မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၁၈)

July 16, 2010 at 2:26 pm Leave a comment

သည်တော့မှ ကိုစံလွင်ကို ကျွန်တော်သတိရတော့သည်။ အမှန်အားဖြင့် ကိုစံလွင်သည် ကျွန်တော့်ထက် တက္ကသိုလ်သို့ စောစောရောက်သူ။

ကျွန်တော် ရောက်သည့် နှစ်တွင် သူနှင့် ခေတ္တမျှ တွေ့လိုက်ပြီးနောက် သူတောထဲသို့ ရောက်သွားသည်။ သူက နေ့ကျောင်းသာ။ ကျွန်တော် က အဆောင်မှာနေသူဖြစ်၍ သိပ်မတွေ့ ဖြစ်ကြ။ အစည်းအဝေးတွေမှာသာ တစ်ခါတစ်ရံတွေ့ဖူးသည်။ အသားဖြူဖြူ စကားပြောလျှင် တိုးတိုးညှင်းညှင်း၊သူ့အမူအယာသည် ကျောင်းသားခေါင်းဆောင်တစ်ယောက်ထက် ကျောင်းဆရာတစ်ယောက်နှင့်ပိုတူနေသည်။

‘သြော် ကိုစံလွင်လား”

ကျွန်တော်သည် ကိုစံလွင်၏ ရုပ်ပုံလွှာကို ပြန်၍ စဉ်းစားနေသည်။

“ဟုတ်တယ် ကြည့်မြင်တိုင်ဇာတိတဲ့။”

” ကျွန်တော်နဲ့ သိပ်မတွေ့ဖြစ်လိုက်ကြဘူး။ ခဏပဲ။ သူက ရွှေဘိုထောင်ထဲရောက်နေတာကိုး။”

ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေးသည် ကျွန်တော်တို့သိသောနိုင်ငံေ၇းခေါင်းဆောင်များအကြောင်း၊ စာရေးဆရာတို့အကြောင်း၊ သတင်းစာဆရာတို့ အကြောင်းပြောနေကြသည်။

ဂျာနယ်ကျော်မမလေးသည် နိုင်ငံရေးကို ၀ါသနာပါသူမဟုတ်။ သို့ရာတွင် ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ပတ်သက်၍ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးခေါင်းဆောင် တော်တော်များများနှင့်သိကျွမ်းခဲ့ရသည်။ သူ့ထံမှ ထို နိုင်ငံရေးခေါင်းဆောင် များအကြောင်းကို မကြာခဏကြားရသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ဗိုလ်လင်္ကျာ၊သခင်သန်းထွန်း၊ဦးနု၊ သခင်ဗဟိန်း၊ ဒီးဒုတ်ဦးဘချို၊ဗိုလ်အောင်ကျော်။ ဦးချစ်မောင်သည် စက်ဝန်း၏ ဗဟိုချက်မဖြစ်နေတတ်ပါသည်။

“ကိုအောင်ဇေယျကို တနေ့ကမှ ကျွန်မပြရဦးမယ်။ ခုတော့ ကျွန်မအိမ်မှာမရှိဘူး။ ဘဏ်ထဲမှာ သိမ်းထားတယ်။”

ကျွန်တော်က သူ့ကို ဖျတ်ကနဲ လှည့်ကြည့်သည်။ ဂျာနယ်ကျော်မမလေးက ပြုံး၍

“သြော် ရှင့်ကိုပြောဖို့ မေ့နေတယ်။ အရေးကြီးတဲ့စာရွက်စာတမ်းတွေကို ကျွန်မအိမ်မှာမထားဘူး။ ပျောက်ပျက်သွား မှာစိုးလို့ ဘဏ်မှာသိမ်းထားတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက ကျွန်မဆီကို ကွန်မြူနစ်ခေါင်းဆောင် သခင်သန်းထွန်းဆီက စာတစ်စောင်လာတယ်။”

“ကျွန်မဆီတွင် မကပါဘူးလေ။ သခင်ကိုယ်တော်မှိုင်းဆီကော၊ဗိုလ်လင်္ကျာဆိကော တခြားနိုင်ငံရေးခေါင်းဆောင်တွေနဲ့ စာရေးဆရာတွေဆီကိုရော လာတယ်လို့ ကြားတယ်။ အစိုးရအဖွဲ့ဝင်တွေဆီလည်း လာတယ်လို့ ကြားတယ်။သူတို့ စာတွေထဲမှာတော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးလိုတဲ့အကြောင်း ပါတယ်ပြောတာပဲ။ ကျွန်မစာထဲမှာတော့ အဲဒါတွေသိပ်မပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တတ်နိုင်သလောက်လုပ်ပေးဖို့ပဲပါတယ်။ ကျန်တာတွေကတော့ ရှေးဟောင်းနှောင်းဖြစ် ကိုယ်ရေးကိုယ်တာတွေပါ။ သူက ကျွန်မကို ညိုညိုလို့ ပေးထားတယ်။”

“သြော် ညိုညို တဲ့လား။”

ကျွန်တော်ကမေးသည့် အခါတွင် ဂျာနယ်ကျော်မမလေးက နှစ်ခြိုက်စွာပြုံးနေလေသည်။

“ကျွန်မက ဒီဟာတွေကို သက်ဆိုင်ရာတွေကိုပြပြီးသိမ်းဆည်းခွင့် တောင်းပြီးသားပါ။ နောက်တစ်နေ့မှာ လိုလိုမည်မည်ဆိုပြီး လုံခြုံအောင် ဘဏ်တိုက်မှာ သွားသိမ်းထားလိုက်တယ်။”

ထို့နောက်တွင် ကိုအောင်ဇေယျခေါ် ကိုစံလွင်အကြောင်းကို စကားမစပ်မိကြတော့.။ ကျွန်တော်ကလည်းမမေး။ သူကလည်းမပြော။

ထိုအတောအတွင်း ဂဂျာနယ်ကျော်မမလေးသည် ဘောက်ထော်အိမ်မှနေ ၍ ပြည်လမ်း ဆန်းသီရိ ရုံဘေး ကိုယ်ပိုင်မြေနီလမ်းလေးတစ်ခုရှိ တစ်ထပ်တိုက်ကလေးကိုငှားနေသည်. သူ့တစ်ထပ်တိုက်ကလေးမှာ ခေတ်မှီ တစ်ထပ်တိုက်ကလေးဖြစ်သည်။ အပြင်က ပလတ်စတစ်ဆေးဝါရောင်ခြယ် လျက် အထဲတွင် ကြက်ဥနှစ် ရောင်ဆေးများသုတ်ထားသည်။ ထမင်းစားခန်း၊အိပ်ခန်း၊မီးဖို၊ရေချိုးခန်း စသည်တို့ဖြင့် အနောက်တိုင်း ဆန်ဆန် တိုက်ကလေးဖြစ်သည်။ ဂျာနယ်ကျော်မမလေးသည် ကျွန်တော်နှင့် ဒဂုန်တာရာကို မကြာခဏ ထမင်းဖိတ်ကျွေး တတ်သည်။ စကားပြောဖြစ်ကြသည်။

ထိုတစ်ထပ်တိုက်ကလေး ကပရိဘောဂတွေကို ဒဂုန်တာရာက နေရာချပြင်ဆင်ပေးသည်။ ဧည့်ခန်းက ဆိုဖာရောင်၊ မီးတိုင်အုပ်ဆောင်းအရောင်တို့ကို ရွေးပေးသည်။ ဒဂုန်တာရာက ရိုးရိုးအုပ်ဆောင်းကို မကြိုက်ဟု ဆိုကာ မီးအုပ်ဆောင်းနေရာတွင် ပုသိမ်ထီးလှလှလေးကို ၀ယ်အတပ်ခိုင်းသည်။ သူ့အိမ်မှာ ယခင်က သံအရာရှိ တစ်ယောက်နေသွားသောအိမ်ဖြစ်၍ လခက ၃၀၀ ကျပ်လား ၄၀၀ ကျပ်လားပေးရသည်။ ထိုစဉ်က ရပ်ကွက်ထဲက အိမ်တစ်လုံးငှားခမှာ စဘော်ငွေတစ်ထောင်နှင့် အိမ်လခ ၅၀ ကျပ်မျှလောက်သာ ရှိရာ ကျွန်တော်သည် သူ့အိမ်လခကို ကြည့် ၍ နှမြောမိနေသည်။

“ရှင်တို့ကတော့ ကျွန်မကို ဘူဇွာလို့ ပြောမလားမသိဘူး။ ကျွန်မက အိမ်ကောင်းကောင်းနေချင်တယ်။ ကားကောင်းကောင်းစီးချင်တယ်။ “ဟုပြောတတ်သည်။


ကျွန်တော်သည် ကိုယ်ပိုင်မော်တော်ဘုတ်နှင့် မျက်နှာဖြူတွေ နှင့်နေလာခဲ့သော ဂျာနယ်ကျော်မမလေးကိုကြည့်၍ အံ့ကြခြင်းမဖြစ်တော့ပါ။

“မြန်မာပြည်က စာရေးဆရာ တစ်ယောက်အနေနဲ့တော့ ခမ်းနားလွန်းနေတယ် “ဟုသာပြောပါသည်။

“ကျွန်မက စာရေးဆရာစစ်စစ်မဟုတ်သေးဘူးရှင့်။ စီးပွားရေးလည်းလုပ်တယ်။ ကိုယ်ပိုင်ပုံနှိပ်တိုက် နဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းနဲ့ ။”

ဂျာနယ်ကျော်မမလေးသည် စားသောက်ရာတွင်လည်း အကောင်းကိုမှစားတတ်သည်။ သူ့အိမ်တွင် ပုသိမ်စပါးနက်ဆန်ကိုမှ စားတတ်သည်။ ဟင်းလျာတွေကလည်း တစ်ယောက်တစ်မျိုး။ နိုင်ငံခြားဖြစ်အဖျော်ယမကာတွေကလည်း အမျိုးမျိုး။ ဆန်တစ်တင်း ဆယ့်နှစ်ကျပ်၊ဆီတစ်ပိသာ သုံးကျပ်အချိန်တုန်းကပင် သူ့ အိမ်မီးဖိုချောင်ဈေးဖိုးသည် တစ်နေ့လျှင် တစ်ရာထက်လျော့မည် မထင်။ ကျွန်တော်သည် သူ့အိမ်တွင် ထမင်းစားလျင် ဆန်တွေက အီလွန်းမွှေးလွန်းသဖြင့် စား၍ မရ။ထိုအခါတွင် ဂျာနယ်ကျော်မမလေးက ကျွန်တော့်အတွက် ငစိန်ဆန်ကို ချက်ခိုင်းတတ်သည်။ တော်တော်ဆင်းရဲဇာတာပါတဲ့ လူ ဟုလည်း ပြောတတ်သည်။

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

ုမြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၁၇) Favorite Kyi Aye’s words

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: