လွမ်းမြိုင်ကျေးရဲ့ အဝေးတစ်နေရာစီမှာ

July 30, 2010 at 1:06 am 6 comments

မမရွှေစင်ဦးရဲ့ ဘလော့မှာ ဂျာနယ်ကျော်မမလေးရဲ့ နောက်ဆုံးအချိန်တွေကို ဦးမိုးဟိန်းရေးထားတာဖတ်ရတော့ ဖတ်နေရင်းနဲ့ တဖြည်းဖြည်း မျက်ရည်တွေဝဲ၀ဲလာရာကနေ ဆောင်းပါးလည်းဆုံးရော မျက်ရည်ပေါက်ပေါက်ကျလာရော။ မရွှေမိတို့ အသဲနုပုံကတော့အဲဒီလို။

မျက်ရည်ကျပြီးရင်ထဲဆို့နေတဲ့ကြားက နောက် နှစ်ခါထပ်ဖတ်လိုက်သေးတယ်။ဖတ်ပြီး မျက်ရည်ပြန်ဝဲပြီး စိတ်မကောင်း ဖြစ်မိရပြန်ရော။ကိုယ်သိပ်သဘောကျ၊စိတ်ဝင်တစားရှိတဲ့စာရေးဆရာမမို့ ပုဂ္ဂိုလ်စွဲကြောင့်ပဲ မျက်ရည်ကျ မိတယ်ဆိုနိုင်ပါ တယ်။တကယ်လို့သာ အဲဒီနေရာမှာတခြားစာရေးဆရာမတစ်ယောက် ရဲ့ နောက်ဆုံးအချိန်ကိုဖတ်ရတယ်ဆို မျက်ရည်ကျ မိမယ်မထင်ဘူး။

အဲဒီဆောင်းပါးဖတ်ရင်းကနေ အတွေးတွေပွားလာလိုက်တာ ဖတ်ပြီး ငိုရတဲ့စာအုပ်တွေ အကြောင်း၊ကြည့်ပြီးမျက်ရည်ကျရ တဲ့ ရုပ်ရှုင်တွေ အကြောင်းကို အရသာရှိရှိပဲတွေးနေမိတော့တယ်။

ရုပ်ရှင်ကြည့်တာ ၀ါသနာမပါလှလို့ ကြည့်ပြီး မျက်ရည်ကျရတဲ့ ရုပ်ရှင်ကတော့ သိပ်မရှိလှပါဘူး။ လောလောဆယ် ခေါင်းထဲ ရောက်လာတာကတော့ La Vie En Rose ဆိုတဲ့ ရုပ်ရှင်ပေါ့။ အဲဒီ မှာ အဆိုတော်ကြီး သေခါနီး အခန်းတွေ မှာ သနားလို့ ဆိုပြီး မျက်ရည်ကျမိတယ်။ The Kite Runner ကျပြန်တော့ ဇာတ်သိမ်းခါနီး အခန်းတွေမှာ မျက်ရည်ဝဲမိတယ်။ ဒီလောက်ပါပဲ။

စာအုပ်တွေကျတော့ တကယ်ငိုရတာရှင့်။ မျက်ရည်ပေါက်ပေါက်ကျ၊ရင်ထဲမှာဆို့ တက်လာပြီး နှာတွေပိတ်၊ အဲဒီလိုကို ငိုမိတဲ့ စာအုပ်တွေရှိတယ်။စာဖတ်ရင်းနဲ့ ဇာတ်ကောင်တွေနဲ့ ထပ်တူခံစားပြီး ရင်ထဲမှာ ဆို့လာပြီး မျက်ရည်ဝဲနေရတာကို မရွှေမိက အရသာရှိတယ်လို့ ထင်တာကိုးရှင်။ အဲဒီထဲမှာ ခုချိန်ထိ ပြန်ဖတ်တိုင်း မျက်ရည် ကျရတဲ့ စာအုပ်တစ်အုပ် အကြောင်းပြောချင်ပါသေးတယ်။

စာရေးဆရာ မောင်လွန်းကြင် ရဲ့ ‘လွမ်းမြိုင်ကျေးရဲ့ အဝေးတစ်နေရာစီမှာ” ဆိုတဲ့စာအုပ်။ အဲဒီစာအုပ်ကို စဖတ်ဖူးတုန်းက လေးတန်းလောက်ပဲရှိသေးတယ်။ ပြောရရင် အချစ်ဆိုတာတောင်နားမလည်သေးတဲ့အရွယ်ပေါ့။

ပြင်သစ်ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးလေး မြန်မာပြည်ကို အလည်လာရာကနေ မြန်မာအမျိုးသားတစ်ယောက်နဲ့ ခဏတွေ့လိုက်ရပြီး ချစ်ခင်စွဲလမ်းသွားတဲ့အကြောင်းလေးပါပဲ။ ခုခေတ်လိုဆို ခပ်ရိုးရိုးဇတ်လမ်းလို့ တောင်ပြောလို့ ရနေပြီ။ သူ့ မြန်မာပြည်ခရီးစဉ်မှာ မြန်မာအမျိုးသား(သမိုင်းသုတေသီ)တစ်ယောက်နဲ့ ခဏတွေ့ လိုက်ပြီး အဲဒီအမျိုးသားကို (အညိုနုရောင်မျက်ဝန်းလေးတွေကို) စွဲလမ်းမိသွားတယ်။ ခရီးစဉ်တလျှောက်မှာ စကားတစ်ခွန်းနှစ်ခွန်း လောက်ပဲပြောလိုက်ရ၊ရင်းနှီးတယ်ဆိုရုံလေး ရင်းနှီးလိုက်ရပေမယ့် တသသနဲ့ စွဲလမ်းမိသွားပြီး ပြင်သစ်ပြန်ရောက်တော့ မြန်မာအမျိုးသားဆီကို အဲဒီအေ့ကြာင်းတွေ ရင်ဖွင့်စာပို့ တယ်။ စာကိုတော့ ပြင်သစ်ေ၇ာက်နေတဲ့ မြန်မာပညာ တော်သင်တစ်ယောက်က မြန်မာဘာသာပြန်ပေးတယ်ဆိုပါတယ်။

ပြင်သစ်အမျိုးသမီးလေးဟာ မြန်မာအမျိုးသား (ထွန်းဝေကျော်)ဆီက ပြန်စာကိုစောင့်နေပေမယ့် စာကမရောက်လာဘူး။ ဒီလိုနဲ့ သူအိမ်ထောင်ပြုလိုက်တယ်။ နောက်မှ တဆင့်သိရတာက သူစိတ်ဝင်စားနေတဲ့ မြန်မာအမျိုးသားဟာ ကားအက်ဆီဒင့်ဖြစ်ရာက မျက်လုံးကွယ်သွားခဲ့တာ။ ဒီလိုသိလိုက်ရတော့ ယူကျုံးမရဖြစ်ပြီး မြန်မာပြည်ကို ခင်ပွန်းသည်နဲ့ နောက်တခေါက်ပြန်လာပြီး ထွန်းဝေကျော်နဲ့ ဆုံဖို့ ကြိုးစားတယ်။သူနေတဲ့ ငပလီသံတွဲထိကို လိုက်သွားပြီးတွေ့ တယ်။ ဒါပေမယ့် ထွန်းဝေကျော်က သူဘာကိုမှမမှတ်မိတော့ပါဘူးလို့ ပြောလိုက်တော့ စိတ်ထိခိုက်ပြီး ပြန်ခဲ့ရတယ်။

တကယ်မှာတော့ ထွန်းဝေကျော်ကလည်း ခဏသာတွေ့ လိုက်ရတဲ့ ပြင်သစ်အမျိုးသမီးလေးကို စိတ်ထဲမှာ မှတ်မှတ်ရရနဲ့ စွဲလမ်းနေမိတယ်ဆိုတယ်။ သူတို့ တွေ့ တဲ့ အခါမှာတော့ ပြင်သစ်အမျိုးသမီးလေးကလည်း အိမ်ထောင်ကျနေပြီ၊ သူ့ဘ၀ကလည်း အမှောင်ထဲမှာပဲနေရတော့မှာ ဆိုတော့ သူ့အနေနဲ့ မေ့သွားပြီလို့ ပြောလိုက်တာကသာ အကောင်းဆုံးဆိုပြီး ရင်နာနာနဲ့ ဘာကိုမှသတိမရတော့ဘူး လို့ တမင်ပြောလိုက်တာ။

ဇတ်လမ်းကတော့ ဒီလောက်ပါပဲ။ ဒါကို စာရေးဆရာမောင်လွန်းကြင်က ဖွဲ့သီလွမ်းစာမလှမ်းသာသည်။ ဖွဲ့ သီလွမ်းစာ မတမ်းသာသည်။ တုန့် ပြန်လွမ်းစာ မကမ်းသာသည် ဆိုပြီး ပြင်သစ်အမျိုးသမီးက ရေးတဲ့စာရှည်နှစ်စောင်၊ ထွန်းဝေကျော်ရဲ့ ခံစားချက်ကို ပြန်ရေးတဲ့ စာတစ်စောင် နဲ့ စာရေးတဲ့ ပုံစံအတိုင်းပဲ ရေးထားတာ ခပ်ရိုးရိုးလေးပဲ။ ဒါပေမယ့် ခံစားချက်တွေကို အသေးစိတ်ပီပီပြင်ပြင် ရေးထားတော့ သူတို့ နှစ်ယောက် တခါပြန်တွေ့ တဲ့အခန်းကနေစပြီး မျက်ရည်တ၀ဲဝဲနဲ့ ဖတ်လိုက်ရတာ ..၀တ္ထုလည်းဆုံးရော ငိုရလို့ လူကိုမောပြီးကျန်ခဲ့တာပဲ။ အဖွဲ့ အနွဲ့ကလည်း ရိုးမလိုလိုနဲ့ တော်တော်အသက်ဝင်ပြီး ကောင်းတယ်လို့ ပြောရမှာပါပဲ။ ဇာတ်ကောင်တွေက ကိုယ့်ဘေးနားမှာထိုင်ပြီး ရင်ဖွင့်နေသလိုကိုခံစားမိရတယ်။မေတ္တာရဲ့ အတိမ်အနက်၊သံယောဇဉ်၊ စောင့်ထိန်းမှု..အချစ်.. အဲဒါတွေအကုန်ပေါ်အောင် ရေးနိုင်တယ်။ပြီးတော့ တကယ့်အဖြစ်အပျက်ရယ် လို့ သေချာရေးထားလေတော့ ခုရေးနေရင်းနဲ့တောင် ဒီစာအုပ်ထဲက ဇာတ်ကောင်တွေဟာ သက်ရှိထင်ရှားရှိကြသေးသလား။ သူတို့ နောက်ထပ် တွေ့ ဖြစ်ကြသေးလား မသိဘူး ဆိုတာတွေအမျှင်တန်းပြီးတွေးနေမိပါသေးတယ်။ အဲဒီဝတ္ထုကို အရင်ခေတ်က ရဲအောင်ရယ် ၊ဆူစီနိုက်ဆိုတဲ့မင်းသမီး (ကပြားထင်တယ်) က ဗွီဒီယိုပြန်ရိုက်သေးတယ်။ video ကိုတော့မကြည့်ဖူးပါဘူး။

စပ်မိလို့ တဆက်ထည်းပြောရရင် မောင်လွန်းကြင်ရဲ့ စာအုပ် သုံးအုပ်ဖတ်ဖူးတယ်။ သုံးအုပ်လုံး စိတ်ထဲစွဲကျန်ခဲ့တယ်လို့ ပြောရမှာပါပဲ။ ကျန်တဲ့ နှစ်အုပ်ကိုတော့ မယူခဲ့မိဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကထည်းက ဖတ်ဖူးထားတာကို မှတ်မိသလောက်ပြောရရင် “သိဂါင်္ရရသ” ဆိုတဲ့ မောင်လွန်းကြင် မွေးစားအဖေ ဦးခင်မောင်ကြီးရဲ့ မိဘ နှစ်ယောက် အကြောင်းကို ရေးထားတဲ့စာအုပ်။ အဲဒီမှာ စာရေးဆရာ အဖွဲ့ ကောင်းတော့ ဘိုးဘိုး ဘွားဘွား တွေရဲ့ ပုံရိပ်တွေ က ဖတ်နေရင်းနဲ့ကို ချစ်ခင်စရာကောင်းအောင် အသက်ဝင်ပါတယ်။ အသေးစိတ်တော့မမှတ်မိတော့ပါဘူး။ အဲဒါလည်း ဘာမှထူးခြားဆန်းပြား တဲ့ ဇာတ်လမ်းမရှိတဲ့ အဘိုး၊အဘွားတို့ရဲ့ ငယ်ဘ၀နဲ့ နေ၀င်ချိန်ဘ၀ကို ကလောင်သွက်သွက်နဲ့ ဖွဲ့ထားတယ်လို့ ပြောနိုင်ပါတယ်။ အိမ်မှာရှာရလွယ်ဦးမယ်ဆိုရင်တော့ ပြန်မှာပြီးဖတ်ချင်သေးတယ်။

နောက်တစ်အုပ်ကတော့ ၀တ္ထုတိုတွေကို စုပြီးထုတ်တဲ့ မေတ္တာမြနှင်းရည် နှင့် အခြားဝတ္ထုတိုများ ဆိုတဲ့စာအုပ်။ အဲဒါကိုတော့ ဘာမှမမှတ်မိတော့ဘူး။ ဖတ်ကောင်းတယ်ဆိုတာလောက်ပဲမှတ်မိတော့တယ်။ စာအုပ်တွေအများကြီးထဲက ခေါင်းစဉ်ကိုမှတ်မိနေသေးတာကိုက တော်တော်စွဲခဲ့လို့လို့ ပြောနိုင်တာပေါ့နော။ မှတ်မိသလောက်လေးကို ရေးချင်စိတ်ပေါ်လာလို့ ရေးမိတာပါပဲ။

တကယ်လို့ မောင်လွန်းကြင်သာ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင်တော့ ဒီဇာတ်လမ်းကို ထပ်ပြီးများ ဆက်ရေးဖြစ်မယ်လား မသိပါဘူး။ သူရေးတဲ့ ၀တ္ထုမှာ ဇာတ်လိုက်က ကားအက်စီးဒင့်ဖြစ်ပြီး မျက်စိကွယ်သွားတယ် ရေးခဲ့သလို စာရေးဆရာ ကတော့ အပြင်မှာ ကားမှောက်ပြီးဆုံးသွားတယ်လို့ သိရတယ်။ ရခိုင်သံတွဲဇာတိဖြစ်ပြီး ရခိုင်ဘက်ကို ခရီးသွားရင်း ကားမှောက်ပြီး ကွယ်လွန်သွားတာပါတဲ့။ ကွယ်လွန်တဲ့ခုနှစ်ကို သေချာမသိပေမယ့် မရွှေမိ အသက် ဆယ်နှစ် လောက်ပဲရှိဦးမယ်။ ၁၉၉၀ မတိုင်ခင်ပဲ။ နောက်များ အိမ်ကိုဖုန်းဆက်ဖြစ်မှ သတိရရင်ထပ်မေးပြီး ပြန် update လုပ်ပါဦးမယ်။ မောင်လွန်းကြင် မွေးစားအဖေနဲ့ မရွှေမိ အဘိုးနဲ့ က မိတ်ဆွေတွေမို့ သိတာပါ။ ငယ်တုန်းက တခါ အိမ်လာလည်တာလည်းမှတ်မိနေသေးတယ်။ အရပ်မြင့်မြင့်၊အသားဖြူဖြူ၊ဆံပင်နဲနဲကောက်သလားမသိဘူး။ မြင်ဖူးတော့ ဒီလူကြီးကမင်းသားကျနေတာပဲ။အရမ်းချောတာပဲ လို့ ကလေးဘ၀တည်းက မှတ်မှတ်သားသားရှိတာ သတိရနေမိသေး ။ တော်တော်ကိုချော ပါတယ်။ ဒါကြောင့် ၀င်းဦးရဲ့ ဇတ်ကောင်တွေလိုပဲ သူ့ဇာတ်ကောင်ကိုလည်း အရပ်ရှည်ရှည်၊ရုပ်ချော၊ မျက်လုံးလှလှ၊ ပညာတတ်၊သူဌေးသား..ဘာမှကိုပြောစရာမရှိတဲ့မင်းသားလေးတမျှ ဖန်တီးထား သလားထင်မိတယ်။ အပြင်မှာတကယ်ရှိတယ်ဆိုတော့လည်း ပြောရခက်သား။ ဒဂုန်တာရာကမောင်လွန်းကြင်အကြောင်းရေးတဲ့ဆောင်းပါး လည်းဖတ်ဖူးတယ်။ ဒါပေမယ့် မမှတ်မိတော့ဘူးရယ်။ မောင်လွန်းကြင် မြန်မာစာမဟာဝိဇ္ဖာဘွဲ့ ယူတော့ ဒဂုန်တာရာအကြောင်း စာတမ်းရေးတယ်လို့ ဖတ်ဖူးမိတာပဲ။

ဘာမှမယ်မယ်ရရ မမှတ်မိပဲ လေလည်းရှည်သွားပြီမို့ စာအုပ်အဆုံးသတ်လေးကို စာမြည်းပေးရင်း ရပ်လိုက်ပြီ ၊။ ။

တခါတခါ မြင့်မားလှတဲ့ ကောင်းကင်ယံက ကျွန်တော်တို့ ရခိုင်ကမ်းခြေကို ဖြတ်ကျော်ပျံသန်းသွားကြတဲ့ နိုင်ငံခြားလေယာဉ်ပျံသံတွေကို ကြားမိရင် အာရုံစိုက်နားထောင်ရင်းက မဖြစ်နိုင်မှန်းသိလျက်နဲ့ မျှော်လင့်ချက်ကလေး ထားမိပြန်တယ်။

ဒီလေယာဉ်သံဟာ ပါရီက ဘန်ကောက်ကို ပျံသန်းသွားတဲ့ လေယဉ်သံလား။ ..အဲဒီလေယာဉ်ပျံကြီးထဲမှာ မြန်မာနိုင်ငံရခိုင်ကမ်းခြေ တနေရာက ထွန်းဝေကျော်ဆိုတဲ့ မျက်မမြင် ဒုက္ခိတသည်တစ်ဦးကို တွေ့ချင်လွန်းလှတဲ့ ပါရီက ရွှန်တားလ်အွန်ဒရေးဆိုသူ ပြင်သစ်ခရီးသည် တစ်ဥိးလိုက်ပါလာလေသလားလို့ တွေးမိပြန်တယ်။

အဲဒီလိုနောက်တစ်ကြိမ် မြန်မာနိုင်ငံကို ရှေရီ (ပြင်သစ်လို ဒါလင် လို့ သူကခေါ်ထားတယ်) တို့ ပြန်လည်ရောက်ရှိပြီး ကျွန်တော်နဲ့ တွေ့ဆုံကြတဲ့အခါမှာတော့ ရှေရီနဲ့ ကျွန်တော်တို့ အတူတူသွားလာခဲ့ကြတဲ့ မန္တလေး ၊ပုဂံ၊ခရီးစဉ်ကို ကျွန်တော်သတိရမှတ်မိကြောင်းတွေနဲ့ ရှေရီရေးလိုက်တဲ့ ခံစားချက်စာရှည်ကြီးတွေကို ပါပါ၊မေမေတို့ ဖတ်ပြလို့ ကျွန်တော်ကောင်းစွာသိရှိခံစားနားလည်ကြောင်းတွေကို ကျွန်တော် ဝေေ၀ဆာဆာပြောပြရတော့မယ်။

အဲဒီလို ကျွန်တော် ဖွင့်ဟပြောပြလိုက်ရင် ရှေရီ့ အဖို့ စိတ်ချမ်းသာမှုရနိုင်မှာဖြစ်သလို ကျွန်တော့်အဖို့ မှာလည်း ရင်ထဲပွင့်လင်းပြေစင်သွားပြီး ကျေနပ်နှစ်သိမ့်မှုလေး ရနိုင်တော့မယ်။

အဲဒီမျှော်လင့်ချက်ကလေးနဲ့ ပဲ ကျွန်တော့် အဖို့ ဘ၀အမှောင်ကြီးထဲမှာ ဆက်လက်အသက်ရှင်နေထိုင် သွားရတော့မှာပါ ပဲလေ။…။

Entry filed under: စကားစမြည်, ဖတ်ဖြစ်တဲ့စာအုပ်တွေအကြောင်း. Tags: .

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၂၀) ဖုန်းသက်တိုင် (ပြုံးမျက်ရည်ဖြိုင်အေး)

6 Comments Add your own

  • 1. kok  |  August 3, 2011 at 1:28 pm

    video ရှိတယ်ဗျ ..ကျော်သူနဲ့ ဆူဇီနိုက်နဲ့ ”လက်ကမ်းလို့မကြိုသာပြီ” တဲ့ မြန်မာကားတွေထဲ မင်းသမီးက မင်းသားကို နမ်းလိုက်တာပြတာ ဒီတကားပဲ ရှိတယ် …ဇာတ်ကားကောင်းလေးမို့ မှတ်မိနေတယ် ..အခုကားတွေလို အဖြစ်ရိုက်တာ မဟုတ်ဘူး …

    Reply
  • 2. အေးလဲ့  |  July 30, 2010 at 7:35 pm

    မမရေ… ၀တ္ထုဖတ်ရင်း ငိုရတဲ့အရသာတော့ အေးလဲ့လည်း ကြိုက်တယ်။ ငယ်ငယ်က အချစ်ဝတ္ထုဖတ်ရင်တောင် ကွဲမှ ကြိုက်တာ။ မမပြောတဲ့ ၀တ္ထုတော့သမီးမဖတ်ဖူးဘူး။ ဒါပေမယ့် ဇာတ်ကားတော့ကြည့်ဖူးတယ်။ မြန်မာ့အသံကလွှင့်လို့။ သမီးထင်တာက ကျော်သူလားလို့။ အခုကျတော့ ဘယ်သူရေးတဲ့ ဇာတ်လမ်းဆိုတာ သိရတော့ သမီးလည်း ရှာဖတ်ပါဦးမယ်။

    Reply
    • 3. mashwemi  |  July 30, 2010 at 7:50 pm

      ဟုတ်ကဲ့ပါ သမီးအေးလဲ့ရယ် ..ကျုပ်တို့ ကအကြိုက်တော်တော်များများတူပြီးသားပဲဟာအေ။ နောက်များမှ ငိုရတဲ့စာအုပ်တွေအကြောင်းဆက်ကြသေးတာပေါ့ :P:P

      Reply
  • 4. ရွာသားလေးဝိုင်တီယူ  |  July 30, 2010 at 2:51 pm

    လက်ကမ်းလို့ မကြိုသာသည်လား ရုပ်ရှင်နာမည်က အဆန်းဗျ

    Reply
  • 5. သဒ္ဓါလှိုင်း  |  July 30, 2010 at 1:56 pm

    မရွှေမိပြောတဲ့စာအုပ်မဖတ်ဖူးသေးဘူး။ဖတ်ချင်လိုက်တာ..။

    ခင်မင်စွာ
    သဒ္ဓါ

    Reply
  • 6. ပူးတေ  |  July 30, 2010 at 11:26 am

    မမရွှေမိပြောလို့ ‘လွမ်းမြိုင်ကျေးရဲ့ အဝေးတစ်နေရာစီမှာ” ကိုတောင် ဖတ်ချင်မိတယ်… ရေးထားတာ တော်တော်ကောင်းမယ့်ပုံပဲနော်။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: