လွမ်းလို့ မက်တဲ့ အိပ်မက်

May 8, 2010 at 1:21 am 2 comments

မနေ့ညက ကျွန်မ အိပ်မက်မက်သည်။

မကြာခဏမက်လေ့ရှိသောအိပ်မက်မျိုးပါပဲ။ တစ်လကို အနည်းဆုံး နှစ်ခါလောက်တော့ မက်လေ့ရှိတယ်ထင်သည်။ အိပ်မက်ထဲတွင် ကျွန်မချစ်သောဇာတိမြို့လေးရဲ့ တောင်တစ်တောင်ပေါ်တွင်ရှိသော ဘုန်းကြီးကျောင်းတစ်ကျောင်းကိုသွားနေကြသည်တဲ့။ အဘွား၊အမေတို့နဲ့ စကားတွေပြောပြီး တောလမ်းလေး အတိုင်း လမ်းတွေလျှောက်နေသည်။ ဘုန်းကြီးကျောင်းကိုတော့ မရောက်လိုက်ပါ။ လမ်းလျှောက်နေရာကနေ အမျိုးအိမ်တစ်အိမ်ရောက်သွားသည်။ ကပေါက်တိကပေါက်ချာမက်နေသော အိပ်မက်သည် စကားတွေဖောင်ဖောင်ပြောပြီး မုန်ညင်းပေါင်း၊ ခေါက်ဆွဲ၊မြီးရှည်၊၀က်သားချဉ် စသည့် အစားစုံရောင်းသောညဈေးတန်းမှာ အဆုံးသတ်သွားခဲ့သည်။

ကျွန်မ၏အိပ်မက်တွေမှာ ဆောင်းရာသီမရှိသောဒေသမှာနေပြီး မက်ပေမယ့် ဆောင်းတွင်းအိပ်မက်လိုပဲ ကယောက်ကယက်ဖြစ်နေတတ်သည်။ ဘာအကြောင်းအရာရယ်လို့လည်း ရေရေရာရာမရှိပါ။ ကျွန်မ၏အိပ်မက်တွေကိုနိမိတ်ကောက်စရာလည်းမလိုပါ။ တကယ်တော့ ကျွန်မ၏ အိပ်မက်များသည် ကျွန်မအတွက် စိတ်ဖြေစရာအိပ်မက်များသာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်မမက်သမျှ အိပ်မက်တိုင်းလိုလိုသည် လွမ်းလို့ မက်ရသော အိပ်မက်များသာဖြစ်နေသောကြောင့်တည်း။ အနည်းဆုံးတော့ ကျွန်မလွမ်းနေသော နေရာများ၊လူများ၊ အစားအစာများ၊ ဖြစ်ရပ်များအားလုံးကို အိပ်မက်ထဲမှာ တွေ့ ကြုံခံစားလိုက်နိုင်သည်။ ထို့ ကြောင့် ကျွန်မ အိပ်မက်များကိုချစ်ပါသည်။

တစ်ခါတစ်လေ အိပ်မက်မှနိုးလာသည့်အခါ ကိုယ်မက်သောအိပ်မက်များကို သဘောကျပြီး ပြန်တွေးရင်း အတွေးနယ်ချဲ့ လို့ ပိုသတိရသွားမိတာ မျိုးလည်းရှိသည်။ စိတ်သွားတိုင်းသာ ကိုယ်ပါရာမည်ဆို ကျွန်မ၏ ခန္ဓာကိုယ်သည် အခုရှိနေသောနေရာမှာမရှိတော့ပဲ မြန်မာပြည်အနှံ့တွင်သာ လှည့်လည်ကျက်စားနေတော့မည်ထင်သည်။

အခုတလောမှာတော့ Facebook မှာ မြို့ကလေးကိုချစ်သူတွေ က တင်ထားကြသော ဓာတ်ပုံများကို ကြည့်ပြီး ကျွန်မရဲ့ အလွမ်းကပိုသည်း လာသည်။

ကြည့်ပါဦး။ တောင်တန်းတွေပတ်လည်ဝိုင်းထားတဲ့ ကြားမှာ ဒယ်အိုးပုံလေးလိုဖြစ်နေတဲ့ မြို့ကလေး၊ တစ်ချို့ပုံတွေမှာတော့ ပြာလွင်တောက်ပနေသော ကောင်းကင်ကြီး ၊တောင်တန်းစိမ်း တွေ ကြားမှာ မြို့ကလေး က အေးအေးချမ်းချမ်း။ တချို့ပုံတွေမှာ ဆို တောင်နေကြာတွေဖုံးနေတဲ့ တောင်တန်း ကြီးတွေကို တွေ့ရမည်။ တစ်ချို့ပုံတွေမှာတော့ တောင်တွေပေါ်က ထုံးဖြူဖြူဘုရား၊ ရွှေရောင်ဝင်း နေသောဘုရားများ၊ကထိန်ပွဲ၊အလှုပွဲမြင်ကွင်း၊ မြင်တွေ့နေကြ အလယ်တန်း၊အထက်တန်းကျောင်းရှေ့ က လမ်းမများ၊ ဈေးနေ့မြင်ကွင်း၊ အို နောက်ဆုံး ကိုယ့်အိမ်ထိပ်ကလမ်းကလေးနဲ့ အုတ်ခုံလေး ကိုတောင် ဓာတ်ပုံထဲမှာ မြင်ရတာ လွမ်းစရာကောင်းလှသည်။


တကယ်တော့ ဒီမြင်ကွင်းတွေ၊ဒီရှုခင်းတွေကြားမှာ ဆယ်စုနှစ် နှစ်ခုစာနီးနီးကျင်လည်ခဲ့ပြီးပြီ။

စက်ဘီးတစ်စီးနဲ့ တစ်မြို့လုံးကိုပတ်ကာလျှောက်သွားလေ့ရှိသော၊ တွေ့ သမျှဆိုင်တိုင်းမှာ မုန့်စားဖို့သာ သိတဲ့ဆယ်ကျော်သက် အရွယ်တုန်းက တော့ ဒီလိုရှုခင်း၊မြင်ကွင်းတွေကို တကူးတက ခံစားမိလေ့မရှိ။ နွေရာသီ ရန်ကုန်ကိုအလည်သွားပြီပြန်လာလျှင်တောင် ရန်ကုန်မှာ ပဲနေချင်တယ် ဆိုတာမျိုးကို တစ်လလောက် ပြောနေတတ်သည်။

ကိုးတန်း၊ဆယ်တန်း အရွယ်မှာတော့ စာသင်ခန်းထဲမှ လှမ်းမြင်နေရသော တောင်တန်းကြီးတွေကိုလှမ်းကြည့်ပြီး ရည်မှန်းချက်လေး တွေက လည်းကြီးတတ်ခါစဆယ်ကျော်သက်အရွယ်၏ တက်ကြွခြင်း၊ မျှော်လင့်ခြင်းများစွာဖြင့် တစ်နေ့မှာ ဒီတောင်တန်းတွေကိုကျော်ပြီး ငါပျံသန်းနိုင် ရမယ် ဘာညာ ဖြင့် ကြီးကြီးကျယ်ကျယ်တွေ တွေးမိနေတတ်သည်။ (ဒါတောင် အဲဒီတုန်းက ဂျူးရဲ့ စောင့်နေမယ်လို့ မပြောလိုက်ဘူး ၀တ္ထုတွေ လိုမျိုးထွက်သေးတာမဟုတ်)။

နောက်ကျတော့ မျှော်လင့်တဲ့အတိုင်း မြို့ကလေးရဲ့ အဝေးကို ပျံသန်းခဲ့ရသည်။ တဖြည်းဖြည်း ပျံရင်း ပျံရင်းနဲ့ မြို့ ကလေးနဲ့ ဝေးလာလိုက်တာ အခုအချိန်မှာတော့ မိုင်ပေါင်းထောင်ချီဝေးကွာခဲ့ပြီ။

တခါတလေမှာ Green Green Grass of Home သီချင်းကိုညည်းမိသည့်အခါမျိုးမှာတော့ မြို့ကလေးကို ပြင်းပြင်းထန်ထန်ကို သတိရနေမိ တတ်သည်။ သီချင်းထဲမှာတော့ ဇာတိမြေက မြက်ခင်းစိမ်းများပေါ့။ တကယ်လို့သာ ကျွန်မလည်း သီချင်းစပ်တတ်မယ်၊ကဗျာစပ်တတ်မယ်ဆိုရင် ဇာတိမြေက တောင်တန်းများ ဆိုပြီး သီချင်းတစ်ပုဒ်လောက်စပ်လိုက်ချင်ပါသည်။ ဘယ်လောက်လှပတယ် ထင်ရတဲ့ရှုခင်းမျိုးပဲဖြစ်ဖြစ် တောင်တန်းတွေကြားမှာ ကြီးပြင်းလာတဲ့သူတစ်ယောက်က တောင်တန်းတွေမပါတဲ့ရှုခင်းကိုလှတယ်မထင်ဘူးဆိုတာလေးပါ ထည့်စပ်ချင်သည်။

ဓာတ်ပုံတွေကိုကြည့်တိုင်း ငယ်စဉ်တောင်ကျေးက ကျွန်မ၏ ပုံရိပ်များကို ပြန်မြင်ယောင်လာသည်။

ကျွန်မအလွမ်းဆုံးက နွေရာသီကာလများပဲဖြစ်သည်။ ဒါကတော့ တစ်နှစ်လုံး စာဖတ်၊စာကျက် စာမေးပွဲဖြေနှင့် ကျောင်းစာထဲမှာနစ်မြူပ်ထားရ သော ကျောင်းသားတိုင်း ပျော်ကြသည့် အချိန်မျိုးကိုး။ စာမေးပွဲဖြေပြီးပြီဆိုတာနဲ့ နောက်ဆုံးဘာသာဖြေပြီးသည့် အချိန်မှာလွယ်အိတ် ကိုပစ်ချပြီး စာအုပ်စင်တွေထားထားသည့် အိမ်အောက်ထပ်ကိုပြေးဆင်းကာ မထတမ်း စာအုပ်တွေဖတ်သည့်အခါဖတ်မည်။ မောင်နှမသားချင်း မရှိသောကျွန်မ အတွက် စာအုပ်တွေသည် ငယ်စဉ်ဘ၀ကတည်းကရော၊ယခုအချိန်ထိပါ အလွန်ကောင်းသည့် အဖော်တွေဖြစ်သည်။ ဒါမှမဟုတ် သူငယ်ချင်း တစ်ယောက်ယောက်က လာခေါ်လျှင်တော့ မြို့ပတ် စက်ဘီးစီးပြီး ခေါက်ဆွဲစားတာ၊ညဈေးတန်းမှာရောင်းတဲ့ တို့ ဟူးပျော့၊ ဟင်းပေါင်းစတာတွေကိုထိုင်စားရင်းပျော်မည်။အလွန်တရာရှေးဆန်သော အဘွားများက လမ်းထွက်တာကိုမကြိုက်ပေမယ့် နားလည်သိတတ်စွာ ကျွန်မကို အတိုင်းအတာဖြင့် လွတ်လပ်ခွင့်ပေးလေ့ရှိသော အမေ့ကျေးဇူးကလည်းကြီးလှပါသည်။ မဟုတ်ရင် ကျွန်မ၏ငယ်ဘ၀သည် အဲလောက်ပျော်စရာကောင်းနိုင်မည်မဟုတ်။

သေးငယ်ပြီး ခေတ်မှီလှသည်လို့ မဆိုနိုင်သည့်မြို့ကလေးမှာ အလည်သွားစရာ ရှော့ပင်းစင်တာမရှိ၊အအေးခန်းရုပ်ရှင်ရုံမရှိ၊ ခမ်းနားလှပတဲ့ စားသောက်ဆိုင်တွေမရှိ၊ခေတ်မှီကစားကွင်းမရှိ။ကလေးတွေပျော်ကြသည့် တိရစ္ဆာန်ရုံတွေ ဘာတွေလည်းမရှိပါ။ (အခုထိလည်းမရှိသေး။)
ကလေးတစ်ယောက်အတွက်ပျော်ပါးစရာဆိုတာ ရာသီအလိုက်ကျင်းပလေ့ရှိသည့် သီတင်းကျွတ်၊ကထိန်၊စာရေးတံပွဲ၊ တပို့တွဲ၊ တပေါင်းပွဲ တွေကလွဲရင် အခြားမရှိပါ။ ဒါပေမယ့် ကျွန်မအလွန်ပျော်ခဲ့ပါသည်။

ကထိန်ပွဲရာသီတွင်ရပ်ကွက်အလိုက်ကထိန်လှည့်တဲ့အခါများ၌ မိန်းကလေးအရွယ်စုံတွေအလှဆုံးပြင်ဆင်ပြီးကထိန်လှည့်လိုက်လေ့ရှိကြပေမယ့် ကျွန်မကတော့တစ်နှစ်လား နှစ်နှစ်လားပဲလိုက်ပြီး အသက်နည်းနည်းရလာတဲ့အခါ (ခုနစ်တန်းလောက်မှာ)မလိုက်တော့။ အိမ်ကနေပဲ “နောင်း ဗေ နောင်း …နောင်းဗေနောင်“ ရှမ်းအိုးစည်သံ၊သီချင်းသံများကိုနားထောင်ပြီး၊ကထိန်လှည့်တဲ့အခါ မှာပြေးကြည့်ရင်း အလိုလိုပျော်နေခဲ့သည်။ သီတင်းကျွတ်မှာ စတိတ်ဂှိုး အသေးစားလေးများရှိသော်လည်း ကျွန်မ ဘယ်တော့မှ မကြည့်ခဲ့ရပါ။ ဗျောက်အိုးလည်း မဖောက်ဖူးခဲ့။ ဒါပေမယ့် အိမ်က အဘိုးကို လာကန်တော့ကြသူတွေရဲ့ ကန်တော့ပွဲတွေကိုစပ်စုလိုက်၊ ကိတ်မုန့် ၊အသီးတို့လို ချက်ချင်းစားမှ ရသည့် စားစရာမျိုးပါလာတဲ့ အခါ ၀မ်းသာအားရစားလိုက်၊ ဆရာ၊ဆရာမတွေအိမ်ကိုလှည့်ကန်တော့ပြီး မုန့်ဖိုးများများရခဲ့ရင်ဝမ်းသာလိုက်နှင့် သီတင့်းကျွတ်ကိုပျော်ခဲ့ဖူးသည်။

တပေါင်းပွဲ၊တပို့တွဲပွဲတွေကတော့ အစားမက်တဲ့ ကျွန်မအတွက် နိဗ္ဗာန်ဈေးပင်။ အဲဒီမှာ မုန့်ဝယ်စားဖို့ ပိုက်ဆံကြိုစုထားပြီး ထန်းလျက်နှင့် လုပ်ထားတဲ့ မုန့်ပေါင်းတင်း အချောင်းတောင့် သေးသေး လေးများ၊ ဂျုးမြစ်နံ့ သင်းနေသည့် ကျောက်ဖရုံသီးကြော်၊ဗယာကြော် စတဲ့အကြော်စုံ တွေကို အားပါးတရ၀ယ်ပြီးစား၊ ဖွာလူဒါဆိုတာ ငယ်တုန်းကတော့ တပေါင်းပွဲမှပဲစားရတဲ့အမျိုးပေါ့။ ရာသီဥတုကအေးတော့ နွေရာသီမှပဲ ရောင်းကြသည်။ သတိရနေမိတာအားလုံးက အစားအသောက်တွေပဲဖြစ်နေတာကတော့ နဂို အစားမက်တဲ့သူတစ်ယောက်မို့ လားမသိ။

တစ်ခါတလေ အိပ်မက်ထဲမှာ ကျွန်မအလွန်ကြိုက်သည့် ခေါက်ဆွဲဆိုင်၊ ဟင်းပေါင်းဆိုင်၊တို့ဟူးပျော့ဆိုင်လေးတွေမှာ ထိုင်စားနေရတယ် ၊ကြိုက်တာတွေအားပါးတရစားနေရတယ်လို့ မက်တတ်သည်။ တကယ်နိုးလာလို့ အိပ်မက်မှန်းသိလိုက်သည့်အခါမှာတော့ တကယ်ပဲ အတောင်ပံ တွေသာ ပါရင်ကောင်းမှာလို့ သာကလေးဆန်သောအတွေးကိုတွေးမိသည်။ အတောင်ပံတွေသာပါလို့ကတော့ မမောတန်းပျံပြီး မုန့်တွေကို ပြန်စားလိုက်မည်။ အင်မတန်ကြီးတဲ့ရည်ရွယ်ချက်ပါလား ဟု ကျွန်မယောကျာ်း က အံ့သြပြလေသည်။

တစ်ခါတရံတော့ စာပြန်သင်နေရသည်။စာသင်ခန်းထဲရောက်နေသည် ဟု အိပ်မက်မက်တတ်သည်။ အဲဒီအခါတွေမှာလည်း အိပ်မက်ထဲမှာ ပျော်စရာကောင်းတာပါပဲ။ ငယ်စဉ်ကတော့ ပြတင်းပေါက်ဘေး မှာထိုင်ရတဲ့ အတန်းမျိုးဆို စာသင်တာကို တခါတလေ အာရုံမရပဲ အပြင်ဘက်က တောင်တန်းတွေကို ငေးနေမိတတ်သည်။ အခုလို တိုက်အမြင့်ကြီးများကိုသာ နေရာတိုင်းမှာ ထိုးထိုးထောင်ထောင်မြင်နေရသော ပတ်ဝန်းကျင်မျိုးမှာနေနေရသည့်အခါမှာတော့ လွတ်လပ်ကျယ်ပြောပြီး ဘယ်ကနေကြည့်ကြည့် တောင်တန်းတွေ ၊အဆုံးမရှိတဲ့ တစ်နေရာကို ရောက်နိုင်တယ် ဆိုတဲ့ခံစားမှုတွေ ကိုပေးနိုင်တဲ့ ရှုခင်းမျိုးကို ကျွန်မလွမ်းနေမိတာ မဆန်းပါ လို့ ထင်သည်။


အမြဲတမ်း အလျင်စလိုဖြစ်နေပုံနှင့် ကိုယ်နှင့်ဘယ်လိုမှမရင်းနှီးနိုင်သေးသောစကားသံစာစာများကြားမှာ ကျင်လည်ရင်း အပြုံးအရယ်နည်းပါးပြီး စိတ်ဖိစီးမှုများကာသည်းခံနိုင်စွမ်းနည်းနေကြသော (ကျွန်မအပါအ၀င်) လူများကိုတွေ့ မြင်နေရသည့်အခါတိုင်း အေးချမ်းတဲ့အသံဝဲ၀ဲနဲ့ ပြုံးရွှင်ဖော်ရွေသည့် မြို့ ကလေးက လူများနှင့် လူနေမှုဘ၀ကို ပိုပြီး ချစ်ခင်တန်ဖိုးထားလာမိစေသည်။

ရန်ကုန်မှာတုန်းက တော့ ရှုရတဲ့လေကမသန့်လှ ။ ဒီမှာတော့ တခါတလေမှ မနက်စောစော၊ညနေပိုင်းတွေမှာသစ်ပင်တွေ ကိုဖြတ်တိုက်လာသော လေသည် မြို့ကလေး၏ ညနေခင်းများမှာ အေးအေးစိမ့်စိမ့်တိုက်ခတ်လေ့ရှိသော၊သစ်ပင်၊ပန်းမာန်နံ့ လေးတွေပါလာတ်သည့် လေပြေနုအေး နှင့် တူသည်ဟုမဆိုနိုင်ပေမယ့် ခပ်ဆင်ဆင်မို့ အလွမ်းပြေသလို၊ပိုလွမ်းလာသလို ခံစားမှုများကလည်း တမျိုး။ လေကိုဂရုတစိုက်ရှုသွင်း၊ ရှုထုတ်လုပ်မိတဲ့အခါမှာတော့ မြို့ကလေး၏ ညနေခင်းလေညှင်းမျာကို သတိရနေမိသည်။ ညနေခင်းနေခြည်ဖြန်းထားတာမို့ ရွှေဝါရောင်သန်း နေသော တောင်တန်းများကိုပါ တပါတည်းမြင်ယောင်မိတတ်သည်။

ဘုရားရှိခိုးပြီး ပဌာန်းအကျယ်ပူဇော်ဖြစ်သည့်အခါမှာတော့ တစ်ခါတရံတွင် အသံမစဲမဟာပဌာန်းပွဲတွေကျင်းပတဲ့ရာသီမှာ တောင်တွေပေါ်က ဘုန်းကြီးကျောင်းများမှ လွင့်ပျံလာသည့် ကြည်ညိုစရာ ပဌာန်းဒေသနာပူဇော်သံကိုလည်း ကြားယောင်မိပြန်သည်။

တဖြည်းဖြည်းနှင့် မြို့ကလေးကို့ကျွန်မဘယ်လောက်တောင် ချစ်မြတ်နိုးနေခဲ့သလဲဆိုတာကို တွေးမိတဲ့အခါမှာ ကိုယ့်ကိုကိုယ်တောင် နားမလည်နိုင်အောင်ဖြစ်ရသည်။ ငယ်စဉ်ကတော့ ဒီမြို့ လေးကနေပဲ တောင်တန်းတွေကျော်ပြီးသာ အဝေးကြီးကိုပျံလိုက်ချင်တယ်လို့ စိတ်ကူးအမြဲယဉ်ခဲ့တာလေ။ စိတ်ကူးခဲ့သလို လည်းအဝေးရောက်နေပြီ။

ဒါပေမယ့် နောက်ဆယ်နှစ်နေရင်၊ အနှစ်နှစ်ဆယ်နေရင်၊ ငါတို့ မြန်မာပြည်ပြန်နေတဲ့အခါမှာ ..စသည့် အနာဂတ်ကိုစိတ်ကူးတဲ့အခါတွင်တော့ မြို့ကလေးရဲ့ တောင်တန်းတစ်နေရာမှာ တိတ်ဆိတ်ငြိမ်သက်တဲ့ ခြံဝင်းလေးနဲ့ ၊ မီးလင်းဖိုလေးပါမယ့်ချစ်စရာကောင်းတဲ့ တစ်ထပ်အိမ်လေးနဲ့ ထင်းရှုးပင်၊ချယ်ရီပင်ပေါက်လေးတွေ၊စတော်ဘယ်ရီပင်လေးတွေ၊ပန်းပင်လေးတွေစိုက်ထားမယ့် ဥယျာဉ်လေးမှာ ခြံစိုက်ဝါသနာပါတဲ့ ယောကျာ်းက အလုပ်တွေရှုပ်နေမည်၊ စာရေးစာဖတ်ဝါသနာပါတဲ့ ကျွန်မကလည်း စာရေး၊စာဖတ်ပေါ့။ ညနေခင်းတွေမှာတော့ မြို့ကလေးရဲ့ ညနေလေညှင်းကိုရှုပြီး လမ်းလျှောက်ကြမည်၊ မိုးတွင်းမှာမိုးအလွန်သည်း တဲ့အခါမျိုးမှာတော့ အိမ်ထဲမှာပဲ မိုးသံ၊မိုးသီးကျသံတွေနားထောင်လို့ ကော်ဖီပူပူသောက်နေရရင်ကောင်းမည်ထင်သည်။ မီးမလာလို့တီဗီမကြည့်ရ၊အင်တာနက်မရှိလို့ မသုံးနိုင်တော့လည်း ကမ္ဘာကြီးနဲ့ အဆက်ပြတ်ယုံပေါ့။ ဆောင်းတွင်းအရမ်းအေးလို့ အအေးဒဏ်မခံနိုင်တဲ့အခါ ရန်ကုန်မှာပြန်နေမယ်။ နွေရာသီကတော့ မြို့ကလေးရဲ့ နေလို့အကောင်းဆုံး၊အလှဆုံးအချိန်ဆိုတော့ တောင်နေကြာတွေ ဖုံးလွှမ်းနေတဲ့တောင်တန်းတွေကိုကြည့်ပြီးကြည်နူးချင်သေးသည်..စသည့် စိတ်ကူးယဉ်မျှော်လင့်မှုများက အဓိကနေရာကနေပါလာလေပြီ။

အခုအချိန်မှာတော့ ဒါတွေသည် စိတ်ကူးသက်သက်ဖြစ်နေပါသေးသည်။ဒါမှမဟုတ် အနည်းဆုံး အိပ်မက်ထဲတော့ ထည့်မက်မိတဲ့ အခါမက်မိ မည် ထင်သည်။ ကံကြမ္မာက မျက်နှာပေးလို့ ကျွန်မ၏စိတ်ကူး အိပ်မက်များကိုသာ လက်တွေ့ အကောင်အထည်ဖော်နိုင်မည်ဆိုရင် ဒီတခါမှာ ဘယ်တော့ မှ မြို့ကလေးရဲ့ တောင်တန်းတွေပေါ်ကနေ အဝေးကြီးကိုပျံသန်းဖို့ စိတ်ကူးထဲ တောင်ထည့်ဖြစ် တော့မည်မထင်။ စိတ်ကူးတွေ အတိုင်းအကောင်အထည်ဖော်ထားတဲ့ အိမ်ကလေးမှာ နေရင်း ကျန်ရှိနေတဲ့ ဘ၀သက်တမ်းတွေကို အေးချမ်းစွာသာ ကုန်လွန်သွား ချင်သည်။

The Quiet Life ကဗျာအတိုင်း ကိုယ်ကျန်းမာစွာ၊စိတ်ချမ်းသာစွာနှင့် ဘ၀ကို ဘာသာတရား၏အဆုံးအမအောက်တွင် အေးချမ်းငြိမ်သက်စွာ ဖြတ်သန်းသွားနိုင်ဖို့ သာကျွန်မ၏နောက်ဆုံး ရည်မှန်း ချက်ဖြစ်ပါသည်။

ကျွန်မ၏ အနာဂတ် စိတ်ကူးများထဲတွင် အပြည့်နီးပါးနေရာယူထားနိုင်သည့် မြို့ကလေးနဲ့ ဝေးနေသေးသရွေ့တော့ ကျွန်မလည်း လွမ်းလို့မက်တဲ့ အိပ်မက်တွေ နဲ့ ..သာဖြေသိမ့်လွမ်းမောနေရဦးမယ်ထင်သည်။ ဒါပေမယ့် တစ်နေ့ မှာ မြို့ကလေးရဲ့ ရင်ခွင်ကို ပြန်ခိုဝင်ရမယ် ဆိုတဲ့ အသိကတော့ ရင်ကိုနွေးထွေးစေတာအမှန်ပဲဖြစ်သည်။

Entry filed under: စာတိုပေစ. Tags: .

မြသန်းတင့် -ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၈) သဲငွေသောင်

2 Comments Add your own

  • 1. Jeff  |  June 8, 2010 at 3:45 pm

    ဒီမှာခင်ဗျ…..
    ကျွန်တော်လဲ ဂျာနယ်ကျော် ပရိသတ်ပါ!
    မဖတ်ရတော့ဘူးလို့ထင်ထားတဲ့ ဂျာနယ်ကျော်မမလေး အကြောင်းတွေ တင်ပေးတဲ့ အတွက်အထူးကျေးဇူးတင်ပါတယ်။
    Jeff

    Reply
  • 2. K  |  May 8, 2010 at 4:02 pm

    မြို့လေးကလည်း တကယ့်ကို လွမ်းစရာလေး ကိုး….
    ဒီလိုပါပဲလေ.. မမြင်ဘူးတော့.. မြစ်တွေ ရှာကြ..မရောက်ဘူးတော့..မျက်ခင်းတိုင်း စိမ်းတယ် ထင်ကြ.. အဲဒီ ကြားထဲမှာ..ဇာတိကို ချစ်တဲ့ စိတ်တွေက..ဒရွန့် တိုက် လို့…

    ခင်မင်စွာဖြင့်..

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Favorite piece of quotes

Voici mon secret. Il est très simple: On ne voit bien qu'avec le cœur. L'essentiel est invisible pour les yeux.

Here is my secret. It is very simple: It is only with the heart that one can see truly; what is essential is invisible to the eyes.

Le Petit Prince (1943) by Antoine de Saint Exupéry

လတ်တလောရေးထားတာလေးတွေ

ပထမဆုံးမြင်ဖူးတဲ့ ဂျာနယ်ကျော်မမလေးပုံ

ရှုမ၀မဂ္ဂဇင်း

  • 34,436 hits

%d bloggers like this: