မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၁၂)

June 18, 2010 at 9:28 pm 1 comment

အပိုင်းခြောက်

ရှာလီဝေလင်ပြောသွားသော စကားများသည် သတင်းစာအတတ်ပညာ၏ ဒဿနဖြစ်သည်။ လောကအမြင်လည်းဖြစ်သည်။ ကွိဒ် ၀တ္ထုသည် လွန်ခဲ့သော အနှစ်ရှစ်ဆယ် ခန့်က ပေါ်ခဲ့သော ၀တ္ထုဖြစ်ရာ ရှာလီဝေလင်၏ လောကအမြင်၊သတင်းစာပညာဆိုင်ရာ ဒဿနတို့သည် အလွန်ခေတ်မီဆန်းသစ်နေသည်။

ဂျာနယ်ကျော်ဦးချစ်မောင်သည် ထိုအထဲက ရှာလီဝေလင် ၏ သတင်းစာပညာဆိုင်ရာ ဒဿန ကို သဘောကျဟန်တူသည်။ သူမှမဟုတ်ပါ။ ကွိဒ် နှင့် ဂျာနယ်ကျော်ဦးချစ်မောင်ကို အားကျခဲ့သည့် ဗန်းမော်တင်အောင်ကလည်း ထိုအမြင်ကို သဘောကျသည်ဟု ကျွန်တော်ထင်သည်။ ဗန်းမော်တင်အောင်၏ ဒေါက်တာရေချမ်း သည် ကွိဒ် လို လောကကြီးနှင့် ကင်းကင်းနေသူတစ်ယောက်၊လူတွေနှင့်ကင်းနေသူ တစ်ယောက်၊ ထိုအမြင်ကို ခင်မမ(ဟုထင်သည်) [ခင်ခင်ကြီးဖြစ်ပါတယ်]ကကျွတ်အောင် ချွတ်သွားခဲ့သည်။

ကွိဒ် ကို ဖတ်ပြီးတော့ စာအုပ်ကို ဂျာနယ်ကျော်မမလေး အားပြန်ပေးလိုက်သည်။ “ရှင် ဘာသာပြန်ပေးမလား“ ဟု သူကမေး၍ ကျွန်တော်က လည်း ပြန်ပေးမည် ဟု ဂတိပေးလိုက်သည်။

၁၉၅၃-၅၄ တစ်ဝိုက်လောက်ကလားမသိ။ ကွိဒ် ကို ကျွန်တော်သာဘသာပြန်မည်ဟု ဂျာနယ်ကျော်မမလေး စာအုပ်တိုက်မှကြော်ငြာခဲ့ဖူးသည်။ သို့ရာတွင် မပြန်ဖြစ်ခဲ့ပါ။

********************

ကျွန်တော်သည် မြူငွေ့ ပြာပြာတို့ ဝေ့နေသော ၁၉၅၃ ခုနှစ် နွေဦးပေါက်ကို ပြန်၍သတိရနေမိသည်။

ုထိုစဉ်က ဂျာနယ်ကျော်မမလေး ၏ ပုံနှိပ်တိုက်သည် အနော်ရထာလမ်းနှင့် ကရစ်လမ်းထောင့် ရှိချစ်တီးကော်ဖီဆိုင်မျက်စောင်းထိုး ၄၈ လမ်းထိပ်က အောက်ထပ်တွင်ရှိသည်။ ပုဇွန်တောင် ကြည့်မြင်တိုင်သို့ ပြေးသည့် ဘတ်စ်ကားများသည် တိုက်ရှေ့မှ တဝေါဝေါဖြတ်နေကြသည်။ ဂျာနယ်ကျော်မမလေးသည် သီးသီးသန့်သန့် ခမ်းခမ်းနားနား လှလှပပကိုကြိုက်တတ်သူဖြစ်သည်။

သို့ ရာတွင် ၄၈ လမ်းထောင့်နှင့် အနော်ရထာလမ်းထောင့်က သူ၏ရုံးခန်းသည် လှပခြင်းမရှိ။ သီးသန့်ဖြစ်ခြင်းလည်းမရှိ။ ခမ်းနားခြင်းလည်းမရှိ။

တိုက်ထဲမှာလူထိုင်နေလျှင် လမ်းမပေါ်ကနေ လှမ်းမြင်နေရသည်။ တိုက်ထဲမှာစကားပြောနေလျှင် တဝေါဝေါမြည်သော ကားသံ၊ ဈေးသည်များ၏အော်သံကိုကြားနေရသည်။ လမ်းမပလက်ဖောင်းမှ တက်လာလိုက်လျှင် တိုက်ထဲသို့ ဒုတ်ဒုတ်ထိရောက်လာတော့သည်။
ဂျာနယ်ကျော်မမလေး သည် သူ့အခန်းကို ပလတ်စတစ်ဆေးရောင်အစိမ်းနုရောင်သုတ်သည်။ ထပ်ခိုးတင်သည်။ တိုက်အပေါက်ဝတွင် မရမ်းရောင်နုနု အ၀တ်လိုက်ကာလေးတစ်ခုထောင်ထားသည်။ သူ့စားပွဲမှာ ထိုစဉ်က နာမည်ကြီးသော ယူဟာဂျီအာမက် မှမှာသော ဖိတ်ဖိတ်တောက်နေသည့် ကျွန်းသားဗီရိုစားပွဲကြီးဖြစ်သည်။

စားပွဲပေါ်တွင် နှင်းဆီပန်းတွေစိုက်ထားသည့် တရုတ်ပန်းအိုးတစ်လုံးတင်ထားပြီး စားပွဲနောက် အထက်နံရံ့တွင် သူ့အသက် ၃၀ ခန့်က ရိုက်ထားသောပုံကို ၁၂ လက်မဆေးရောင်စုံပုံကြီးချဲ့ ၍ ချိတ်ထားသည်။ သုံးဆယ်ကျော် ဂျာနယ်ကျော်မမလေး သည် နုပျိုရွှန်းသစ်လျက်၊ တပြိုင်နက် တည်ကြည်ခန့် ငြားလျက်။

ကျွန်တော်နှင့် ဒဂုန်တာရာသည် ဂန္ထ၀င်ဂျာနယ်အတွက် တာဝန်ခွဲကြသည်။ သူကခေါင်းကြီးရေးမည်။ အလယ်ဖောင်က နိုင်ငံရေးဆောင်းပါးများ ကို မောင်သစ္စာအမည်ဖြင့်ရေးမည်။ မြို့တော်ရန်ကုန်ဆိုသည့် အခန်းဆက်ဝတ္ထုတစ်ပုဒ်ရေးမည်။ ကျွန်တော် က ဘာသာပြန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ထောက်ခံရေး၊ပြည်တွင်းငြိမ်းချမ်းရေးကိုအထောက်အကူပြုရေး၊တိုးတက်သော စာပေပျံ့ နှံ့ လာရေးတို့ဖြစ်သည်ဟု ကျွန်တော်မှတ်မိသည်။

ကျွန်တော်တို့သည် ဂျာနယ်မျက်နှာဖုံးရိုက်လျှင် အရောင်ကအစ ဂျီး(ကြေး)များကြသည်။ ပန်းနရောင်ဆိုလျုင် ကိုယ်လိုချင်သော ပန်းနုရောင် ကိုရမှ၊ အစိမ်းရောင်ဆိုလျှင်လည်း ကိုယ်လိုချင်သောအစိမ်းရောင်မျိုးကိုရမှ၊၊အပြာရောင်ဆိုလျှင်လည်း ကိုယ်လိုချင်သော အပြာရောင်မျိုးကိုရမှ။

သည်တုန်းက မင်ကလည်း အရောင်မျိုးစုံဝယ်၍ရသည်။ အပြာဆိုလျှင်လည်း ကိုယ်ကြိုက်သည့်အရောင်ကို ကတ်တလောက်ထဲမှာရှာကြည့် ။ တွေ့လျှင် ထိုအရောင်ကိုမှာလိုက်ရုံပင်။ ဆိုင်ကပို့သည်။ ဒဂုန်တာရာကား ထိုမျှနှင့်ပင်မကျေနပ်နိုင်သေး။ အသွေးတွေ သည်မျှစုံလင်နေသည့်တိုင် ထိုအသွေးများသည် အဆင်သင့်လုပ်ပြီးသားအရောင်အသွေးများဖြစ်သည်။ ကိုယ်တိုင်စပ်သည့် အေ၇ာင်အသွေးကိုမှ လိုချင်သည် ဆိုကာ စက်သမားကို အရောင်စပ်ခိုင်းကြည့်သေးသည်။ သူ ဂျီး(ကြေး)များသဖြင့် တော်တော်တန်တန်စက်သမား ဒဏ်မခံနိုင်။ မကြာခဏထွက်သွား တတ်သည်။

ထိုစဉ်က သူကလည်း သည်လောက်မျက်စိမမွဲသေး။ ကျွန်တော်ကလည်း သည်လောက်မျက်စိမမွဲသေး။ တခါတရံတွင် ကျွန်တော်တို့နှစ်ယောက် ဘတ်စ်ကားစီးပြီး တရုတ်တန်းသွား၍ ထမင်းစားကြသည်။ အများအားဖြင့်မူ ချစ်တီးကော်ဖီဆိုင်အပေါ်ထပ် ဂျာနယ်ကျော်မမလေး အိမ်မှာ ညစာ စားဖြစ်ကြသည်။

ဟင်းတွေက စုံလို့ ။ နေသမားအတွက်ဟင်းက သတ်သတ်၊ လသမားအတွက်ဟင်းက သတ်သတ်၊ ကိုဌေးမြိုင်က စနေသားဖြစ်သဖြင့် နေသမား ဓာတ်စာကိုစားရသည်။ ကျွန်တော်က ကြာသပတေးသားဖြစ်သဖြင့် လသမား ဓာတ်စာကို စားရသည်။

ကျွန်တော်ကား စကားရောဖောဖြင့် နှစ်မျိုးလုံးကို နှိက်စားတတ်လေသည်။

ကျွန်တော်တို့ တတွေရှိသည်ဟု ကြားလျှင် စာရေးဆရာ၊ကဗျာဆရာတွေလည်း ပေါက်လာတတ်ကြသည်။ ဗန်းမော်တင်အောင်၊လင်းယုန်သစ်လွင်၊ နတ်နွယ်၊တင်စိုး၊နေသွေးနီ၊ ဘာရယ်လို့ မဟုတ်။ စာရေးဆရာ ၊ကဗျာဆရာ ဆိုသည် မှာ စာအကြောင်း၊ကဗျာအကြောင်းပြောနေရလျှင် ရေကိုသောက်ပြီးပြောနိုင်သူတွေ။ ထို့ ကြောင့် ကျွန်တော်တို့ ရှိသော နေရာသို့ လာစုကြခြင်းဖြစ်သည်။

သို့ ရာတွင် ဂန္ထ၀င်ဂျာနယ်သည် သက်တမ်းမရှည်လိုက်ပါ။ဆယ့်ငါးရက်တစ်ကြိမ်သုံးပတ်ထုတ်ပြီးသည် နှင့် ရပ်ဆိုင်းသွားခဲ့သည်။ နယ်ကိုယ်စားလှယ်တွေဆီက ငွေမှန်မှန်မပို့ ။ ဂျာနယ်ကျော်မမလေး ကဆက်ထုတ်စေချင်သည်။ သူ့မှာ စက်ရှိသည်။ စာခုံရှိသည်။ ငွေကို တခြားက သူရှာစိုက်မည်။ ဆွဲမည်။ သို့ရာတွင် ကျွန်တော်တို့သည် ဂျာနယ်ကျော်မမလေး ကိုအားနာနေလေပြီ။

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

အတွေ့ထူးသူ Carla Bruni – Quelqu’un ma dit

1 Comment Add your own

  • 1. ကိုထိုက်  |  June 18, 2010 at 11:02 pm

    အခုလို ကြိုးစားပြီး ကျနော်တို့ အတွက် တင်ပေးတဲ့ မရွှေမိကို ကျေးဇူးတင်ပါတယ်။
    လည်တဆန့်ဆန့်ဖြင့် ဆက်လက် စောင့်မျှော်နေလျှက်…….
    ကိုထိုက်

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: