မြန်မာ့ပါရီရေမွှေး ခန်းခြောက်ပျောက်လွင့်သွားသည့် ည (အပိုင်း ၂)

June 10, 2010 at 10:05 am Leave a comment

အာရှတော်ဝင်ဆေးခန်းအောက်ထပ် ကားထားရာနေရာတွင် ကိုမောင်မောင်လေးတို့ ကားကို လှမ်းမြင်လိုက်သည်။ ကျွန်တော်တို့ အ၀င် ခင်စောဦးက လျှောက်လာပြီး “အန်တီလေးဆုံးသွားပြီ “တဲ့။ ဗြုန်းကနဲ အားလုံးဆိတ်သုဉ်းရပ်တန့်သွားသလိုဖြစ်ပြီးမှ ဒိုင်းကနဲပေါက်ကွဲလိုက်သည့် အလား ကျွန်တော့်ရင်ထဲတွင် လှိုင်းထလာသည်။ လိပ်တက်လာသောဝေဒနာကို မနည်းဖိသိပ်ထားရသည်။ သမီးက ကျွန်တော့်လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားလျှက်။ လေးလံလာသည့်ခြေလှမ်းတွေဖြင့် ကိုမောင်မောင်လေးတို့ ကားဆီသို့ ရောက်သွားသည်။

“ဖြစ်မှဖြစ်ရလေ……မမလေးရယ်..“ ကျွန်တော့နှုတ်မှ အန်ထွက်သွားသည်။

ကားအနောက်ခန်းတွင် ခင်းထားသော ခေါက်ကုတင်ပေါ်မှာ မလှုပ်မယှက်နှင့် အစ်မ။ ဘေးတွင်အော်ဟစ်ငိုယိုနေသူမှာ ဆင့်ဆင့်။ မျက်နှာညိုးငယ်နေသူက မြင့်မြင့်။ (အစ်မအိမ်မှ လိုက်ပါလာသူနှစ်ဦး)ကျွန်တော်သည် ကားပေါ်သို့တက်ပြီး ဘေးတွင်ထိုင်လိုက်ကာ အစ်မလက်တွေကို ဖမ်းဆုတ်လိုက်သည်။ လက်တွေက ပူပူနွေးနွေးပျော့ပျော့ပြောင်းပြောင်း။

ဆွယ်တာအကျီအဖြူ၊ပါတိတ်ဘီညိုပြာရောင်၊ခြေအိတ်မီးခိုးရောင်နှင့် အစ်မသည် “ထိုင်ရတာညောင်းလို့ အိပ်လိုက်လာတာပါကွယ်“ ဟုဆိုနေသည့် အလား အေးအေးလူလူအသွင်ဖြင့်။ လွန်ခဲ့သည့်နှစ်ရက် ကမှ လှုပ်လှုပ်ရှားရှားတွေ့ မြင်ခဲ့သေးသော အစ်မ။ ယခုတော့ ရပ်သွားသော စက်တစ်ခုလို။ ကျွန်တော်ကသာ အစ်မလက်တွေကို ဆုပ်နယ်လျက်“ ဖြစ်မှဖြစ်ရလေ…မမလေးရယ်“ ဟု တသွင်သွင်ပြောနေမိသည်။

“ဒီကဆရာဝန်တွေ စမ်းသပ်ကြည့်တယ်။ အသက်မရှိတော့ဘူးတဲ့။ အိမ်ကအထွက်ကားပေါ်တက်တော့ ကားပေါ်ရောက်ပြီလားလို့ အန်တီလေးကမေးသေးတယ်။ မြန်မြန်ရောက်အောင် ပြည်သာယာလမ်းကနေ မောင်းလာတာ။ အဒေါ့်အိမ်ရှေ့ (ကျွန်တော့မိခင်နောက်ဆုံးနေသွားသော အိမ်ရှေ့) အလွန်ရောက်တော့ နောက်ကမှန်ကိုတံခါးခေါက်သံကြားလို့ကားရပ်လိုက်တယ်။ လုပ်ပါဦး စကားမေးမရတော့ဘူးလို့ ဆင့်ဆင့်ကပြောတော့ ကျွန်တော် အန်တီလေးကိုကြည့်လိုက်တယ်။မရတော့ဘူးထင်လိုက်တယ်။ ဘာဆက်လုပ်ရမှန်းမသိဘူး။ အိမ်ပြန်သွားရမလား၊ဆေးရုံသွားရမလားမသိဘူး။ အပ်ထားတဲ့ရောဂါကဆေးရုံမှာမို့ ဆေးရုံကိုပဲတန်းမောင်းဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။“

ကိုမောင်မောင်လေး ရှင်းပြနေသော စကားများကိုကြားနေရပါသည်။ တူမခင်စောဦးကပါ ၀င်ပြောပါသည်။ သူတို့ မောင်နှံမှာ ပရဟိတ မောင်နှံခေါ်ထိုက်ပါ၏။ ဆွေမျိုးရေးရာကိစ္စများတွင် အကူအညီတောင်းတောင်း မတောင်းတောင်း လက်မနှေးသူများ။ အစ်မတစ်ယောက် သူတို့ ကားပေါ်တွင် အသက်ထွက်ခဲ့။ အလှုအတန်း ခရီးအသွားအလာများတွင် ကားကြုံလိုက်ပို့တတ်သည့် သူတို့ ကားသည် အစ်မကိုနောက်ဆုံးခရီးပို့ခဲ့သည့် ကားပါလား။ အစ်မနောက်ဆုံးတွေ့ သွားရသော ဆွေမျိုးများပါလား။

“မမလေးရယ်……အိမ်ဟောင်းလည်းမဟုတ် အိမ်သစ်လည်းမဟုတ်…လမ်းမှာတင် ဆုံးသွားပါလား။ မေမေ့အိမ်နားမှာ ဆုံးသွားပါလား။“

တစ်ဦးတည်းသော အစ်မ ဆုံးရှုံးသွားမှုကြောင့် ကြေကွဲရသည့် ခံစားမှုများကို ကုစားပေးမည့် အသိသည် ဝေဒနာများကို ဖယ်ရှားဖို့ တဖြည်းဖြည်းပေါ်လာ၏။ အိမ်သစ်ပြောင်းဖို့ ပြင်ဆင်ပြီးကာမှ ရက်ပိုင်းလေးတွင် ရုတ်တရက် အသက်ပျောက်သွားတာ မမြဲ ဆင်းရဲ အစိုးမရ ဓမ္မတွေကို ထင်ထင်ရှားရှားပြလိုက်တာမဟုတ်လား“ “မမလေးရေ…..အသက်နဲ့ လဲပြီး အားလုံးကိုတရားပြလိုက်တာလား“ ကျွန်တော်သည် အစ်မကိုကြည့်ပြီး သံဝေဂ ရလိုက်ပါ၏။ သောကနှင့် သံဝေဂ တို့ တစ်လှည့်စီ ဦးနှောက်နှင့် နှလုံးသားဝယ်ယှက်နွယ်နေပါသည်။ မရှေးမနှောင်းပင် မောင်သိမ်းစိုး ရောက်လာသည်။ သူ့ မျက်နှာ ညိုမှောင်သွား၏။ မမလေး ဆုံးသွားပြီဖြစ်ကြောင်း ဦးလေးဆီသူဖုန်းဆက်၊သမီးဟိန်းဟိန်းမြတ်က မိခင်ဖြစ်သူနှင့် လမ်းမတော်မှ အမျိုးများဆီ ဖုန်းဆက်…ထပ်ဆင့်ဖုန်းသံများသည် “ဒေါ်ခင်လေးမြင့်တစ်ယောက် အသက်ပျောက်သွားပြီဖြစ်ကြောင်း“သတင်းကို အမှောင်ဖောက်ထွင်းပြီး ဝေးရာနီးရာသို့ ပို့လိုက်ကြပါသည်။

၁၉၈၂ ဧပြီ လ ၆ ရက်နေ့ မနက် ၆ နာရီ ၄၅ မိနစ်တွင် မိခင် ဂျာနယ်ကျော်မမလေး ဆုံးခဲ့ပါသည်။ နိုင်ငံခြားထုတ် New Orient 5 စာစောင်တွင်A dawn that went astray (ကစဥ့်ကလျားသွေဖည်သွားသော အာရုဏ် တစ်မနက်) ဟုသတင်းခေါင်းစဉ်တပ်ထားရာ ယခု သမီးဖြစ်သူ စာရေးဆရာ၊ပြင်သစ်စာ ပါမောက္ခဒေါက်တာ ခင်လေးမြင့် ညဦးယံမှာဆုံးသွားသည်မို့ မည်သို့ခေါင်းစဉ်တပ်မည်နည်။ A dusk that shattered hopes (မျှော်လင့်ချက်တွေ ဖြိုဖျက်လိုက်သည့် ဆည်းဆာ) ဟုဆိုရမည်လား။

Entry filed under: ဂျာနယ်ကျော်မမလေး. Tags: .

မြန်မာ့ပါရီရေမွှေး ခန်းခြောက်ပျောက်လွင့်သွားသည့် ည မြန်မာ့ပါရီရေမွှေး ခန်းခြောက်ပျောက်လွင့်သွားသည့် ည (၃)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: