ရှာမှရှားတဲ့ သူလိုမိန်းမ
October 27, 2011 at 12:59 pm Leave a comment
မမေကြည်ရဲ့ လက်ရာ ဒုတိယပိုင်းပါရှင်
ရှာမှရှားတဲ့ သူလိုမိန်းမ
ဂျာနယ်ကျော်မမလေးရဲ့ စာများကိုဖတ်လို့ စိတ်နေအထက်တန်းကျ မိန်းမပီပီ ပြည်စုံကျနတဲ့ဘ၀တွေ ဇာတ်ကောင်တွေကို အားကျနှစ်သက်သူများ ဒီလို စိတ်နေအထက်တန်းဘ၀ကို အပြည့်အ၀ မဟုတ်တောင် ကိုယ်စွမ်းသလောက် ကြိုးစား နေထိုင်နိုင်ပါတယ်။ တော်ရုံတန်ရုံ အမျိုးသမီးများ ကြိုးစားယူလို့ မလွယ်လှတဲ့ အချက်များကတော့ သူရဲ့ သိမြင်စိတ်ကြီးမားခြင်း နဲ့ စိတ်ဓာတ်အင်အားကြီးမားခြင်းပါ။ သူ့စာများကို ထပ်ခါတလဲလဲ ဖတ်ရင်းဖတ်ရင်း ကျွန်မ စိတ်ထဲ အမှတ်ထင်ထင် ဖြစ်လာတဲ့ ရှာမှရှားတဲ့ သူလိုမိန်းမရဲ့ စရိုက်လက္ခဏာတွေပါ။
သူ ကိုယ်တိုင်က ကုံလုံကြွယ်ဝစွာ မွေးဖွား၊ ခမ်းခမ်းနားနား ကြီးပြင်းခဲ့သူ ဖြစ်ပေမဲ့ အောက်ခြေ အင်မတန် စေ့ပါတယ်။ သည်မိုး ၀တ္တုတိုမှာ တထည်စိုလို့မှ တထည်လဲစရာမရှိ ခြုံစရာစောင်မရှိတဲ့ မိန်းမပျိုလေးနှင်းဥ မိခင်အို အတွက် စပါးကျီမှာ ဂုံနီအိတ် သွားခိုးယူရင်း အစော်ကားခံရ ဘ၀ပျက်ရ မိခင်အသက်ဆုံးရ နောက်ဆုံး ချောင်းရေမှာ ကိုယ်တိုင် အဆုံးစီရင်ရ ပါတယ်။
သူ ရေးထားတဲ့ နောက်ဆုံးအပိုဒ်ကလေးကို ကြည့်ပါ။
ချောင်းရေထဲတွင် နစ်၍သွားသည့် နှင်းဥအား မိုးကြီးလည်း သည်းထန်စွာ သွန်ကူနစ်ပေးလိုက်၏။
တအုန်းအုန်း ရွာချနေသည် “သည်မိုး”မှာ လူတန်းစေ့စေ့ လူလိုနေရ၍ လူ့အခွင့်အရေးကို တင်းပြည့်ကျပ်ပြည့်ရရှိသည့် သူတို့အတွက်သော်ကား တမိုက်ထူထူ မွေ့ရာပေါ်တွင် ကိုယ်ကိုနှစ်၍ ဂွမ်းစောင်၊ သက္ကလပ်စောင်၊ ကတ္တီပါစောင်၊ ခြုံစောင် အမျိုးမျိုးတို့နှင့် အထပ်ထပ် ခြုံလွမ်း၍ ကွေးအိပ်နေရသည်မှာ အလွန်တရာမှ “ဇိမ်” ရှိလှပါပေ၏။
{ ဂျာနယ်ကျော်မမလေး လက်ရွှေးစင်ဝတ္တုတိုများ ( ၁၉၄၁-၁၉၈၁) မှ သည်မိုး ၀တ္တုတို }
ထမိန် အထည် ၅၀၀ ပိုင်သူရေးတဲ့ ထမိန်တထည်သာရှိသူ၊ လဲစရာတထည် နောက်ထပ်မရှိလို့ လူ့ဘ၀မှ ထွက်ခွာ သွားရလေသူရဲ့ဇာတ်ကြောင်း။ ကျွန်မ အဲဒီ ၀တ္တုတိုကို ဖတ်ရကတည်းက ဘယ်တော့မှ မေ့ မသွားတော့ဘူး။ မိုးအေးအေးရှိလို့ စောင် ၂ ထပ်နဲ့ကွေးလေတိုင်း သည်မိုးရဲ့ နောက်ဆုံးအပိုဒ်က အာရုံထဲ ၀င် ၀င် လာတယ်။ ဒီလို ဘ၀တွေကိုလည်း သူ သိမြင်ပြီး စာနာညှာတာစိတ် ရင်ထုမနာဖြစ်ရတဲ့စိတ်၊ သူ့စိတ်ကို ကျွန်မ မြင်တယ်လို့ ခံစားရတယ်။ ပြည့်စုံသူတွေအဖို့ သူဆင်းရဲများဘ၀ကို စာနာသနားတတ်ပါတယ်လို့ ဘယ်လောက်ပြောပြော အပေါ်ယံသာ သိပါမယ်။ ဒီလောက် အောက်ခြေစေ့စေ့ မသိနိုင် မမြင်နိုင်ဘူး။ သူ့ သိမြင်စိတ် သိပ်ကြီးတယ်။ အမှုမဲ့ အမှတ်မဲ့ နေထိုင် ကျော်ဖြတ်သွားတဲ့ စရိုက် သူ့မှာ မရှိဘူး။
ဂျာနယ်ကျော်မမလေး “စိတ်” ၀တ္တုမှာ ဆရာဇော်ဂျီ အမှာစာရေးပါတယ်။ ဇတ်ကောင်ဒေါက်တာမစောလင်းဟာ ကြည့်မြင်စိတ် ကြားနာစိတ် တွေးကြံစိတ် သဘာဝကိုစုံစမ်းလိုစိတ် ရှိသူဖြစ်သော်လည်း လူကဲမခတ်တတ်၍ မတော်သော လမ်းကိုသွားမိ၍ မတော်သော ဒုက္ခကြုံခဲ့ရသူလို့ သုံးသပ်ပါတယ်။
စိတ် ၀တ္တုအဖွင့်မှာ ဖခင်အလောင်း မီးသင်္ဂြိုဟ်တာကို အစအဆုံးကြည့်တဲ့အခန်းပါ။ ဂျာနယ်ကျော်မမလေး ကိုယ်တိုင်ကလည်း သူ့မိခင်ဆုံးတော့ တာမွေသုသာန်မှာ မီးရှို့တာကို ပြာကျလောင်ကျွမ်းတဲ့အထိ ကြည့်ကာ သံဝေဂယူတဲ့အကြောင်း ရေးပါတယ်။
ဘုရား ဘုရား။ တော်ရုံတန်ရုံ စိတ်အင်အားနဲ့ အလောင်းကို မီးရှို့တာ အစအဆုံး မကြည့်နိုင်ဘူး။ ဖူးယောင်းပုပ်ပွအလောင်း အသားအရိုး မီးစွဲလျက် တရှိတ်ရှိတ်လောင်ကျွမ်းတာ၊ ကုန်းကွကြွလာ၍ တံစို့နဲ့ ရိုက်ချရတာ၊ နောက်ဆုံး ပြာကျလောင်ကျွမ်း ကုန်ဆုံးရတဲ့အထိ သူ ကြည့်နိုင်တယ်။ သံဝေဂ ယူတယ်။
နောက်ဆုံးတရားအမွေ ပေးခဲ့သော မိခင်၏ကျေးဇူးကား ကြီးလှဘိ၏။
ဘ၀ခရီးတလျှောက် ကျွန်မအပေါ် မည်သူကပင် အနိုင်ကျင့်ကျင့်၊ မည်သူကပင် မဟုတ်မတရား မရိုးမသား မလိုမုန်းထား ပြောဆို ပြုမူနှိပ်စက်၍ တရားပျက်ကြခြင်းကို ကြုံရစေဦးတော့။ တွေ့ကြုံရသော ဘေးရန်အပေါင်း လောကဓံတရား အပေါင်းတို့အား လူ့ဘ၀သည် ခဏတာမျှမခိုင်မြဲပါတကား ဟု ယင်းကဲ့သို့ အသည်းစွဲနေသော အစွဲအလမ်းကြောင့် ခံနိုင်ရည်ရှိသော စိတ်ဓာတ် ဖြစ်ပေါ်နိုင်သည်။
( ဂျာနယ်ကျော်မမလေး – ဘ၀ပုံရိပ်များ – မရွေ့မရှိ ရွေ့သည်ချည်းမို့ )
အဆိုပါ စိတ်ဟာ ဇာတ်ကောင်စရိုက် ထူးလှပါတယ်ဆိုတဲ့ မစောလင်းရဲ့စိတ်ဘဲ။ ဖတ်လို့သာ ဖတ်လိုက်ရ မီးရှို့တာကို ကျွန်မ အစအဆုံး မကြည့်ဖူး။ ကျွန်မ ငယ်သူငယ်ချင်းဆုံးလို့ ရွာမှာ မီးသင်္ဂြိုဟ်တော့ မီး စ စွဲတာနဲ့ ကလေးတွေပြန်ကြတော့ဆိုလို့ ပြန်လာခဲ့တယ်။ အစအဆုံး ကြည့်လဲကြည့်နိုင်မှာမဟုတ်ဘူး။ ကြည့်ဘို့လဲ စိတ်အင်အားမရှိ။ စိတ်အင်အားရှိတောင်မှ သူ့လို သံဝေ ရမှာမဟုတ်။ ဘုရား အကြိမ်ကြိမ် တ မိကာ အခါခါ အံကြမိပါတယ်။ သာမာန်စိတ်ဓာတ်အင်အားနဲ့ ပြီးတဲ့ကိစ္စမဟုတ်ပါဘူး။
မစောလင်းဟာ စိတ်ယုတ်ညံ့သောယောင်္ကျားတယောက်ကြောင့် မိန်းမသားတယောက်အဘို့ လောကတွင် အဆိုးဆုံး မသတီစရာ အကောင်းဆုံး မတော်မတရားမှုကို ကြုံခဲ့ရတယ်။ အမှန်တရား ဖော်လိုစိတ်ကြောင့် တိုင်းကျော်ပြည်ကျော် အရှက်တကွဲ ဖြစ်ရတယ်။ ချိုချိုဟာ လူကဲခတ်နိုင်ပြီး စိတ်အင်အားကြီးသူ မစောလင်းက ဘာကြောင့် မမြင်ရသလဲ။ ကျွန်မ အထပ်ထပ် တွေးမိတယ်။ ကိုယ့်စိတ်နဲ့ နှိုင်းပြီး ကောက်ချက်တခု ချမိတယ်။ တဦးတည်းအမြင်ပါ။ ကြိုက်သလို ကွဲလွဲကြပါ။
သူ ကိုယ်ကိုကိုယ် ယုံကြည်စိတ်အားပြင်းကာ သူနဲ့ ဆက်ဆံထိတွေ့နေသူတွေကို မိန်းမသားမွေးရာပါဗီဇ သံသယစိတ်နဲ့ မကြည့်လို့ပါ။ ချိုချိုက အဲဒီရှုထောင့်က ကြည့်တော့ မြင်တယ်။ သူ့ချစ်သူငယ်ချင်း မစောလင်းဆီ အလုပ်လာဝင်တဲ့ ဆရာဝန်ကို ဘယ်လိုယောင်္ကျားလဲ အမြဲလိုလို စူးစမ်းစိတ်ရှိသူပါ။ မစောလင်းက ထိုသို့ စုံစမ်းနေစရာ မလိုအပ်ဘူး တွေးကာ အဲဒီရှုထောင့်က မကြည့်တော့ မမြင်တာ။
ကိုယ်ဘာသာ ယုံကြည်မှု ပြင်းထန်တဲ့စိတ်… အမျိုးသားများသာ ကြီးစိုးတဲ့အလုပ်မှာ နှစ်ပေါင်းများစွာ လုပ်ခဲ့ဖူးလို့ အဲဒီစိတ်ကို ကျွန်မ ခံစားနိုင်တယ်။ တခါသား သီလ၀ါဆိပ်ခံတံတားမှာ ပစ္စည်းချနေချိန် ဆိပ်ခံမှာ ကျွန်မတယောက်တည်း မိန်းမ ကျန်တဲ့ ရုံးကလူတွေအကုန်လုံး ယောင်္ကျာသားတွေ။ သဘာင်္ပေါ်မှာ တဦးတည်းသော တတိယအရာရှိအမျိုးသမီး ဆင်းလာပြီး ယောင်္ကျားသားတွေကြီးစိုးတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ချိန် အဲဒီယုံကြည်စိတ်အကြောင်း ပြောဖြစ်တယ်။ မစောလင်းခမြာလည်း သူ့လိုအမျိုးသမီးတယောက်ကို ဒီလောက် အလွယ်တကူ အရိုအသေတန် စော်ကားခံရမယ်လို့ မတွေးမိတာပါ။
မစောလင်းကတော့ သူ့ဘ၀မှာ ကြုံရတဲ့ အဆိုးဝါးဆုံးအဖြစ်အပျက် တိုင်းကျော်ပြည်ကျော် အရှက်ကွဲမှု သည်းမခံနိုင်ဆုံးအရာကို သည်းခံခဲ့ပြီး ကျွန်မစိတ်က မယုတ်ညံ့ပါဘူး လို့ ရှင်းရှင်းလင်းလင်း ပြောချခဲ့တယ်။ ခိုင်မာမှန်ကန် အင်အားကြီးမားလေတဲ့ မိန်းမသားတဦးရဲ့ စိတ်။
မည်သူကပင် အနိုင်ကျင့်ကျင့်၊ မည်သူကပင် မဟုတ်မတရား မရိုးမသား မလိုမုန်းထား ပြောဆို ပြုမူနှိပ်စက်၍ တရားပျက်ကြခြင်းကို ကြုံရစေဦးတော့။ တွေ့ကြုံရသော ဘေးရန်အပေါင်း လောကဓံတရား အပေါင်းတို့အား လူ့ဘ၀သည် ခဏတာမျှမခိုင်မြဲပါတကား ဟု ယင်းကဲ့သို့ အသည်းစွဲနေသော အစွဲအလမ်းကြောင့် ခံနိုင်ရည်ရှိသော စိတ်ဓာတ် ဖြစ်ပေါ်နိုင်သည်။
ထိုစိတ်အင်အားရှိဘို့ကတော့ အလှမ်းဝေးဆဲပါဘဲ။ မဖြစ်နိုင်သေး။ မလုပ်နိုင်သေး။ မထားတတ်သေး။
အနည်းငယ်မျှသော လောကဓံကိုကား ပြုံးကာရယ်ကာ ကြည့်နေနိုင်တဲ့ သဘောကလေး အနည်းအကျဉ်းတော့ ရှိပါရဲ့။ ကြီးမားတဲ့ ထိုးနှက်ချက်ကို ခံနိုင်ရည်ရှိတဲ့ စိတ်ဓာတ်အင်အားတော့ မရှိတတ်သေး။ လူဘ၀နောက်ဆုံးအချိန် ပြာကျ ဆွေးမြေ့ပျောက်ကွယ်သည်ကို မျက်တောင်မခတ် စိုက်ကြည့်ကာ တရားစစ်တရားမှန် သဘောကို ဆင်ခြင်သုံးသပ် ရှုမှတ်နိုင်တဲ့ ထိုးထွင်း အသိဥာဏ် စိတ်ခွန်အား လုံးဝ မရှိသေးပါ။

နောက်တခု ထူးခြားတဲ့ စရိုက်။ စွဲမြဲလှတဲ့ စိတ်နေစိတ်ထား။ သူ့ဘ၀ နောက်ဆုံးအချိန်မှာ သူ ယုံကြည်တဲ့ မြန်မာ့ဆေးပညာနဲ့သာ အကုသခံပြီး အရင်းနှီးဆုံးမိတ်ဆွေများကိုတောင် အသိမပေးခဲ့ဘူး။ မိတ်ဆွေများက အနောက်တိုင်းဆေးပညာနဲ့ ကုသစေချင်ရင် သူက ငြင်းမှာဖြစ်တဲ့အတွက် နှစ်ဘက်စလုံး စိတ်မချမ်းမသာ ဖြစ်ရမှာကို သူ မလိုလားခဲ့ဘူး။ သူ ကိုင်စွဲရာ သူ ယုံကြည်ရာအတိုင်း သူ့ ဘ၀ နောက်ဆုံးလမ်းအထိ စွဲမြဲနေထိုင်ခဲ့သူပါ။
ဝက်ခြံကလေးပေါက်ရင်တောင် မောရိယမန်းဆေးလူးလိမ်း မြသီတာမန်းဆေးသောက်လိုက် တရုတ်ဆေးနီတို့လိုက် ဂျပန်ဆေးလူးလိုက်နဲ့ ပြာကလူးနေကြတဲ့ အမျိုးသမီးတွေနဲ့ ကွဲပြားခြားနားစွာ အသက်ရှင်နေထိုင်ခြင်း အတွက် ဆေးကုသချိန်မှာ မြန်မာဆေးပညာမှလွဲ၍ ကျန်တဲ့ ဘယ်ဆေးပညာနဲ့မှ အကုသ မခံလိုတဲ့ စွဲမြဲလှတဲ့ သူ့စရိုက်ကို အံ့သြစိတ် ရိုသေစိတ် ဖြစ်မိတယ်။ သူ့ကို ချစ်ခင်ကြတဲ့ မိတ်ဆွေများက ဒီအတွက် သူ့ကို တော်တော် အပြစ်တင်ခဲ့ပါတယ်။ ဘယ်သူ ဘာပြောပြော မယိမ်းမယိုင် ရှိတဲ့ စရိုက်ပိုင်ရှင်။ သေခါမှသေရော သူ့မူကို နည်းနည်းလေးမှ မထိပါး မခံခဲ့သူ စာမဏီမ ပါ။
အံ့သြစိတ် လှိုက်လှဲစိတ် နဲ့ နောက်တကြိမ် ထပ်ပြောချင်ပါတယ်။
ဂျာနယ်ကျော်မမလေး …… ရှာမှရှားတဲ့ သူလိုမိန်းမ ပါ။
မေကြည်
(၂၀၁၁၁၀၂၇)
Entry filed under: ဂျာနယ်ကျော်မမလေး, Sharing. Tags: .

Trackback this post | Subscribe to the comments via RSS Feed