မြန်မာ့ပါရီရေမွှေး ခန်းခြောက်ပျောက်လွင့်သွားသည့် ည

June 9, 2010 at 9:28 pm Leave a comment

မြသန်းတင့် ကျွန်တော်နှင့်ဂျာနယ်ကျော်မမလေး ကို မရိုက်တင်ဖြစ်သေးခင်မှာ ဂျာနယ်ကျော်မမလေးရဲ့ တစ်ဦးတည်းသောသမီး ပြင်သစ်စာ ပါမောက္ခဒေါက်တာခင်လေးမြင့် ကွယ်လွန်သွားတာ ဇွန် ၂၆ မှာ သုံးနှစ်ပြည့်ပြီဖြစ်တဲ့အတွက် နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ ဆရာမကြီးရဲ့ မောင်ဖြစ်သူ ဦးမိုးဟိန်း(သားဂျာနယ်ကျော်) မှ ကလျာမဂ္ဂဇင်း အောက်တိုဘာ ၂၀၀၇ မှာရေးထားတဲ့ ဆရာမကြီးအကြောင်းဆောင်းပါးလေးကို အမှတ်တရပြန်ရိုက်တင်လိုက်ပါတယ်။
****************************
မြန်မာ့ပါရီရေမွှေး ခန်းခြောက်ပျောက်လွင့်သွားသည့် ည အပိုင်း ၁

မိုးဟိန်း (သားဂျာနယ်ကျော်)

၂၆-၆-၂၀၀၇

အလင်းပျောက်၍ အမှောင်ရောက်သည့် အချိန်။
“မလေးမြင့်ကို မောင်မောင်လေးတို့ကားနဲ့ အာရှတော်ဝင်ဆေးခန်းကို ပို့ နေပြီ။ စကားမေးမရတော့ဘူး။ စိုးရိမ်ရတယ်“

ဦးလေး ဦးအောင်ဇေယျ၏ ဖုန်းထဲမှစကားသံ။

ကျွန်တော့်ရင်ထဲ ဒိတ်ကနဲ ဖြစ်သွားပါသည်. ချက်ချင်းဆိုသလို။ ၂၄-၆-၂၀၀၇ တနင်္ဂနွေနေ့ နံနက်ခင်းက မြင်ကွင်းကို ပြေးမြင်မိလိုက်ပါသည်။ သင်္ကန်းကျွန်း အပိုင်း လေး စိတ္တသုခလမ်း ရှိ အစ်မ၏ နေအိမ်။

“တို့နောက်လ ၄ ရက်နေ့မှာ အိမ်သစ်ပြောင်းတော့မယ်။ ဟိုမှာပြင်ဆင်စရာတွေပြင်နေပြီး အဆင်သင့်တက်နေရုံပဲ“ အောင်ထပ်ရှိ ထမင်းစားခန်း၊ဧည့်ခန်း၊စာသင်ခန်းနှင့်အပေါ်ထပ် အခန်းမှာပါ ပစ္စည်းတွေထုပ်ပိုးထားသည်မှာအပြည့်။ အရင်အပတ်တွေကတည်းက စီစဉ်ထားခြင်း။ ကျွန်တော်သည် အစ်မကိုကြည့်ပြီး “ဒါဆိုရင် ဘယ်နှစ်အိမ်မြောက်လည်း“ဟုစိတ်ထဲမှာတွက်ကြည့်မိသည်။ အမေဆုံးပြီးနောက် တစ်အိမ်ပြီးတစ်အိမ် အစ်မ ပြောင်းခဲ့ပါ့။ သို့ပေမယ့် နှစ်တိုတိုသာနေခဲ့။ သင်္ကန်းကျွန်းအိမ်ကျမှ နှစ်အတော်ကြာသွားသည်။ အမေ့တုန်းကလည်း အိမ်ပေါင်းများစွာပြောင်းခဲ့ပါသည်။ ပြောင်းသည့်အိမ်တိုင်းမှာသပ်ယပ်လှပအောင် ဂရုစိုက်ပုံမှာလည်းအမေနှင့် တူပြန်။ “ခုတခါပြောင်းမယ့် အိမ်ကတော့ နောက်ဆုံးလား“လို့ ကျွန်တော်တွေးနေမိသည်။

“ဒီမှာနေချင်တာပေါ့ကွယ်။ ဒါပေမယ့် ကိုယ့်ကျန်းမာရေးအတွက်ရောင်းရတာ။ တစ်နေ့ တစ်နေ့ ဆေးဖိုးကနည်းတာမှမဟုတ်တာ။တစ်လကို ဆေးဖိုးအနည်းဆုံးနှစ်သိန်း။ မရောင်းလို့ ဘယ်ဖြစ်မလဲ။ ဆေးအသက်ပဲရှိတော့တယ်။“ မကြာမကြာ အစ်မပြောသည့်စကား။

သွေးတိုး၊နှလုံး၊ဆီးချို၊နားလေး၊မျက်စိမှုန်အပြင် ကျောက်ကပ်ပါဆေးရတော့မည့် အခြေအနေရောက်လာပါသည်။ လွန်ခဲ့သည့်နှစ်များက နှလုံးရောဂါကြောင့် ပုဂ္ဂလိကဆေးခန်းကြီးနှစ်ခုသို့ အပြေးအလွှားနှစ်ကြိမ်တင်ခဲ့ရသည်။ အဆို့ရှင်များပျက်စီးလာပြီမို့ အသက်အန္တရာယ် နီးကပ်နေပါ့။ အားလုံးက အစ်မ အတွက် ပူပန်နေရ။ စာပြ၊စာရေး နှင့်သူရှာဖွေခဲ့သည့်ငွေကြေးများနှင့် ဆွေမျိုးများ၏ အကူအညီဖြင့် တောင်နှစ်တောင်ကျော်နိုင်ခဲ့ပါသည်။ မကျန်းမာစဉ် ကုသခနှင့်ဆေးဖိုးဝါးခ သိန်းငါးဆယ်ခန့် ကုန်ကျခဲ့ပေမယ့် သက်သာရုံသာ။ ရောဂါက ဖယ်မသွားပဲနောက်ဆုပ်ပြီးလျှိုနေပါ့။ ဆက်၍ဆက်၍ ရောဂါကို ငွေနှင့်တွန်းထားသည့်ကြားမှ ရောဂါက တပ်ကူခေါ်ကာ ကျောက်ကပ်တွေကို တိုက်ခိုက်ပါတော့သည်။ အစ်မ ဆေးရုံတက်ရပြန်သည်။ ကျောက်ကပ်ကိုအမြဲ ဆေးသွားရမှာမို့ လက်မှာအကြောဖွပြီး အထုံးလုပ်ထားသေး။ ဤမျှရောဂါတွေဝိုင်းနေသည့်ကြားမှ အပြုံးမပျက်၊ အသံမတိုး။

“အိမ်သစ်ရောက်ပြီးရင် မျက်စိခွဲမယ်။ မျက်စိဆေးရုံကြီးမှာ အခန်းစီစဉ်ပြီးသား။ နောက်တော့ ကျောက်ကပ်ဆေးမယ်။ ဆေးရုံတစ်ရုံပြီး တစ်ရုံပေါ့ကွာ။“

တက်တက်ကြွကြွ ရယ်ရယ်မောမောပြောနေလိုက်ပုံမှာ ပျော်ပွဲစားသွားတောမ့လို။ အစ်မသည် ချူခြာသလောက် စိတ်ဓာတ်မာကျောလိုက်ပါဘိ။ မျက်နှာလန်းဆန်းပြီး အသံမာမာမို့ နေကောင်းပုံပဲဟု ကျွန်တော်စိတ်သက်သာမိပါ့။

““မမလေး တို့လည်း နှစ်ကုန်လောက်မှာ ပြင်ဦးလွင်သွားတော့မယ်။ ပရဟိတဖွင့်မလို့။ တစ်ပိုင်တစ်နိုင်ပေါ့ မမလေးရာ…“

မောင်နှမနှစ်ယောက် ရှေးအစီအစဉ်တွေ ပြောဖြစ်ကြသည်။ သူက အိမ်ရောင်းပြီးလျှင် ဗုဒ္ဓဂါယာမြေအလှု၊ပြင်သစ်ဓမ္မဗိမ္နာန်အဆောက်အဦး၊ ပိဋကတ်သုံးပုံနှင့် မဟာမြတ်မုနိဘုရားကြီးအတွက် အသီးသီးအလှုများပြုလုပ်သွားမည့်အကြောင်းပြောပြပါသည်။ ဒါ့အပြင် အသက် ၇၀ ပြည့်ပြီးလျှင် ယောဂီဝတ်တော့မည်ဖြစ်ကြောင်း ထပ်လောင်းပြောဆိုသေး။

မကြာခင်မှာရောက်လာသည့်တပည့်မကို စာပြပါသည်။ ကန့်လန့်ကာသာခြားထားမည်ဆိုပါက ပြင်သစ်အမျိုးသမီးတစ်ဦး စကားပြောနေသည် ထင်ရပါ့။ ပါးစပ်အတွင်းဓာတ်စက်ထည့်ပြီးဖွင့်လိုက်သလို ရွှီရွှီရွှမ်ရွှမ် ဂီတဆံဆံ အသံများထွက်လာပါသည်။ ကျွန်တော်က အစ်မကို ပြင်သစ်မကြီး ဟုချစ်စနိုးခေါ်တတ်ပါသည်။

ကျွန်တော့်အစ်မ ပြင်သစ်မကြီးကို မြန်မာ့ပါရီရေမွှေး ဟုဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြခဲ့ပါသည်။ ရုံးကထွက်ပြီးနောက်ပိုင်း အငြိမ်းစားပြင်သစ် ပါမောက္ခတစ်ယောက်အနေနှင့် ပြင်သစ်စာပြ၊ပြင်သစ်စာတွေရေးနှင့် အလုပ်နှင့်လက် မပြတ်သူ၊မိခင်ဂျာနယ်ကျော်မမလေး ရေးသည့် “မုန်း၍မဟူ“၀တ္ထုကြီးနှင့် “သွေး”ကိုပြင်သစ်လိုပြန်ဆိုခဲ့။ မိခင်၏ စိတ် ၀တ္ထုနှင့် ၀တ္ထုတိုပေါင်းချုပ်တို့ကိုပါ ပြန်ဆိုနေကြောင်း၊ အဘယ်အဆင့်သို့ရောက်သွားပြီဖြစ်ကြောင်း ကျွန်တော်သွားတိုင်းပြောပါသည်။ မောင်နှမ နှစ်ယောက် အနက် မိဘ၏ စာပေကို ကိုယ်တတ်သည့်ပညာနှင့် ပြန်ဆိုနိုင်သူမှာ အစ်မပင်ဖြစ်၏။ “မင်းသားလေး“ “နှစ်ဆယ်ရာစုပြင်သစ်ခေတ်ပေါ်ဝတ္ထုတိုများ “ပြင်သစ်သဒ္ဒါစာအုပ်၊ပြင်သစ်စကားပြောကြရအောင်၊“အိပ်မက်ဆန်သောဘ၀“ “My grammar“ စာအုပ်များအပြင် မဂ္ဂဇင်းများတွင် ဆောင်းပါးတွေရေးခဲ့ပါသည်။ ပြင်သစ်စာပေတွင် ထူးချွန်ယုံမက ပြင်သစ်စာသင်ကြားမှုထူးချွန်သည့်အတွက် ပြင်သစ်အစိုးရက အစ်မကို “Chevalier des palmes academiques “ သင်ြ့ကားမှုဆိုင်ရာ ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်ခဲ့။ ပြင်သစ်နိုင်ငံတွင် ပညာသင်ကြားစဉ်က သင်ကြားမှုဆိုင်ရာဒီပလိုမာ ၁၃ ခုရခဲ့ပါသေး။

ကျန်းမာရေးမကောင်းပေမယ့် ပညာစေတနာတွေအားကောင်းသော အစ်မကို ကြည့်ပြီးပီတိဖြစ်ရပါသည်။ ယခုလို တပည့်တယောက်ကိုစာသင် နေပုံမှာ ခန်းမထဲက လူတရာကို ပြနေသည့်ပုံ။ အသံကျယ်ကျယ်မင်မှောင်း အပြည့်ဖြင့်။ ကျွန်တော်ပင်သူ့တပည့်လေးလိုဖြစ်သွားပါသည်။ အားမရှိပေမယ့် အားရှိစရာ အစ်မပါလား။

“မပြောင်းခင်လာဦးနော်“ ကျွန်တော့်ဘက်လှည့်ပြီး ပြောသည်။

“ဟုတ်ကဲ့………လာပါ့မယ်“

ကျွန်တော်က နေရာမှထမည်အလုပ်တွင် ကျွန်တော့်လက်ထဲ တစ်ထောင်တန် သုံးရွက်ထည့်လိုက်သည်။ သူလုပ်နေကျအလုပ်။ ဘယ်လိုမှငြင်းလို့မရ။ ပြန်ချထားလျှင်ကောက်ပြီးလက်ထဲဇွတ်ထည့်သည်။ လက်ဖက်ရည်ဖိုး၊ဆိုက်ကားဖို့း၊ မုန့်ဖိုး ခေါင်းစဉ်တပ်ပြီးပေးပါ တော့သည်။ စိတ်ချမ်းသာပါစေ ဟုယူခဲ့ရသည်ချည်း။ ထို့ ကြောင့် သူကုန်ကျမည်စိုး၍ အစ်မအိမ်သို့ အကြာကြီးကြာမှကျွန်တော်သွားသည်။ မရောက်တာကြာလျှင် မင်းနှယ် ပျောက်ချက်သားကောင်းလှချည်လား၊ခရီးသွားနေတာလား “ ဟုပြောပါ့။ နောက်တစ်ချက်ရှိပါသေးသည်။ သူ့အိမ်သွားတိုင်း အစ်မက တပည့်တွေကို “ဒါ..ဆရာမ မောင်လေး၊ဆရာမတို့က နှစ်ယောက်တည်းရှိတော့တယ်။ အရင်းဆိုလို့ ဒီမောင်လေး တစ်ယောက်ပဲ ကျန်တယ်။ “

၂၄ ရက်နေ့ကသွားခဲ့သော မြင်ကွင်းသည် တီဗီမှန်သားပြင်မှာလို ကျွန်တော့ရင်ထဲ တွင် ပုံရိပ်များ အသံများအဖြစ်ပြန်လည်လှုပ်ရှားရိုက်ခတ်လာ သည်။ ကျွန်တော့ အထက် ကွယ်လွန်သူကိုသိန်းတန်၏ သားဖြစ်သူ မောင်သိမ်းစိုး ကို ဖုန်းဆက်လိုက်ပါသည်။

“ဦးလေးဆီက ဖုန်းလာတယ်။ မမလေး အာရှတော်ဝင်ကို သွားနေပြီ။ ကိုမောင်မောင်လေး ခင်စောဦးတို့ ကားနဲ့ ။ စကားမေးမရတော့ဘူးတဲ့။“

မောင်သိမ်းစိုးကချက်ချင်းလိုက်လာမည်ပြောသည်။ သမီးဟိန်းဟိန်းမြတ်နှင့် သမက် မောင်ဗထူးချစ်တို့ က သူတို့ကားနှင့် ကျွန်တော့ကိုခေါ်သွားဖို့ ပြင်သည်။ အသက် ၈၀ ကျော်ဦးလေးကတော့ သတင်းသာပေးနိုင်ပြီး ချက်ချင်းလိုက်ဖို့ မလွယ်ပါ။

““မမလေးရေ …နှစ်တောင်တော့ ကျော်နိုင်ခဲ့ပြီ။ ဒီတောင်ကိုလည်း မမလေး ကျော်နိုင်ပါစေ“ ဟုဆုတောင်းနေမိသည်။ ဆန္ဒက တင်းထားပေမယ့် စိတ်သံပတ်ခွေက လျော့လျော့သွားသလို။ မကြာခင်ကမှ နှလုံးခွဲထားသော မောင်ဗထူးချစ်က ကားကို မှန်မှန်လေးမောင်းနေသည်။ လမ်းတလျှောက် ကားမီး ဓာတ်တိုင်မီးများ လင်းနေပေမယ့် ကျွန်တော့ရင်ထဲမှာ မှောင်ပိန်းနေတုန်း။ သြော် …မမလေး …မမလေး။

Entry filed under: ဂျာနယ်ကျော်မမလေး. Tags: .

သဲငွေသောင် မြန်မာ့ပါရီရေမွှေး ခန်းခြောက်ပျောက်လွင့်သွားသည့် ည (အပိုင်း ၂)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: