မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၁၅)

July 4, 2010 at 5:11 pm 4 comments

ဂျာနယ်ကျော်မမလေးသည် သူ့  သားကြီးမောင်သိန်းတန်အကြောင်းကို ကျွန်တော်တို့ကို တိုင်တန်းနေသည်။

ဂျာနယ်ကျော်မမလေးသည် ဆိုဗီယက်-မြန်မာ ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားလှယ်တစ်ဦးအဖြစ် မော်စကိုသို့ ပါသွားခဲ့သည်။ သူတို့ ၏ ခရီးက ခက်ခဲကြမ်းတမ်းသည့် ခရီး။ ရန်ကုန်မှ ဒေလီသို့ လေယဉ်ဖြင့်၊ ဒေလီမှ အစ္စလာမ်မာဗတ်သို့ လေယာဉ်ဖြင့်၊ ထို့မှ ကိုင်ဗာတောင်ကြားကိုဖြတ်ပြီး အာဖဂန်နစ္စတန်ပြည်နယ် ကာဘူးလ်မြို့သို့ ၊ထိုမှ မော်တော်ကားဖြင့် ကာဘူးလ်မှဆိုဗီယက် ဥဇဘက်ဇ်တန်ပြည်နယ်ထဲသို့မော်တော်ကားဖြင့်။

ထိုစဉ်က လေယာဉ်အဆက်အသွယ်တွေ ကောင်းကောင်းမရှိသေး။ အေရိုဖလုပ်လေကြောင်းသည် အိန္ဒိယပြည်သို့လည်း မပျံသန်းသေး။ မြန်မာနိုင်ငံသို့လည်း မရောက်သေး။ ဆိုဗီယက်ယူနီယံသို့သွားလိုလျှင် အနောက်ဥရောပ၊ အင်္ဂလန် စသည်တို့ မှလည့်သွားရသည်။ သို့မဟုတ်လျှင်လည်း တရုတ်ပြည်မှ လှည့်သွားရသည်။ သို့ရာတွင် တရုတ်ပြည် ကိုသွားလိုလျှင်ပင် တိုက်ရိုက်မသွားနိုင်သေး။ ယိုးဒယား၊ဟောင်ကောင် စသည်တို့ကို ပတ်၍ တစ်ပတ်ကြီး ကွေ့သွာ့းရသည်။

မြန်မာပြည်မှ ဆိုဗီယက်ယူနီယံသို့ သွားချင်လျှင် အိန္ဒိယကိုဖြတ်၊ အာဖဂန်နစ္စတန်ကိုဖြတ်ပြီး ကုန်းကြောင်းဖြင့်သွားရသည်။

“ကာဘူးလ်ရောက်တော့ ကြောက်လိုက်တာရှင်။ ဟိုမှာက ပထန်လူမျိုးတွေမဟုတ်လား။ လူကြီးတွေကလည်း အရပ်ထောင်ထောင်မောင်းမောင်း၊ မျက်နှာထားကြီးတွေကလည်းကြောက်စရာ၊မြို့ကလည်း တောင်ကုန်းတွေပေါ်မှာ တည်ထားတော့ လမ်းကြိုလမ်းကြား၊ချောင်ကြိုချောင်ကြားကိုလျှောက်သွားရတာ။ ကာဘူးလ်ရောက်တော့ တက္ကသိုလ်ကျော့ရှင်းက ဈေးဝယ်ချင်တယ်ဆိုလို့ ကျွန်မတို့ နှစ်ယောက် ကာဘူးလ် ဈေးထဲကို အဖွဲ့ ၀င်တစ်ယောက်၊ နှစ်ယောက် ခေါ်ပြီး လျှောက်ကြည့်တာ၊ကြောက်တာနဲ့ ဈေးတောင်မ၀ယ်ခဲ့တော့ဘူး။ ဟိုတယ်ကိုပြန်ပြေးလာခဲ့ရတယ်။

ခရီးပန်းသဖြင့်တကြောင်း၊မော်စကိုဆောင်းကြောင့်တကြောင်း ၊ ဂျာနယ်ကျော်မမလေးကို ကြည့်ရသည်မှာ တော်တော် နေထိုင်မကောင်း ဖြစ်နေပုံရသည်။ လူမှာလည်း တော်တော်ချုံးကျသွားသည်။ ကျွန်တော်က ဆရာဝန်ကို ပြကြည့်ဖို့ တိုက်တွန်းသည့်အခါတွင် ဂျာနယ်ကျော်မမလေးက

“ကျွန်မဦးချစ်မောင်ဆုံးပြီးကတည်းက အင်္ဂလိပ်ဆေးကို မယုံတော့ဘူးရှင့်။ မြန်မာဆေးကိုပဲသုံးတော့တယ်။ ခုလဲ ကိုစောဦးတို့ ကျွန်မတို့ ဆရာကြီးရှိပါတယ်။ နေလ၀ိဇ္ဖာဆရာခိုင်တဲ့။ သဘာဝဓမ္မကုထုံး၊ဓာတ်စာနဲ့ ကုတာ၊ ဒီကုထုံးကိုပဲ ကျွန်မယုံတော့တယ်။ ဓာတ်စာနဲ့ကုတာ ၊အစာလဲဆေး၊ဆေးလည်းအစာပေါ့။ ဆေးရယ်လို့ အထူးစားမနေရတော့ဘူး။ ဓာတ်စာစားရင်းဆေးစားပြီးသားဖြစ်သွားတယ်။ လူမှာအပူနဲ့ အအေးပဲရှိတယ်။ အပူဆိုရင် နေဓာတ်ပေါ့၊အအေးဆိုရင် လဓာတ်ပေါ့။ ဒါကြောင့် နေဆေးနဲ့ လဆေးဆိုပြီး နှစ်မျိုးရှိတယ်။ အခု ကျွန်မ ပုဂ္ဂလပညတ်ကျမ်းကို ဖတ်နေတယ်။ ရှင့်ကိုလည်း ပေးဖတ်ဦးမယ်။ ရှင်တို့ တစ်တွေက အင်္ဂလိပ်ဆေးကိုမှအကောင်းထင်ပြီး မြန်မာဆေးကိုအထင်သေးကြတာ။ ဖတ်ကြည့်စမ်းပါ။“

ဂျာနယ်ကျော်မမလေးသည် ကျွန်တော့် အားမြန်မာ့ဆေးများ၏ အစွမ်းအာနိသင်ထက်မြက်ပုံကို အကျယ်တ၀င့် ပြောပြနေသည်။ ဓာတ်စာ၏ အကျိုးတရားများကိုလည်း ရှင်းလင်းပြောပြသည်။ အမည်ပညတ်ကို ကြည့်၍ ဓာတ်စာကိုခွဲရကြောင်း၊မည်သည့်နေ့ဖွားများသည် နေဓာတ်ဖြစ်၍ မည်သည့်နေ့ဖွားများသည် လဓာတ်ဖြစ် ကြောင်း၊မည်သည့် အစားအစာများသည် နေသမား၏ ဓာတ်စာဖြစ်ပြီးမည်သည့် အစားအစာများသည် လသမား၏ ဓာတ်စာဖြစ်ကြောင်း၊ကိုယ့်နေ့ကိုယ့်နံနှင့် ကိုက်ညီသည့် ဓာတ်စာများကို စားရမည်ဖြစ်ကြောင်း၊ မမလေး ဟူ သော အမည်သည် လဓာတ်ဖြစ်၍ လဓာတ်နှင့်ကိုက်သည့် အစားအသောက်များကိုသာစားရကြောင်း၊သူ့အိမ်တွင် ထမင်းဟင်း ချက်လျှင် အိမ်တွင် လသမား အတွက် တစ်မျိုး၊ နေသမားအတွက်တစ်မျိုး ချက်ရကြောင်း စသည်ဖြင့် ပြောပြသည်။

တစ်ခါတွင် သူ့အိမ်၌ ကျွန်တော် ထမင်းစားသည်။ ကျွန်တော်က အမဲသားဟင်းခွက်ကို နှိုက်မည်အပြုတွင် ဂျာနယ်ကျော်မမလေးက “မစားနဲ့ မစားနဲ့ ရှင်နဲ့ မတည့်ဘူး။ ဒါ ရှင့်ဟင်းမဟုတ်ဘူး။ ရှင့်ဟင်းက ဟိုမှာ ၀က်သားချက်ထားတယ်။“ ဟု ဟင်းပန်းကန်ကို ထိုးပေးသည်။ သူ့အိမ်တွင် ထမင်းဖိတ်ကျွေးလျှင် နေသမားဖို့ ဟင်းသပ်သပ်၊လသမားအဖို့ ဟင်းသပ်သပ် နှစ်မျိုးချက်ကျွေးတတ်သဖြင့် ဟင်းပန်းကန်တွေ စုံနေတော့သည်။

ကျွန်တော်က စကားဖောရောဖြင့် “အမဲသားအဖြစ်စားရင်တော့ ကျွန်တော်နဲ့ မတည့်ဘူးပေါ့။ ဒါပေမယ့် ဘိဖ် အမှတ်နဲ့ စားရင်တော့ လဓာတ်ဆိုတော့ ကျွန်တော်စားနိုင်တာပေါ့ ဟု ဆိုကာ အမဲသားကိုစားနေသည်။ ဂျာနယ်ကျော်မမလေးသည် ဘာမျှမပြောတော့။ မျက်စောင်းတချက်ထိုးပြီး နှုတ်ခမ်းစူနေလေသည်။

မော်စကိုမှပြန်လာပြီးနောက် ဂျာနယ်ကျော်မမလေးသည် အတော်မကျန်းမမာဖြစ်လိုက်သေးသည်။ သူ့ရောဂါမှ ချောင်းဆိုးသွေးပါရောဂါ ( တီဘီ) ဟုပြောသည်။ ကျွန်တော်တို့က အထူးကုဆရာဝန်ကြီးများနှင့်ပြကြည့်ရန် တိုက်တွန်းသည့်အခါတွင် ဂျာနယ်ကျော်မမလေးသည် အတင်းငြင်းဆန်ရုံတင်မက တစ်ခါတစ်ရံတွင် အင်္ဂလိပ်ဆေးကို အထင်ကြီးရကောင်းလားဟု ဆိုကာ ကျွန်တော်တို့ကို စိတ်ဆိုးတတ်လေသည်။

ဂျာနယ်ကျော်မမလေးသည် သူ့ရောဂါကို သူ့ဆေး၊သူ့ဓာတ်စာဖြင့် ကုလေသည်။ အားရှိအောင်ဆိုကာ နွားနို့ မသောက်၊ သူနှင့်မတည့်ဟု ဆိုပြီး ကျွဲ့နို့သောက်သည်။ မြို့ထဲတွင် ကျွဲနို့ ရှာမရသည့်အခါတွင် သူ့ဒရိုင်ဘာ ကိုထွန်းလင်းသည် ကျွဲနို့ကို ဘောက်ထောက်ဘက်သို့ သွားယူရလေသည်။ ဂျာနယ်ကျော်မမလေးသည် သူ့ဓာတ်စာနှင့်သူ့ဆေးကို တိတိကျကျမှီဝဲ သည့်အတွက်ကြောင့် မကြာမီပြန်၍ ကျန်းမာလာလေသည်။

ကျွန်တော်သည် သူ့ကိုကြည့် ၍ အံ့သြနေလေသည်။ ပြန်လည်ကျန်းမာလာသည့်အခါတွင် အရင်တုန်းကလို ပိန်ပိန်ပါးပါး သွယ်သွယ်လျလျ မဟုတ်တော့။ စိုပြည်ဝဖြိုးလာလေသည်။ အရပ်သာမမြင့်ခဲ့လျှင် မိန်းမကြီး၀၀ တစ်ယောက်ဖြစ်နေပေ လိမ့်မည်။ ယခုမူ အရပ်မြင့်သဖြင့် သူဝပုံသည် ကြည့်ကောင်းရုံမျှသာရှိလေသည်။

နေကောင်းသည်နှင့် ဂျာနယ်ကျော်မမလေးသည် အတိုးချ၍ လုပ်သည့်နှယ် အလုပ်ကိုဖိ၍ လုပ်သည်။ ဘောက်ထော်မှာနေတုန်းက တင်လှိုင်ကုမ္ပဏီဟု အမည်တပ်ကာ ကုန်သည်လမ်း ၅၅၅ တွင် အလုပ်တိုက်ဖွင့်ထားပြီး သွင်းကုန်လုပ်ငန်းကိုလုပ်သည်။ ယခုတစ်ဖန် ပန်းဆိုးတန်းတွင် မမလေးကုမ္ပဏီ ဟု ဆိုင်းဘုတ်တပ်ကာ ဂျပန်အလှကုန်လုပ်ငန်း ကိုယ်စားလှယ် လုပ်နေလေသည်။ သူ့အမည်ကိုလည်း ဒေါ်တင်လှိုင်ဟူသော အမည်မှ ဒေါ်မမလေး အမည်သို့ပြောင်းလိုက်သည်။

တစ်ခါတွင် သံအမတ်ဟောင်း ဦးအုန်း(ကွယ်လွန်သူ) က သူ့ ကို ဒေါ်တင်လှိုင်ဟု ခေါ်မိရာ ဂျာနယ်ကျော်မမလေးသည် မျက်နှာအပျက်ပျက်ဖြင့် “ဒေါ်တင်လှိုင်လို့ မခေါ်ပါနဲ့။ ဦးအုန်းက ကျွန်မကိုသေစေချင်လို့ ဒီနာမည်ကိုခေါ်တာလား“ ဟုပြောလေသည်။

ဂျာနယ်ကျော်မမလေးသည် တစ်ဖက်တွင် စီးပွားရေးလုပ်ငန်းကိုလုပ်နေသော်လည်း တစ်ဘက်က ပုံနှိပ်တိုက် ထောင်ကာ ဂျာနယ်တစ်စောင်ကို ထုတ်ရန်ကြိုးပမ်းနေသည်။ သူ့မှာ အားချိန်၊နားချိန်ဟူ၍ မရှိ။ မနက်လင်းသည်နှင့် ရေမိုးချိုးပြီး ပန်းဆိုးတန်းအလုပ်တိုက်သို့ပြေးရသည်။ နေ့လည် နာရီပြန်တစ်ချက်လောက်တွင် အနော်ရထာလမ်းမပေါ်ရှိ ပုံနှိပ်တိုက်သို့လာရသည်။ ပုံနှိပ်တိုက်တွင် သူ့သားကြီးမောင်သိန်းတန်နှင့် သူ့မောင်ငယ် ကိုတင်ဝင်းတို့ ရှိသည်။ သို့ရာတွင် သူတို့နှစ်ယောက်လုံးက စိတ်ချ၍ မဖြစ်။ မောင်သိန်းတန်ကလည်း ခပ်ပေပေ။ ကိုတင်ဝင်းကလည်း ခပ်ပေပေ။ ပုံနှိပ်တိုက်ကိုလက်ထဲမှာ အပ်ထား၍ မရ။ ထို့ကြောင့် ဂျာနယ်ကျော်မမလေးသည် ပန်းဆိုးတန်းအလုပ်တိုက်မှ ပြန်လာပြီး ပုံနှိပ်တိုက်ကို ဦးစီးရသေးသည်။

မြူငွေ့ တွေဝေနေသည့် နွေရက်တစ်ရက်တွင် သူ့တိုက်သို့ ရောက်အသွား တွင် မမျှော်လင့်သော စကားတစ်ခွန်းကို ကျွန်တော်ကြားလိုက်ရသဖြင့် အံ့အားသင့်နေသည်။

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၁၄)ုမြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၁၆)

4 Comments Add your own

  • 1. Rita  |  July 5, 2010 at 11:01 pm

    ဂျာနယ်ကျော်မမလေးကို သူ့စာတွေထက် သူ့ဘဝအကြောင်းကို ပို စိတ်ဝင်စားမိပါတယ်။ သားသမီးတွေနဲ့ သူ့ကြားမှာ ဘာတွေများ gap တွေ ရှိသလဲ မသိဘူးနော်။

    Reply
    • 2. mashwemi  |  July 6, 2010 at 12:29 am

      နောက်ပိုင်းတွေမှာ မိသားစုအကြောင်းပိုများလာလိမ့်မယ်။ နောက်အိမ်ထောင်ပြုတဲ့အ ကြောင်း၊သားသမီးတွေအကြောင်း …ပိုစိတ်ဝင်စား စရာကောင်းလာမယ် မရီတာ😛

      Reply
  • 3. စုချစ်  |  July 5, 2010 at 4:58 pm

    စောင့်မျှော်ဖတ်လျက်ပါ… ကျေးဇူးအထူး တင်စွာဖြင့်….
    စုချစ်

    Reply
    • 4. mashwemi  |  July 6, 2010 at 12:27 am

      စောင့်ဖတ်နေတာကိုကျေးဇူးတင်ပါတယ် ကြီးစုရေ🙂

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: