ်ဖြစ်ခဲ့ပါသည်။

ထုတ်ဝေရေးလုပ်ငန်းမှာ သပြေဦး နာမည်ဖြင့် မဟုတ်တော့ပဲ ဂျာနယ်ကျော်မမလေး စာအုပ်တိုင်အမည်ဖြင့် ပင် “သူလိုလူ” ကို နောက်တစ်ကြိမ်ထပ်ထုတ်သည်။ သူလိုလူ မှာ သူ့တိုက်မှချည်းပင် ၇ကြိမ်မြောက်အထိထုတ်ဝေခဲ့ရပါသည်။ ကျွန်တော်က ကွိဒ် ဘာသာပြန်ရန်နှင့် အခြားစာအုပ်တစ်အုပ်ထုတ်ဝေရန် ကြေငြာခဲ့သေးသော်လည်း မရေးဖြစ်သဖြင့် မထုတ်ဝေဖြစ်တော့။

ဂျာနယ်ကျော်မမလေးသည် အနော်ရထာလမ်းနှင့် ဗိုလ်မြတ်ထွန်း လမ်းထောင့်က ချစ်တီးကော်ဖီဆိုင်လေး အပေါ်ထပ်မှာပင်နေနေဆဲဖြစ်သည်။ နောက်တော့ ညှော်နံ့ တွေ ၊မီးခိုးနံ့ တွေကြောင့် သူကြာကြာမနေနိုင်တော့ပဲ သူ့အမအိမ်သို့ ပြောင်းသွားလေသည်။

ကျွန်တော်တို့ နှင့်ကားအဆက်မပြတ်ပါ။ ဂျာနယ်ကျော်မမလေးသည်ထိုနေရာသစ်သို့ ရောက်လျှင် ကျွန်တော်တို့ကို ထမင်းဖိတ်ကျွေးသည်။

ကျွန်တော်သည် သူ့ အိမ်ကလေးကိုကြည့်လိုက်၏။ သူ့အိမ်ကလေးမှာ သူ့အစ်မ ၏ တစ်ထပ်တိုက်၏ ဘေးမြေကွက်လပ်တွင် ကန့်လန့် ဖြတ်ဆောက်ထားသည့် သစ်သားတဲတန်းရှည်ကလေးဖြစ်သည်။ ဂျာနယ်ကျော်မမလေးသည်သူများတွေနှင့် ဒွေးရောယှက်တင် မနေ။ ညီအစ်မရင်း ပင်ဖြစ်သည့်တိုင် သီးသီးသန့် သန့် နေချင်သူဖြစ်သည်။ အိမ်ကလေးက သစ်သားခင်းကာ တောသစ်များ ကာထားပြီး အပေါ်တွင် ဓနိတွေမိုးထားသည်။ ဓနိမိုးတွေပေါ်မှ ပိုးကောင်ကလေး တွေကျသည်။ မိုးတွင်းဆိုလျှင် အိမ်ကိုမိုးနေသည့် သစ်ပင်အိုကြီးပေါ်မှ ပုရွက်ဆိတ်ကောင်ကြီးတွေ ကျတတ်သည်။

“နေရတာတော့ လေကောင်းလေသန့် ရပါရဲ့ ရှင်။ အေးအေးဆေးဆေးလည်းရှိပါရဲ့ ။ ဒါပေမယ့် ဓနိမိုးတွေနဲ့ ပုရွက်ဆိတ်ကြီးတွေလာတာက သိပ်စိတ်ညစ်စရာကောင်းတယ်။ ကြာကြာနေလို့ မဖြစ်ပါဘူး။ မြေလေးတစ်ကွက် လောက်တော့ဝယ်မှပါ။”

ဂျာနယ်ကျော်မမလေး၏ ခေါင်းထဲတွင် စီမံကိန်းတွေ၊ဇယားတွေ ၊တွက်ကိန်းတွေ အမြဲရှိနေလေသည်။ သူ့ ဦးနှောက်ကို ဓာတ်မှန်ရိုက်ကြည့်လျှင် ဇယားကွက်တွေပုံပေါ်လာမည်ထင်သည်။

၁၉၅၆ ခုနှစ်ခန့် ဂျာနယ်ကျော်မမလေးသည်ဘောက်ထော်ပြည်သာယာတွင် အတော်အတန်ကျယ်သည့် မြေကွက် တစ်ကွက်ကိုဝယ်လိုက်သည်။ ထိုစဉ်ကဘောက်ထော်မှာ ရန်ကုန်မြို့ နှင့် အလှမ်းကွာပြီး မဲဇာဖြစ်နေသည်။ ည ၆ နာရီကျော်သည်နှင့် ဘတ်စ်ကားများမရှိတော့။ ကိုယ်ပိုင်ကားနှင့်သွားလျှင် သွား၊မဟုတ်လျှင် အချိန်နှင့်ထွက်သည့် မီးရထားကိုစောင့်စီးရုံသာရှိတော့သည်။

ကျွန်တော်တို့က ဝေးလွန်းသည် ၊မသင့်လျှော်သည့်အတွက် မသင့်လျှော် ဟုပြောသော်လည်း ဂျာနယ်ကျော်မမလေးက အနားယူလို့ကောင်းတယ်ဆိုကာ ထိုနေရာကိုဝယ်ခဲ့ခြင်းဖြစ်သည်။ သူမသည် ကျယ်ဝန်းသည့်မြေကွက်ပေါ်တွင် သစ်သားတစ်ထပ်အိမ်ကလေးတစ်ဆောင်ဆောက်သည်။ အိမ်လေးက အဖိုးနည်းသော်လည်း ခေတ်ဆန်သည်။ ရှေ့ ပိုင်းတွင် သုံးထပ်သားများကိုကာထားပြီး သင်္ဘောဆေးအစိမ်းနုရောင်သုတ်ထားကာ ပြတင်းပေါက်ကျယ်ကြီးများတွင် လူဗာမှန်တံခါးတွေအပြည့်တပ်ထားသဖြင့် အလင်းရောင်ကောင်းကောင်းရသည်။ ကျွန်းသားလျှာထိုးကြမ်းခင်းသည် ပြောင်လက်နေသည်။ ဧည့်ခန်းတွင် အပြာရောင်သားရေဆိုဖာတွေ ချထားပြီး နံရံကပ်မီးလုံးတွေတပ်ထားသည်။ အတွင်းကနံရံတွေကို ဆေးဖြူသုတ်ထား၏။

သူ့တစ်ထပ်အိမ်ကလေးသည် ပန်းချီကားထဲက အိမ်ကလေးလို လှနေသည်။

“မုဆိုးမ ဘ၀နဲ့ ဆယ်နှစ်ပြည့်ပြီလေ။ ဘောက်ထော်အိမ်ကိုရောင်းတော့ ဦးချစ်မောင်ဆုံးပြီး ဆယ်နှစ်ပြည့်တဲ့နှစ်မှာ အိမ်ကလေးတစ်ဆောင်ဆောက်ပြီး ကိုယ့်ဘာသာကိုယ် သီးခြားနေနိုင်အောင်လုပ်မယ်ဆိုပြီးကြိုးစားခဲ့တာ၊အခုတော့ ကျွန်မရဲ့ စိတ်ကူးတွေအကောင်အထည်ပေါ်ပါပြီ”ဟု ဂျာနယ်ကျော်မမလေးကပြောသည်။

ဂျာနယ်ကျော်မမလေးက ဆယ်နှစ်ဆိုသည့်ဆောင်းပါးတစ်စောင်ကို ရှုမ၀မဂ္ဂဇင်းတွင်ရေးသည်။ မုဆိုးမ ဘ၀ဖြင့် ဆယ်နှစ်အတွင်း သူဖြတ်သန်းရုန်းကန်ခဲ့ရသည်အကြောင်းများကိုရေးထားခြင်းဖြစ်သည်။

ဂျာနယ်ကျော်မမလေးသည် သူ့ ခြံထဲတွင် ဦးချစ်မောင် ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကဗျာပြိုင်ပွဲတစ်ခုလုပ်ပြီး ဦးချစ်မောင်ကွယ်လွန်သည့်အထိမ်းအမှတ်ပွဲကို သူ့ ခြံတွင်းမှာလုပ်သည်။

တစ်ခြံလုံး လျှပ်စစ်မီးရောင်တွေ ပြိုးပြက်လျှက်၊ စားပွဲတွေ ၊ကုလားထိုင်တွေ ချထားပြီးတက်ရောက်လာသည့် ပရိသတ်ကို ကွန်တီနင်တယ် မှ မှာသည့် ညစာဖြင့်ဧည့်ခံသည်။

ထိုအခမ်းအနားမှာပင် ဆယ်နှစ်အထိမ်းအမှတ်ကဗျာပြိုင်ပွဲတွင် ပထမရသည့် ကဗျာဆရာမောင်သင်းမွန် (သံတွဲ) ကို ဆုချီးမြှင့်သည့် အခမ်းအနားလည်းကျင်းပသည်။ စည်ကားသိုက်မြိုက်သော ဆယ်နှစ်မြောက်အထိမ်းအမှတ်ကိုလည်း ခမ်းနားစွာကျင်းပလေသည်။

အပိုင်း တစ်ဆယ့်နှစ်

၁၉၅၉ ဇန်န၀ါရီလ ကုန်ကာနီး တစ်ခုသော စနေနေ့ ညနေခင်းဖြစ်သည်။

အိမ်တွင်ထိုင်၍ စာဖတ်နေစဉ် အိမ်ရှေ့ သို့မော်တော်ကားတစ်စီးထိုးဆိုက်သဖြင့် လှမ်းကြည့်လိုက်ရာ ဂျာနယ်ကျော်မမလေး၏ အစိမ်းနုရောက် ဟန်ဘားဟောက်စ် ကားကို တွေ့ ရသည်။

ထိုစဉ်က ဂျာနယ်ကျော်မမလေးသည် ဆန်းသီရိရုံနှင့် ကပ်လျက် လမ်းနီလေးထဲက တစ်ထပ်တိုက်ကလေးကိုငှားနေသဖြင့် စမ်းချောင်းတွင်နေသည့် ကျွန်တော်နှင့် အိမ်နီးချင်းဟုပြောနိုင်သည်။ တစ်ခါတစ်ရံ တွင် ညစာထမင်းစားပြီး ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့ သူ့ ထံလမ်းလျှောက်သွားတတ်ကြသည်။ တစ်ခါတစ်ရံတွင်လည်း မော်တော်ကားဖြင့် သူရောက်လာပြီး ကျွန်တော့်အိမ်တွင် စကားစမြည်ပြောတတ်ကြသည်။

ကျွန်တော့်ဇနီးမှာ ဂျာနယ်ကျော်မမလေး၏ အိမ်ကိုရောက်တွင်း သူ့အိမ်အပြင်အဆင်ကို အကဲခတ်လေ့ရှိသည်။ ကြမ်းပြင်ကကော်ဇောရောင်၊ခန်းဆီးရောင်၊မီးအုပ်ဆောင်းရောင်၊နံရံတွင်ပန်းချီကားချိတ်ပုံ၊ ထိုမျှမက ဂျာနယ်ကျော်မမလေး၏ လှုပ်ရှားပြောဆိုဟန်။

“ဒေါ်မမလေး နေပုံထိုင်ပုံက fashionable ဖြစ်တယ်နော်။ ၀တ်ပုံစားပုံကလည်းခေတ်ဆန်ပေမယ့် ဣနြေရတယ်။ ဂရီယာဂါလင်တို့ ရီတာဟေးဝပ်တို့လိုရှေးကရုပ်ရှင်မင်းသမီးကြီးတွေလိုပဲ။ သူစီးကရက်သောက်တာကြည့်ပါလား။” ဟု ကျွန်တော့် ဇနီးသည်က မှတ်ချက်ချတတ်သည်။

သူအလည်ရောက်လာသည် ထင်သဖြင့် ကျွန်တော့်ဇနီးက တံခါးဝဆီသို့သွားသည်။

သို့ ရာတွင် မော်တော်ကားပေါ်တွင် ဂျာနယ်ကျော်မမလေးမပါ။ သူ့ ဒရိုင်ဘာကိုထွန်းလင်းတစ်ယောက်ထည်း။

“မမက အခေါ်ခိုင်းလိုက်လို့ ။ အားရင် ခဏလိုက်ခဲ့ပါတဲ့။”

ကျွန်တော်က ကိုထွန်းလင်းကိုအကျိုးအကြောင်းမေးပြီးအ၀တ်အစားလဲ၍ လိုက်လာခဲ့သည်။

ကျွန်တော်ရောက်သွားသည့် အခါ ဂျာနယ်ကျော်မမလေးသည်အပြင်ထွက်တော့မည့်ဟန် ၀တ်စားထားသည်ကိုတွေ့ ရသည်။

“ရှင် အားတယ်မဟုတ်လား။”

“အားပါတယ်။ ဘာကိစ္စ ရှိလို့ လဲ။”

“တိုင်ပင်စရာလေးတစ်ခု ရှိလို့ ရှင့်.။ အားရင် သာကေတ ကမ်းခြေ ဘက်ကို ကားလျှောက်စီးရအောင်။ စကားလည်းပြောရင်းပေါ့။”

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

အဖော်၊အထီးကျန်တိတ်ဆိတ်မှုနှင့် အနုပညာ(၃)- ဂျူး မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၅)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: