အဖော်၊အထီးကျန်တိတ်ဆိတ်မှုနှင့် အနုပညာ(၂)- ဂျူး

August 11, 2010 at 4:22 pm Leave a comment

စာရေးဆရာတွေ အနုပညာသမားတွေကို အနုပညာဈာန်ဝင်စားအောင်ဆွဲခေါ်သွားတာ အဲသည် solitude ပဲ။ အနုပညာသမားတွေသေခြင်းတရားကို ရွေးခြယ်ခြေလှမ်းလှမ်းဖြစ်အောင် ညို့ ယူခဲ့တာလည်း အဲသည် solitude ပါပဲ။

ကျွန်မတို့ အချစ်ကြီးချစ်ခဲ့ကြသည့် ဆရာမြို့မငြိမ်းကို ချစ်ခင်သူတွေထံမှ ဝေးရသို့ ခေါ်ဆောင်သွားခဲ့တာ အဲသည် solitude ပဲဖြစ်သည်။ မြို့ မငြိမ်းအတန်ကြာအောင်ထိုင်ခဲ့သည့် သစ်ပင်ရိပ်သည် တော်တော်အေးချမ်းငြိမ်သက်ခဲ့လိမ့်မည်ထင်သည်။ အဲသည် သစ်ပင်ရိပ်မှာ သူဘာတွေ တွေးနေခဲ့သလဲ။ မပြီးသေးသော ပန်းချီကား အကြောင်းလား။ သို့မဟုတ် နောက်ထပ် ရေးနေဆဲ (စိတ်ကူးဖြင့်) သီချင်းတစ်ပုဒ်အကြောင်းလား…သို့ မဟုတ် သီချင်းတွေ ၊ဂီတတွေနှင့် ဘာမှမဆိုင်သည့် နာကျင်မှုတစ်ခုအကြောင်းလား။ ဒါကိုတော့ကာယကံရှင်ကသာ သိနိုင်ခဲ့ပေလိမ့်မည်။

စာရေးဆရာတွေ ၊အနုပညာသမားတွေ မှာ တစ်ခါတရံ solitude လိုအပ်သည့် နည်းတူ တစ်ခါတရံ အဖော်လိုအပ်သည်။ နာကျင်မှုတွေကို မျှဝေခံစားဖို့ ၊ စိတ်ဒဏ်ရာတွေကို ကုသဖို့ ၊အလင်းရောင်ပျောက်နေသည့်အခါ အလင်းရောင်ကို လမ်းညွန်ဖို့ ၊သို့ပေမယ့် အဲသည်အဖော်ဟာ ထာဝရကြင်ဖော် အိမ်ထောင်ဖက် ဖြစ်ဖို့ လိုချင်မှလိုပေလိမ့်မည်။ စာရေးဆရာ ညီမ တစ်ယောက်က ကျွန်မကို ပြောဖူးသည်။ ငါ့ယောကျာ်းဟာ ငါ့အတွက်အဖော်မဖြစ်ဘူးတဲ့ ။ ထိုစကားကို သူ့ယောကျာ်း သိလျှင် စိတ်တိုကောင်းတိုမိလိမ့်မည်။ ကျွန်မကတော့ နားလည်သည်။ စာရေးဆရာတစ်ယောက်အတွက် အဖော်ဖြစ်ဖို့ လူတစ်ယောက်မှာ ရှိရမည့်အရည်အချင်း များများမလိုပါ။ အတ္တစွဲကင်းသူဖြစ်ရမည်။ ကိုယ်ချင်းစာတရားနှင့်သဘောထား ပြည့်ဝသူဖြစ်ရမည်။ ဒါလောက်ပါပဲ။ အဲသည်မျှလောက်သော အရည်အချင်းကလေးနှင့် ပြည့်စုံသူကိုပင် သူ့ဘ၀မှာ မရနိုင်ခဲ့ဖူးဆိုလျှင် သူတော်တော်ကံဆိုးလို့ ပဲ။ တကယ်တော့ စာရေးဆရာတစ်ယောက်မှာ အဖော်ဆိုတာလည်း များများ မလိုပါ။ သုံးယောက်၊လေးယောက်..ကျွန်မမှာတော့ တကယ့်အဖော် သုံးလေးယောက် လောက်ရှိသည်။ တော်ပြီပေါ့။

solitude ကိုလိုအပ်သည့်အခါမှာ ဟင်နရီမီးလားလို သစ်တောထဲမသွားနိုင်သူ ကျွန်မသည် အခန်းကျဉ်းလေးထဲမှာ ကိုယ့်ကိုကိုယ် ဘောင်ခတ်ပြီး စာတွေဖတ်ရ၊စာတွေရေးရသည်။ ကျွန်မကို တစ်ကိုယ်တည်းငြိမ်သက်တိတ်ဆိတ်မှုဆီကို ပို့ပေးသောနေရာမှာ ကိုယ်ပိုင်အခန်းကျဉ်းကျဉ်းလေး၊စာအုပ်ဘီရိုများနှင့် အတူ ဂီတလည်း ပါဝင်သည်။ ဂီတသည် ကျွန်မအားသီးသန့် ဖြစ်တည်မှုတစ်ခုကို ပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဂီတသည် စိတ်ဖြင့် ခရီးသွားရသည့် ယာဉ်တစ်ခုဖြစ်သလို စိတ်ဖြင့်ရောက်နိုင်သည့် တောအုပ်တစ်ခုလည်းဖြစ်၊ငြိမ်သက်ကျယ်ပြန့်သည့် ကန်ရေပြင်တစ်ခု လည်းဖြစ်၊တရွေ့ ရွေ့ သွားနိုင်သည့် တိမ်တိုက်တစ်ခုလည်းဖြစ်..ကျွန်မသွားချင်သည့်နေရာကိုအရောက်ပို့ပေးနိုင်သော ကြောင့်ဖြစ်သည်။

ထို့ကြောင့်လည်း ဗာဂျီးနီးယားဝုလ်ဖ် သွားခဲ့သောရေကန်ကို ကျွန်မသွားစရာမလိုနိုင်ဘူး ဟုမျှော်လင့်ရပါသည်။

တစ်နေ့တုန်းက ကျွန်မ စာအုပ်တစ်အုပ်ဖတ်ခဲ့၏။ Charles Ruas ၏ စာရေးဆရာများနှင့် အင်တာဗျုးများကိုစုပေါင်း ထုတ်ဝေထားသော Conversations with American Writers ဖြစ်သည်။

ထိုစာအုပ်ထဲတွင် Charles Ruas အင်တာဗျူးလုပ်ခဲ့သည့် စာရေးဆရာဆယ်ယောက်ကျော်၏။ Norman Mailer, Paul Theroux , Toni Morrison, Susan Sontag Truman Capote, Tennessee Williams စသူတို့ ဖြစ်၏။ စာအုပ်ကိုငှားလာလာချင်း ကျွန်မ အကြမ်းဖျဉ်း လှန်လှောဖတ်ရှုပြီးနောက် ပထမဦးဆုံး စာရေးဆရာအဖြစ် တင်နက်ဆီဝီလျမ်စ် ကိုရွေးချယ်ပြီး ကျွန်မဖတ်လိုက်မိသည်။

ဘာကြောင့်လဲဆိုတော့ တင်နက်ဆီဝီလျမ်စ် ကို အင်တာဗျူးလုပ်ချိန်သည်သူတစ်ဟုန်ထိုးအောင်မြင်ကျော်ကြားနေချိန် မဟုတ်ဘဲ ဝေဖန်ရေးဆရာတွေက သူ့ပြဇတ်များကို အကြီးအကျယ်တိုက်ခိုက် ရှုံ့ ချနေချိန်မို့ ဖြစ်သည်။ ထိုအင်တာဗျူးကို တင်နက်ဆီဝီလျမ်စ်သည် စိတ်ဝင်စားစွာ ၊အာရုံစူးစိုက်စွာ ပြုံးရွှင်စွာ ဖြေဆိုခဲ့သည် ဟုဆိုပါသည်။

သူ့ ပြဇတ်တစ်ပုဒ် In the Bar of a Tokyo Hotel (1969) တွင် သူရေးဖွဲ့ ခဲ့သော ဇာတ်ကောင်သည် ကမ္ဘာကျော် ပန်းချီဆရာကြီး Jackson Pollock ကိုကိုယ်စားပြုရေးသားပါသည်ဟု သိလိုက်ရသောအခါ ကျွန်မ အံ့သြသွားပါသည်။

ဂျက်က်ဆန်ပေါ့လော့က် သည် အသက် ၄၄ နှစ် အရွယ်တွင် ကားအက်စီဒင့် ဖြင့်သေဆုံးသွားခဲ့သည်။ သို့ မဟုတ် သူ့ ဘ၀သူ အဆုံးသတ်သွားသည် ဟုပြောနိုင်မလားမသိပါ။ ထိုအချိန်မှာ ဂျက်က်ဆန်ပေါ့လော့က်သည် solitude အခြေအနေ တွင်ရှိနေခဲ့သည်မဟုတ်။ သူ့အိမ်မှာ ကလေးမလေးတစ်ယောက် အတူရှိနေခဲ့သည်။ ဂျက်က်ဆန်ပေါ့လော့က် ကိုသစ်ပင်ဆီ သို့ သွေးရူးသွေးတန်း ကားမောင်းခေါ်သွားအောင် ဆွဲခေါ်သည့် တွန်းပို့ မှုတစ်မျိုးကို တင်နက်ဆီဝီလျမ်စ်၏ ဘ၀မှာလည်း ကြုံဖူးခဲ့သည် ဟုဆိုပါသည်။ အံ့သြစရာကောင်းသည်မှာ ထိုတွန်းအားသည် သူ့ ပြဇတ်များမအောင်မြင်တော့ဘူး ဟု ဝေဖန်ရေးဆရာတွေက ဆုံးဖြတ်ချိန်မှာ ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်။ အီတလီမှာ သူခဏနေထိုင် စာရေးနေစဉ် သူ့ချစ်သူ တစ်ယောက် နှင့် ရန်ဖြစ်ပြီးသည့်အခါ သူ့အပေါ်ကျရောက်လာသော တွန်းအားဖြစ်သည် ဟု ဆိုပါသည်။

ဒါဖြင့် တင်နက်ဆီဝီလျမ်စ် အားသေမင်းဆီသို့ တွန်းပို့လုဆဲဆဲဖြစ်ခဲ့သော တွန်းအားသည် အဖော်မမည်သောအဖော်ဖြစ် သောကြောင့်ဖြစ်သည် ဟု ကျွန်မ ကောက်ချက်ချနိုင်မည်လားမသိပါ။ ထိုကောက်ချက်ကို ဂျက်က်ဆန်ပေါ့လော့က် ဆီသို့လည်း ဆွဲယူသွားနိုင်မလားမသိပါ။

မြို့ မငြိမ်းကို သစ်ပင်အရိပ်အာဝါသအောက်မှ မော်တော်ကားဆီသို့ ပို့ ပေးလိုက်သော တွန်းအားက ဘာပါလိမ့်။ ကျွန်မသိချင်သည်။


(ပုံကို google ကနေရှာယူပြီးသုံးထားပါတယ်)

Entry filed under: ဂျူး, Sharing. Tags: .

အဖော်၊အထီးကျန်တိတ်ဆိတ်မှုနှင့် အနုပညာ(၁)- ဂျူး အဖော်၊အထီးကျန်တိတ်ဆိတ်မှုနှင့် အနုပညာ(၃)- ဂျူး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: