မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၁၄)

July 3, 2010 at 4:06 pm Leave a comment

“လူဖတ်အောင် မရေးနိုင်ဘူးဆိုရင် ရှင်ဟာ ပို့စ်အတွက် ဘာမှအသုံးမကျတော့ဘူး။ ရှင့်ကိုယ်ရှင် ထင်တလုံးလုပ်နေတာ တွေကို ပစ်ပယ်လိုက်စမ်းပါရှင်။ ရှင် ခေါင်းကြီးကို ဒီလိုရေးနေရင် ဘာလုပ်ဦးမှာလဲ။ ဗြိတိသျှစွယ်စုံကျမ်းကြီးထဲက စာပိုဒ်တွေကို မနက်တိုင်းကော်လံဝက်လောက် ပုံနှိပ်ဖော်ပြပေးနေတော့မှာပေါ့။ ရှင့်ကိုဘာလို့ အယ်ဒီတာခန့်ပြီး အရေးခိုင်းတော့မှာလဲ။ “

“တခြားလူတွေကတော့ ဒီစကားတွေကို ရှင့်ကွယ်ရာမှာပြောကြမှာပဲ။ ကျွန်မကတော့ ရှေ့မျက်နှာနောက်ထားပြီး ရှင့်ရှေ့မှာတင်ပြောတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရှင်ဟာရိုးသားတဲ့သူ၊ကိုယ့်ချွတ်ယွင်းချက်ကို ပြင်ချင်တဲ့သူလို့ ကျွန်မယုံလို့။ ခေါင်းကြီးရေးဆရာဟာ သာမန်လူတွေကို စည်းရုံးသိမ်းသွင်း ရှေ့ ဆောင်နိုင်ဖို့ ဆိုရင် ပထမဆုံး အချက်အနေနဲ့ သာမန်လူတွေကိုစိတ်ဝင်စားရမယ်။ လူသားချင်းဆိုတဲ့စိတ်ကိုမွေးနိုင်ရမယ်။ သူတို့ကို ချစ်မြတ်နိုးရမယ်။ ဒါဟာ အယ်ဒီတာအဖြစ်အောင်မြင်တဲ့ မစ္စတာကောင်းရဲ့ မဟာ့မဟာ လျှို့ဝှက်ချက်ပဲ။ သူကအမြဲတမ်းလူတွေကြားထဲကလူပဲ။ သူ့ဘ၀တစ်လျှောက်လုံး လူတွေနဲ့လက်တွဲပြီး လူတွေအတွက်လုပ်ခဲ့တာချည်းပဲ။ ပြည်တွင်းစစ်မှာ သူပါခဲ့တယ်။ “

“စစ်ပြီးတော့ ကော်ဇောအိတ်သမားတွေကို ဆန့်ကျင်ခဲ့တယ်။ ဒီနေ့ ကျွန်မတို့ ပြည်နယ်ကြီးပွားနေတာဟာ သူတို့လိုလူတွေ ၊ကျွန်မအဖေလိုလူမျိုးတွေ ဆောင်ရွက်ခဲ့ကြလိုပဲ့။ လူတွေနဲ့ အတူလုပ်ကိုင်တယ်၊တိုက်ပွဲဝင်တယ်၊လူတွေနဲ့ အတူတွေး တတ်ခေါ်တတ်တယ်။ သူလုပ်သမျှဟာ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ ချည်းပဲ။ ဒါကြောင့် သူ့ခေါင်းကြီး တနေ့မဖတ်ရ ရင် မပြည့်စုံဘူးလို့ ထင်တဲ့သူတွေ ထောင်သောင်းချီပြီးရှိနေတာ။

ရှင်က မစ္စတာကောင်းကို ရှုတ်ချတယ်။ ဘာဖြစ်လို့လဲ။ သူကရှင့်လောက် နိုင်ငံရေးသိပ္ပံ ၊လူမှု့ရေးသိပ္ပံတွေ မတတ်ဘူး ထင်လို့။ ရှင်ဘာလို့ ဒီကျောင်းသုံးစာအုပ်ထဲက သိပ္ပံပညာတွေကို ဘုရားတစ်ဆူ ဂူတစ်လုံးလုပ်နေရတယ်ဆိုတာ ကျွန်မ နားမလည်နိုင်ဘူး။

ခေါင်းကြီးရေးတဲ့ လူက ရှေ့ဆောင်လှုံ့ဆော်မယ်လို့ မှန်းထားတဲ့ ပြည်သူတွေက အဲဒီပညာတွေကို အရေးလုပ်မနေနိုင်ဘူး ရှင့်။ ရှင်အထင်သေးတဲ့ ခြေကုန်လက်ပန်းကျနေတဲ့ ပန်းရံသမားကလည်း ဒီပညာတွေကို အရေးမလုပ်နိုင်ဘူးရှင့်။

အဲဒီလူတွေကဟာ မစ္စတာကောင်း ထိတွေ့ နေတဲ့ လူတွေ၊သူတို့ တစ်တွေ အိမ်ကောင်းကောင်းနေနိုင်ဖို့၊ သူတို့ရဲ့ ကလေးတွေ ပညာကောင်းကောင်းသင်နိုင်ဖို့ သူတို့ တစ်တွေသွားလာလှုပ်ရှားနိုင်ဖို့ ၊ မစ္စတာကောင်း ဆင်း ကူညီနေ တဲ့သူတွေ၊ မစ္စတာကောင်းက ဘ၀ဆိုတာ သာမန်ပြည်သူတွေ၊လမ်းပေါ်မှာနေ့တိုင်းတွေ့ နေတဲ့ ပြည်သူတွေနဲ့ အတူနေပြီး သူတို့ရဲ့ ကောင်းကျိုးကို အလုပ်အကျွေးပြုဖို့ အခွင့်အရေးတစ်ခုလို့ မြင်တယ်။

ရှင်က လူ့ဘ၀ဆိုတာ အထီးတည်းနေပြီး ရှင့်မဟာ အကြံအစည်ကြီးကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးလို့ မြင်တယ်။ သူက လူတွေရဲ့ နှလုံးသားအတွက်ရေးတယ်၊ရှင်က သိပ္ပံပညာရှင်တွေရဲ့ ဦးနှောက်အတွက် ရေးတယ်။

သူက နှလုံးကြီးတဲ့သူတစ်ယောက်၊ ရှင်က သိပ္ပံပညာဖော်မြူလာတစ်ခု၊အဲဒါကို ရှင်ကဘ၀င်မြင့်နေတယ်။ ပိုပြီးစိတ်ပျက်စရာ ကောင်းတာက ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခု၊နှစ်ခုကို ရှင့်ပတ်ဝန်းကျင်မှာ အသက်ရှင်နေတဲ့ သူတွေထက်ပိုပြီးကြီး ကျယ်တယ်လို့ ရှင်ထင်နေတယ်။

ရှင် လူတစ်ယောက်အနေနဲ့ မအောင်မြင်တဲ့ အကြောင်းအရင်းက ရှင့်မှာ လူ့ ဘ၀နဲ့ ဘာအဆက်အသွယ်မှမရှိလို့ပဲ။ ရှင်က လူသားတွေကို သင်ကြားမယ်၊ရှေ့ဆောင်မယ်လို့ မှန်းတယ်၊ဒါပေမယ့် လူသားဆိုတာ ဘာလဲဆိုတာရှင်မသိဘူး။ သိအောင်လုပ်ဖို့လည်း နည်းနည်းလေးမှ စိတ်မကူးဘူး။

ရှင့်ပတ်ဝန်းကျင်မှာ သွေးနဲ့ ကိုယ် သားနဲ့ကိုယ် လူတွေဟာ ကမ္ဘာကြီးကိုပြောင်းပစ်နေတယ်။ ရှင်ကတော့ ဒီလူတွေကို ကျောင်းသုံးစာအုပ်၊သိပ္ပံပညာတွေမတတ်ရကောင်းလားဆိုပြီး သိပ္ပံပညာ ပေတံလေးတ၀င့်ဝင့်နဲ့ ကမ္ဘာကြီးကိုပြောင်း ပစ်နေတယ်။ ရှင်က လူသေကောင်အခြောက် လက်တစ်ဆုပ်စာကို စကြာဝဋ္ဌာကြီးလို့ ထင်နေတယ်။ “

အလိုလေး…အာဂ ရှာလီဝေလင် ပါကလား။

အပိုင်း (ရှစ်)

ကျွန်တော်သည် ၄၈ လမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ သီဟရတနာ ပုံနှိပ်တိုက်မှ အနော်ရထာလမ်းမကြီးကိုဖြတ်ကူး ကာ ချစ်တီးကော်ဖီဆိုင်အပေါ်ထပ်ရှိ ဂျာနယ်ကျော်မမလေး ၏ အခန်းသို့တက်လာသည်။ အပေါ်ထပ်လှေကားလေးက ခပ်မှောင်မှောင်ကျဉ်းကျဉ်း၊ချစ်တီးကော်ဖီနံ့ နှင့် ပူရီကြော်သည့် အနံ့က တစ်တိုက်လုံးကိုလွှမ်းနေသည်။ အပေါ်ထပ်က ဧည့်ခန်းမှာ အနော်ရထာလမ်းမကြီးကို မျက်နှာမူထားသည်။ ၀ရန်တာ ပြတင်းပေါက်တွေ အပြာနုရောင် ခန်းဆီးများတတ်ထားသည်။ ဇာခန်းဆီးများသည် တသုန်သုန်တိုက်လာသော လေပြည်တွင် ဒန်းစီးနေကြ၏။

ဘောက်ထော်အိမ်မှာတုန်းက ပြတင်းပေါက်မြင့်မြင့်ကြီးတွေ နှင့်လိုက်အောင် ခန်းဆီးကြီးကြီးတွေကို တပ်ထားရသည်။ ခန်းဆီးတွင်တပ်ထားသည့် ဘီးကလေးတွေကိုမမြင်ရ။

ချစ်တီးကော်ဖီဆိုင်အပေါ်ထပ်က အခန်းကျဉ်းလေးမှာတော့ ခန်းဆီးကြီးကြီးတွေမရှိ။ ပြတင်းပေါက်ကလည်း အမြင့်ကြီးမဟုတ်။ ခပ်နိမ့်နိမ့် ပြတင်းပေါက်များသာဖြစ်သည်။ ဘောာက်ထော်အိမ်မှာတုန်းကလို ထည်ဝါခမ်းနား ခြင်းမရှိတော့ ။ သို့ ရာတွင် ဂျာနယ်ကျော်မမလေးသည် နေရာဒေသနှင့်လိုက်အောင် သူ့အိမ်ကို မွမ်းမံထားပါသည်။ ခန်းဆီးတွေ ပရိဘောဂတွေက ခမ်းနားခြင်းမရှိတော့သည့်တိုင်အောင် အကောင်းစားဆက်တီများဖြင့် ဆင်ယင်ထားသည်။ ကြမ်းပြင်ကို ပန်းနုရောင်ပေါ် ရွှေရောင်အခက်လေးတွေ ရေးခြယ်ထားသည့် ဖယောင်းပဆိုးကို ခန်းလုံးပြည့်ခင်းထားသည်။ စားပွဲပေါ်က ပန်းစိုက်အိုးထဲတွင်နှင်းဆီပန်းနီနီများကို စိုက်ထားလေသည်။

ဂျာနယ်ကျော်မမလေး သည် ဘယ်နေရာရောက်ရောက်သူ့ပတ်ဝန်းကျင်ကို လှပသန့ှ်ရှင်းအောင် မွမ်းမံနေတတ်သူဖြစ်သည်။ ချစ်တီးကော်ဖီဆိုင် အပေါ်ထပ်အခန်းကျဉ်းလေးမို့ မသပ်မယပ်မသန့်မရှင်း မဟုတ်၊ပန်းချီကားထဲက အိမ်ခန်းလေးတစ်ခုလို လှပသန့ှ်ရှင်းနေလေသည်။ သူ၏ စေ့စပ်သေချာမှုသည် သူ့ စာ၊၀တ္ထုများ ထဲတွင်ပေါ်နေလေသည်။

ဂျာနယ်ကျော်မမလေးသည် အခန်းထဲမှ ထွက်လာလေသည်။ သူ့ကို ကြည့်ရသည်မှာ နွမ်းနယ်နေဟန်ရှိသည်။ ချောင်းကလည်း တဟွတ်ဟွတ်ဆိုးနေသည်။

“ဒေါ်မမလေး နေမကောင်းဘူးလား။ မေမေနေမကောင်းဘူးလို့ မောင်သိန်းတန်ကပြောလိုက်လို့ “

“လူကတော့ နေကောင်းပါတယ် ။ ဒါပေမယ့် စိတ်ကနေမကောင်းဘူးရှင့်။ မောင်သိန်းတန်ကိစ္စဆိုပါတော့“

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၁၃) မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၁၅)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: