မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၉)

June 13, 2010 at 3:28 pm 4 comments

အားလုံးက ရင်ခွင်ထဲမှာ အမြတ်တနိုးထည့်မထားဘူး။ အားလုံးကလည်း ခြေထောက်နဲ့ ကန်မပစ်ဘူး။ ဒီတော့ ခြေထောက်နဲ့ ကန်ပစ်ချင်တဲ့လူမျိုးကို ဒီစာအုပ်ကောင်းလှပါတယ် တိုက်တွန်းယုံနဲ့ ဒီလူစိတ်ပြောင်းသွားမှာလား။ ဒီစာအုပ်မျိုးကိုမှ အမြတ်တနိုးစောင့်မျှော်နေတဲ့လူမျိုးကိုကော ဒါကောင်းတယ်လို့ ပြောစရာလိုသေးသလား။ ခင်ဗျားမပြောပေမယ့် သူကတော့ စောင့်ပြီးကြိုဆိုနေမှာပဲ။

“လူတွေဟာ အကြောင်းရှာမရတဲ့ ဒေါသတွေ၊အကျိတ်အခဲတွေရင်ထဲမှာ ကိန်းအောင်နေကြတယ်။ ဘာဖြစ်လို့ ဒေါသကြီးနေရသလဲ ။ ဘယ်သူ့ကိုစိတ်ဆိုးနေသလဲ။ ငါ့ဘ၀ဟာဘာဖြစ်လို့ ဒီလိုမှောင်နေသလဲ၊မှောင်တာဟာဘာကြောင့်လဲ၊တစ်ယောက်ကိုတစ်ယောက် ဘာအကြောင်းကြောင့်သတ်ဖြတ်ချင်နေကြသလဲ၊သူတို့ကိုယ်တိုင်ကကော ဘာဖြစ်လို့ မနာလိုဝန်တိုဖြစ်နေရသလဲ၊သူ့အိတ်ထဲကပစ္စည်းကို ငါ ဘာဖြစ်လို့ နှိုက်ယူချင်နေရတာလဲ။ “

“ဒါတွေကို ဂေါ်ကီရဲ့ စာအုပ်တွေက အဖြေပေးတယ်။ ဒါကြောင့်သူ့စာအုပ်တွေဟာအလင်းကိုရှာနေသူတွေရဲ့ မိတ်ဆွေဖြစ်နေတယ်။ ဒါပေမယ့် အလင်းရောင်ကို တွေ့မသွားစေချင်တဲ့လူတစ်စုက သူတို့ရဲ့ ကောက်ကျစ်စဉ်းလဲမှုတွေ မပေါ်ကုန်အောင် ဒါမျိုးတွေ ထွက်လာတာကို သဘောမကျဘူး၊မထွက်လာတာကိုပဲ ကြိုက်ကြလိမ့်မယ်၊

ဂေါ်ကီဟာ သူပုန်ကြီးလို့ ပြောကြလိမ့်မယ်။ သူ့စာတွေဖတ်ရင် သူပုန်ဖြစ်ကုန်ပြီလို့ ပြောကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဂေါ်ကီရဲ့ စာပေတွေဟာ ကမ္ဘာပေါ်မှာ တိမ်ကောမသွားတဲ့အပြင် ခုမှ ပိုပြီးပျံ့နှံ့လာတယ်။ အကြိမ်များစွာပြန်ပြီးရိုက်နှိပ်ထုတ်ဝေနေရတာတွေကို ကျွန်တော်တို့ တွေ့ နေရတယ်။“

“အခု ခင်ဗျားက သူ့ဝတ္ထုတွေကို ဘာသာပြန်တယ်။ ခု ခင်ဗျားဘာသာပြန်နေတဲ့စာအုပ်တွေကို အလင်းရောင်ရှာနေတဲ့လူတွေက ရင်ခွင်မှာထည့်ပြီး အပ်ထားကြလိမ့်မယ်။ အလင်းရောင်ကိုလိုက်ပိတ်နေတဲ့သူတွေက ခင်ဗျား အခု ဘာသာပြန်ထားတဲ့စာအုပ်ကို ခြေထောက်နဲ့နင်းပစ်ကြလိမ့်မယ်။ ကျွန်တော်က ကြားထဲကနေပီးတော့ ဘာဝင်ရေးပေးရဦးမလဲ။ တစ်ခုပဲပြောချင်တယ်။ ခင်ဗျားလုပ်နေတဲ့အလုပ်ကို ခင်ဗျား ယုံကြည်သလား။ ယုံကြည်ရင်နောက်မတွန့်ပဲဆက်လုပ်။ ဒီစာအုပ်ပြီးရင် နောက်စာအုပ်တစ်အုပ်ပြန်ဦး။ ဂေါ်ကီရဲ့ လက်ရာတွေကို မြန်မာပြည်မှာဖြန့်ဖြူးဖို့ အများကြီးလိုနေသေးတယ်။ အထူးသဖြင့် ကျွန်တော်တို့ တိုင်းပြည်အတွက်လိုတယ်။ တိုင်းပြည်ကစောင့်နေတယ်။ ဒါပါပဲဗျာ။“

“အဲဒါကလေးပဲရေးပေးပေါ့ဗျာ။ လုပ်ပါဦး။ ကျွန်တော်စောင့်ယူပါ့မယ်။“

ကိုမြသန်းတင့်သည် ကျွန်တော့်ထံမှ အမှာစာကိုရမှသာလျှင် ပြန်သွားတော့၏။ ကျွန်တော့စိတ်တွင်ကား လိုသည်ဟု မယူဆမိပေ။

ဂုဏ်ရောင်
၁၃၁၂ ပြာသိုလဆန်း ၅ ရက်

လုံမလေးမဂ္ဂဇင်းအယ်ဒီတာချုပ် မှတစ်ဆင့်ရောက်လာသော စာအိတ်ရှည်ကြီးပေါ်တွင် လက်ေ၇းကိုမြင်လိုက်သည်နှင့် ကိုစောဦး၏လက်ရေးမှန်း ကျွန်တော်သိလိုက်၏။

ကျွန်တော့ပထမဆုံးစာအုပ်တွင်ရေးပေးခဲ့သော သူ့လက်ရေးကို ကျွန်တော်ဘယ်မှမမှတ်မိရှိပါမည်လဲ။ ဟိုတုန်းကလည်း သူ့လက်ရေးသည် သေသေသပ်သပ်၊လပ်ရေးစောင်းစောင်းလေးတွေ ၊ယခုလည်းထိုအတိုင်းပင်။ စာအရေးကျဲသွားသောကြောင့်လက်ရေးမပျက်သေး။

ကျွန်တော်သည် သူ့စာကိုဖွင့်ဖတ်လိုက်၏။သူ့စာထဲတွင် ကျွန်တော့ဆောင်းပါးမှ အမှားများကိုထောက်ပြထားသဖြင့် ကျေးဇူးတင်ရသည်။ သူ့စာကိုဖတ်ပြီးနောက် လွန်ခဲ့သောနှစ်ပေါင်း ၄၀ တိတိက သူရေးပေးခဲ့သော ကျွန်တော့ ပထမဆုံးစာအုပ်မှ သူ့အမှာကို ကျွန်တော်ပြန် ကြည့်သည်။ သူ့အမှာသည် ယခုထိခေတ်မှီတုန်း။ မှန်နေတုန်း။ ထိုအမှာပါသည့် စာအုပ်သည် ကျွန်တော့စာအုပ်စင်ပေါ်တွင်အမြဲရှိသဖြင့် အားလျှင် ကျွန်တော်လှန်လှောကြည့်ဖြစ်သည်။ ထို့ကြောင့် ထိုအမှာနှင့် ကျွန်တော်သည် မကြာခဏဆုံဖြစ်ကြသည်။

သို့ရာတွင် လူချင်းကား အနှစ် ၄၀ အတွင်း ကောင်းကောင်းမတွေ့ဖြစ်ကြတော့။

နောက်တော့ ကိုစောဦးသည် ဂျာနယ်ကျော်မမလေး ပြောသလို သတင်းစာလောက၊စာရေးဆရာလောကကို ကျောခိုင်းသွားခဲ့ကာ တိုင်းရင်းဆေးလောကသို့ရောက်သွားသည်။ နောက်တော့သူသည် အစိုးရအရာရှိတစ်ဦး၊ပေါ်လစီညွန်ကြားရေးဝန်၊ပြန်ကြားရေးဌာန ညွန်ကြားရေးမှုး၊အာဏာရပါတီတစ်ခု၏ ဗဟိုကော်မတီဝင်တစ်ဦး၊ဌာနကြီးမှုးတစ်ယောက်။

ထိုနှစ်များအတွင်းတွင် ကျွန်တော်နှင့်ကိုစောဦးတို့သည် လမ်းမပေါ်မှာမတွေ့ဖြစ်ကြတော့။

ယခုနှစ်ပေါင်း ၄၀ တိတိ ပြည့်သည့်အချိန် တွင် ကိုစောဦးဆီမှ စာ၇ှည်ကြီးတစ်စောင်ရောက်လာသည်။ လွန်ခဲ့သောနှစ်ပေါင်း ၄၀ က ကျွန်တော်မြင်ခဲ့ရသော လက်ရေးကို ယခုပြန်မြင်လိုက်သည်။သူ့စာရှည်ကြီးထဲတွင် ကျွန်တော့ဆောင်းပါး အမှားတချို့ကို သူထောက်ပြထားသည်။ သူ့စာကို ကောက်နှုတ်ကိုးကားနိုင်ကြောင်းလည်းခွင့်ပြုထားပါသည်။

သူ့စာထဲတွင် ကိုစောဦးက ကျွန်တော့်အမှားများကို ဤသို့ ထောက်ပြထားလေသည်။

*******************************
ကိုစောဦးစာမှာ လုံမလေးမဂ္ဂဇင်းအယ်ဒီတာချုပ်ကိုလိပ်မူထားလေသည်။ သူ့စာထဲတွင် ကျွန်တော့ဆောင်းပါးထဲတွင်ပါသည့် အမှားများကိုထောက်ပြထားလေသည်။ ကျွန်တော်သည် သူ့စာကို ဆုံးအောင်ဖတ်ကြည့်ပြီးနောက် ကျွန်တော့်ဆောင်းပါးကိုထပ်ဖတ်ကြည့်၏။ ဟုတ်သားပဲ။ ရေးလိုက်တုန်းက သူထောက်ပြသည့်အချက်ကို ကျွန်တော်ဇဝေဇ၀ါဖြစ်လိုက်သေးသည်။ ကိုယ်ရေးလိုက်သည့် အချက်မှန်မှမှန်ပါ့မလားဟု သံသယ၀င်လိုက်မိသေးသည်။ သို့ရာတွင် ကျွန်တော့်အနီးတွင် ကိုးကားစရာစာအုပ်ကိုချက်ချင်းရှာမတွေ့။ ဂျာနယ်ကျော်မမလေး၏ သူလိုလူ စာအုပ် ကျွန်တော့်တွင် နှစ်အုပ်တောင်ရှိသည်။ ထိုစာအုပ်ထဲတွင်ရှာကြည့်ဖို့စိတ်ကူးရသဖြင့် ထိုစာအုပ်ကိုလိုက်ရှာသည်။ သို့ ရာတွင် ကျွန်တော့စာအုပ်စင်ပေါ်တွင် တစ်အုပ်မှမရှိတော့။ ဂျာနယ်ကျော်မမလေး ကွယ်လွန်စက ကိုအောင်ဇေယျ နှင့် မောင်သိန်းတန်တို့ကာ ကျွန်တော့်ထံမှ ဆောင်းပါးတောင်းသဖြင့် သူလိုလူ စာအုပ်ကို ကျွန်တော် တောင်းခဲ့သည်။ အချက်အလက် မသေချာလျှင် လှန်လှောကြည့်ရှုရန်ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံးထံမှ သူလိုလူစာအုပ်တောင်းလိုက်ရာ နှစ်ရောက်လုံးကပင် တစ်အုပ်စီကြုံသလိုဝင်ပေးသွားခဲ့ကြသည်။ သို့ဖြင့် ကျွန်တော့်တွင် သူလိုလူ နောက်ဆုံးပုံနှိပ်ခြင်း နှစ်အုပ်တောင်ရှိနေသည်။ သို့ရာတွင် ယခုကျွန်တော့ထံတွင် တစ်အုပ်မှမရှိတော့ ။ တစ်အုပ်က အမျိုးသမီးမိတ်ဆွေတစ်ယောက်ကို ငှားလိုက်သည်။ တစ်အုပ်ကတော့ ဘယ်ပျောက်သွားမှန်းမသိလိုက်တော့။

ကိုစောဦး၏ စာကိုဖတ်ရတော့မှ ကျွန်တော့်ဆောင်းပါးကိုရော၊သူလိုလူစာအုပ်ကိုရော၊ ပြန်ပြီးရှာဖတ်ကြည့်ရသည်။ ကျွန်တော်သံသယဖြစ်ခဲ့သည့်အတိုင်း ထိုအချက်မှာမှားနေကြောင်းတွေ့ရသည်။ မှားနေသောအချက်ကိုပြင်ပေးလိုက်သဖြင့် ကိုစောဦးကို ကျေးဇူးတင်ရပါသည်။

ကိုစောဦးက သူ့စာကို ကောက်နုတ်ကိုးကားခွင့်ပြုထားသဖြင့် သူ့စာကို အောက်တွင်ဖော်ပြထားပါသည်။

“ကိုမြသန်း၏ ဆောင်းပါးသည် မြန်မာ့စာနယ်ဇင်းသမိုင်းကိုလေ့လာစုဆောင်းနေသူများရှိပါက တိကျမှန်ကန်သောအထောက်အထား၊ အကိုးအကားတစ်ခုဖြစ်ပါစေခြင်းငှာ ကျွန်တော့်အနေဖြင့်ကူညီခြင်းဖြစ်သည်ဟု ယုံကြည်ဖို့ဖြစ်ပါသည် ခင်ဗျား“

Entry filed under: ဂျာနယ်ကျော်မမလေး, မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး. Tags: .

မြန်မာ့ပါရီရေမွှေး ခန်းခြောက်ပျောက်လွင့်သွားသည့် ည (၃) မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး ( ၁၀)

4 Comments Add your own

  • 1. S-C  |  June 17, 2010 at 12:22 am

    “ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး”ကို ဖတ်သွားပါတယ်။ ကျေးဇူးတင်ပါတယ်။
    – ဧရာ

    Reply
  • 2. Rita  |  June 14, 2010 at 11:21 pm

    ကျေးဇူးပါပဲ အစ်မ။

    Reply
  • 3. Rita  |  June 14, 2010 at 10:13 pm

    အစ်မ မရွှေမိ

    ဒီ post က ဂျာနယ်ကျော် ကိုစောဦးရဲ့ စာပိုဒ်နှစ်ပိုဒ်ကို ယူသုံးချင်ပါတယ် အစ်မ။

    Reply
    • 4. mashwemi  |  June 14, 2010 at 10:40 pm

      ယူသုံးနိုင်ပါတယ် မရီတာ။ မရွှေမိက စာရိုက်တင်ပေးတဲ့သူပါပဲ။ စာဖတ်သူတွေအားလုံး ကြိုက်သလို ကိုးကားလို့ ရပါတယ်။

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: