သူလိုမိန်းမများ
October 25, 2011 at 3:12 pm 2 comments
မရွှေမိချစ်ခင်ရတဲ့ အစ်မကြီးမမေမေကြည် ရေးထားတာကို အရမ်းသဘောကျလွန်းလို့ ခွင့်တောင်းပြီး တင်လိုက်တာပါ။ ဂျာနယ်ကျော်မမလေးအကြောင်းရေးထားတဲ့ စာတွေကိုလဲ စုပြီးသိမ်းထားပြီးသားဖြစ်သွားတာပေါ့ရှင်။
သူလိုမိန်းမများ
ကျွန်မ စာဖတ်တာကို တော်တော်နှစ်သက်ပါတယ်။ ဖတ်လိုစိတ်ကလဲရှိ ဖတ်ဘို့ကလဲအား ဖတ်ခြင်း ကိုလဲအားပေးခြင်းခံတဲ့ သူအဖို့ စာဖတ်ခြင်းဟာ စိတ်နေသဘောထားကို ဘယ်လောက် ပြောင်းလဲစေခဲ့တယ်ဆိုတာ စေ့စေ့တွေးလေ ပေါ်လာလေလေပါဘဲ။ မသိစိတ်ကို လွမ်းခြုံမှုများ ရှိခဲ့တယ်။ စာဖတ်သူတဦး အနေနဲ့ကတော့ သူတို့စာတွေကိုဖတ်ရလို့ ကျွန်မ ဘယ်လို အာရုံမှတ်ထင် စွဲဝင်ခဲ့သလဲ ဆိုတာ ပြောချင်တာပါ။ ကျွန်မ စိတ်အာရုံကို အထူး သိမ်းပိုက်ခဲ့လေတဲ့ ၀တ္တုတို ၀တ္တုရှည်တွေများ အကြောင်းတွေးရင် ဂျာနယ်ကျော်မမလေးက ထိပ်ဆုံးက ပေါ်လာပါတယ်။
ဂျာနယ်ကျော်မမလေး၊ သူ့အကြောင်းက တိုင်းသိပြည်သိ ကမ္ဘာသိ အားလုံးသိဆိုတော့ သူ့စာအကြောင်း သူ့အကြောင်း ဘာပြောစရာ လိုတော့မလဲ။ လူတိုင်းသိကြတာပါဘဲ။ သူ့စာအုပ်တွေ ထပ်ခါတလဲလဲ ပြန်ဖတ်လဲ ဘယ်တော့မှ မရိုးဘူး။ အသက်ရလာတော့မှ သူ့စာအုပ်တွေထဲက သူ့တိမ်းညွှတ်မှုတွေကို မြင်လာတော့တယ်။ တကယ် ရှာမှရှားတဲ့ အမျိုးသမီးပါ။
သူ့အကြောင်းကို မြသန်းတင့် ရေးထားတာတခု မှတ်မှတ်ထင်ထင် ရှိတယ်။ သူ ဒေါ်မမလေး စ သိတော့ အ၀တ်အစား အများကြီးရှိတာတွေ့လို့ စိတ်ထဲ နှာခေါင်းရှုံမိတယ်ပေါ့။ ခင်ဗျား ကုန်အောင်မှ ၀တ်နိုင်လို့လား။ သူများ ၃ ၄ ၅ ထည်နဲ့ နေနေရတယ်လို့လဲ ထုတ်ပြောတယ်။
ဒါကို ဖတ်မိတော့ သူ အ၀တ်အစားအသိမ်းအဆည်း အင်မတန် စေ့စပ်တာကို ကျွန်မက သတိပြုမိတယ်။ ထမိန်တွေ ရာချီ ထိမ်းသိမ်းထားတာ လွယ် မှတ်လို့။ တချို့အမျိုးသမီးတွေများ ပေါ်သမျှဝယ် ရိုးရင် ပစ် ဘယ်ချောင်ကပ်နေမှန်း မသိ။ ပေါ်သမျှသာ ၀ယ်နေတာ။ လက်ထဲ ကောင်းကောင်းကန်းကန်းလဲ မရှိ။ အဟောင်းရောင်းပြီး အသစ် ၀ယ် ၀တ်သူကရှိသေး။ အပုံကြီး ကွာပါတယ်။
သူ ဦးချစ်မောင်နဲ့ အိမ်ထောင်ကျခါစ လက်ဝတ်ရတနာဒီဇိုင်းပုံတွေ အများကြီး သိမ်းထားတာကို သူလိုလူမှာ ရေးထားခဲ့တယ်။ အဖေ ဒေါ်ဆင်ဘဏ်မန်နေဂျာဆိုတော့ ၀ယ်လဲဝယ်နိုင် ၀တ်စားဆင်ယင်ဘို့လဲစိတ်ရှိ လှလှပပ သပ်သပ်ရပ်ရပ် နေတတ်။ အိုး တကယ် မိုက်တာ။ အလှအပ အရေးမထားတဲ့ စားရေးဆရာမတွေ ခေတ် ထ နေတုန်း ဒီလိုအမျိုးသမီးအကြောင်း ဖတ်ရကြားရတာ မင်္ဂလာပါဘဲ။ သူ တကယ်ချစ်တဲ့ ခင်ပွန်းသည်ကို အနှောင့်မယှက်မပြု ဘာတခုမှ မပူဆာ သူကသာ ဘာလုပ်ပေးရမလဲ တွေးတော့တာ။ တသက်လုံး သူ နေထိုင်လာသမျှ အဆင့်အတန်းကို မေ့ ပစ်ခဲ့တော့တယ်။ သူ တက်နိုင်ချိန်မှာ သူ လိုချင်တဲ့ မိသားစု အိမ်ထောင်ပုံစံ ကျကျနန ကို တည်ဆောက်ခဲ့တယ်။
သူ ဘယ်လောက် အသိမ်းအဆည်းတော်သလဲဆိုတာ စာအုပ် ၅၀၀၀ ကျော်ကို အကြိမ်ပေါင်းများစွာ ပြောင်းရွှေ့နိုင်ခဲ့တာကို ကြည့် သိတယ်။ သူ့ စာအုပ်တွေ ဘောက်ထော်အိမ်မှာ ခြစားသွားလို့ စာကြည့်တိုက်ကို မဖြစ်မနေ ပို့ရချိန် သူ ခံစားရတာနဲ့ ထပ်တူ ကျွန်မလဲ ရင်ထဲ ကျပ် သွားတော့တယ်။
သူ့မိသားစုဘ၀ကို ဖတ်ကြည့်လိုက်ပါအုန်း။ စစ်အတွင်း ဒီအိမ်ရောက်ရင် စစ်ဖြစ်နေတာကို မေ့သွားရတယ်လို့ ထုတ်ပြောရတဲ့အထိ ပျော်မွှေ့ဘွယ်ကောင်းတဲ့ အိမ်ကို သူ ဖန်တီးထားနိုင်တယ်။ အချိန်တန် အိမ်ပြန်လာတဲ့ မိသားစုအတွက် ဒီအိမ်ဟာ သူ့အတွက် ငြိမ်းအေးရာ နားခိုရာ မဟုတ်ခဲ့ရင် ဘယ်လောက် စိတ်ပင်ပန်းလဲ လူတိုင်း ခံစားမိမှာပါ။ အိမ်ကို ပြန်တောင် မပြန်ချင်ဘူးလို့ အော်ဟစ်နေရတဲ့လူတွေ များ များ လာတဲ့ခေတ်မှာ သူ ဖန်တီးထားတဲ့ စစ်ဖြစ်နေမှန်းတောင် မသိတဲ့ အိမ်ကို ပြန်ဖူးချင်လိုက်တာ။ သူ အိမ်ရှာလိုက်ရင်လဲ အကောင်းမှ။ အိမ်တွေအများကြီး ပြောင်းတာ ဖတ်ဖူးထားလို့ သူ့ စိတ်နေသဘောထားကို ကောင်းကောင်းကြီး ရိပ်စားမိတယ်။
အိမ်တအိမ်မှာ မီးဖိုချောင်အစီအမံ ဘယ်လောက်အရေးကြီးလဲ။
အစားအသောက်များ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေရသလား မေးထိုးချင်ထိုးကြပါလိမ့်မယ်။ ကျွန်မတဦးတည်းသဘောအရကတော့ အရမ်းအရေးကြီးပါတယ်။ ဂျာနယ်ကျော်မမလေးရဲ့ ၀တ္တုတွေကို ဖတ်ကြည့်လိုက်ပါအုန်း။ သူ့ အမျိုးသမီးဇာတ်ကောင်တွေ သူမ သူလိုမိန်းမ ရင်နင့်အောင်မွှေး မုန်း၍မဟူ မီးဖိုချောင်ကို ကောင်းစွာ စီမံနိုင်သူ စီမံလေသူတွေ။ သူမထဲက သက်သက် ဘွိုင်ကုလားကို ဟင်းတမယ်စီအတွက် ထုတ်ပေးတဲ့ ဟင်းချက်ပစ္စည်းစာရင်းကိုကြည့်လိုက်တာနဲ့ သူ ဘယ်လောက် စေ့စပ်သေချာလိုက်သလဲ အထင်းအရှား ပေါ်လွင်တယ်။ စတိုနံရံမှာ အစီအရီ တင်ထားတဲ့ မီးဖိုသုံးပစ္စည်းများ ရေတစက်မှ မကျမခံအောင် ကွပ်ကဲခြင်းခံရတဲ့ မော် (ရင်နင့်အောင်မွှေး)။ ဆွမ်းတော်ဗန်းတင်ခါနီးမှ ထမိန်ပြင်ဝတ်တတ်တဲ့ လပေါ်သရေ တွေ မြင်မိတိုင်း မော်ရဲ့ ဆွမ်းတော်တင်ခန်းကို ပြန် ပြန် သတိရတယ်။ အဲဒီအခန်းဖတ်တော့ ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းတယ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ သဘောပေါက်ခဲ့တယ်။
သူ့ဇာတ်ကောင်တွေအတိုင်း ကျွန်မတို့ လိုက်မလုပ်နိုင်ပေမဲ့ ဇာတ်ကောင်စရိုက်တွေကိုတော့ တော်တော် နှစ်သက်ချစ်ခင်ခဲ့တာဘဲ။ နောက် သူ့အမျိုးသမီးများက မီးဖိုချောင်တခုတည်းမှာ မြုပ်နေတဲ့ အမျိုးသမီးတွေ မဟုတ်ဘူး။ လူမှုဆက်ဆံရေး အပေါင်းအသင်း ကြိုးစားရုန်းကန်လှုပ်ရှားခြင်းကလဲ အပြည့်။ ပြောသင့်ပြောထိုက်တာဆို ပြောဘို့ တွန့်ဆုတ် ၀န်လေးနေသူတွေမဟုတ်ဘူး။ အရှက်တရား အကြောက်တရားဆိုတာ ဘာလဲ ခွဲခြားပြတယ်။ စာရေးသူကိုယ်တိုင်ကလဲ ဂျပန်ခေတ် ဒီလောက် မျက်စိအောက်ထား ကြည့်ခံနေချိန်မှာ ဂျပန်ဗိုလ်ပေးထားထဲ့ ထောက်ခံချက်စာရွက်ကို Useless လို့ ပြောင်ပြောင်တင်းတင်း ရေရွှတ်ခဲ့သူကိုး။
လက်တွေ့ဘ၀ကို ပြန်ကြည့်ကြစို့။ ထမင်းဟင်းချက်ကောင်းတဲ့ မိခင်အုပ်ချုပ်တဲ့ အိမ်ထောင်စုက ကလေးတွေ အပြင်စာကို မကြိုက်တတ်ဘူး။ အိမ်က အမေ့လက်ရာကိုဘဲ စွဲလန်းပြီး အချိန်တန် အိမ်ပြန်လေ့ရှိတယ်။ စုစုစည်းစည်း မိသားစုဘ၀နဲ့ စားသောက်ကြတော့ မိသားစုဘ၀ကို ခင်တွယ်တတ်တယ်။ မောင်နှမတွေ သဘောကွဲလွဲစေအုန်းတော့ ဝေပုံကျ ဝေခြမ်းစားသောက်ရအုန်းတော့ သံယောဇဉ်က ကြီးကြတယ်။ အိမ်ထောင်စု မိသားစုဘ၀ကို ကောင်းစွာ စီမံလေတဲ့ အိမ်ရှင်မရဲ့ ကလေးတွေ အရမ်းကာရော ဆိုးဝါးပျက်စီးသွားတာ နည်းပါတယ်။ မရှိဘူး မပြောပါဘူး။ ရှိတယ်။ ဖြစ်တန်စွမ်း နည်းတယ်။
ကျွန်မ အရွယ်ရောက်လာအချိန်မှာ မိန်းမဆန်ဆန် နေထိုင်တာကို မကြိုက်တဲ့ စိတ်နေသဘောထား ရှိခဲ့တယ်။ ငယ်ကတည်းက ဖခင်ဖြစ်သူနဲ့တလျှောက်လုံး တွဲ ကပ် နေပါရပြီး၊ လုပ်တာကိုင်တာတွေကလဲ ယောင်္ကျားလေးတွေ လုပ်တဲ့ အလုပ်တွေဖြစ်နေတော့ အိမ်မှုရေးရာကိစ္စများကို နည်းနည်းမှ မသိတတ်ခဲ့ဘူး။ ဂျာနယ်ကျော်မမလေးရဲ့ စာတွေဖတ်လို့ မော်လို သက်သက်လို မမြတ်လေးလို မစောလင်းလို ဝေေ၀လို မိန်းမတွေ ရှိတယ်ဆိုတာ သိပါရဲ့။ နှစ်လိုပါရဲ့။ အားတော့ မကျဘူး။ ကိုယ်မှ အဲလို မလုပ်နိုင် မနေနိုင်တာကို ရှင်းရှင်းကြီး သိနေတာကိုး။
ကျွန်မကို အမတယောက် အော်တို ရေးပေးဖူးထားတာရှိတယ်။ “မိန်းမဆန်တဲ့ မိန်းမတယောက်မဖြစ်ပါစေနဲ့” တဲ့။ ငယ်တုန်းကတော့ သိပ် ခိုက်တဲ့စကားပေါ့။ မိန်းမ မပီသတာကိုဘဲ ဂုဏ် လုပ်လိုက်ပါသေးတယ်။ လူု့အဖွဲ့အစည်းမှာ မိန်းမသားတို့ နေရာ ဘယ်လောက် အရေးကြီးတယ် ဆိုတာ သဘောမပေါက်ခဲ့ဘူး။
လူတွေက မိန်းမပီသတယ်ဆိုတာ အချက်အပြုတ် အချုပ်အလုပ် အိမ်ထောင်စီမံ ဒါကိုဘဲ အရင်ပြေးမြင်ကြတယ်။ အမျိုးသမီးတွေ ကိုယ်တိုင်က ဒီလိုဘဲတွေးကြတယ်။ ကိုယ်နဲ့မဆိုင်တဲ့ အရည်အသွေးဘဲလို့ ခပ်ဖယ်ဖယ် နေပြီး အဲလိုလုပ်နေရတာကိုဘဲ မသိစိတ်က ဂုဏ် ခံ နေတာပါ။
အိမ်ထောင်စု တခုကို စီမံအုပ်ချုပ်ရတဲ့အချိန် ကွဲ တော့တာပါဘဲ။ တကယ်ပါ။ ဈေး ကောင်းကောင်း မ၀ယ်တတ် ဘာဟင်းနဲ့ဘာ တွဲဖက်မိသလဲ မသိ၊ ရာသီနဲ့လိုက်အောင် မစီစဉ်တတ်၊ ဘတ်ဂျက်နဲ့ မကိုက်လို့ ပြူးပြဲရ။ တအိမ်လုံးကိုလဲ ပြောင်လက် နေချင်သေးတယ်။ ကြမ်းနင်းလိုက်လို့ ဖုန်နည်းနည်းရှိတာနဲ့ မကြိုက်သူလဲ ဖြစ်ပြန်တော့ အိမ်ထောင်တခုလုံး ထိန်းသိမ်းရတာဆိုတာ မလွယ်တဲ့ကိစ္စပါလားလို့ သဘောပေါက်တော့တယ်။
အလုပ်ခွင်မှာတော့ ကောင်းစွာစီမံ အုပ်ချုပ်လုပ်ကိုင်နိုင်ပါရဲ့။ အိမ်ထောင်မှုတော့ ဇယားမကိုက်လှဘူး။ တကယ် ရှက်စရာ ကောင်းတာပါ။ မိန်းမ မပီသတာကို ဂုဏ်လုပ်ခဲ့သမျှ အပြင်အလုပ်နဲ့တန်းတူ အိမ်ထောင်စီမံထိမ်းသိမ်းမှု အရေးကြီးတာ ဂျာနယ်ကျော်မမလေးပြောခဲ့တာ ဒီတော့မှ နား ပေါက်တာပါ။

သူလိုမိန်းမမှာ ဂျာနယ်ကျော်မမလေး ရေးခဲ့တာ ကြည့်ပါ။ သူကတော့ မိန်းမ ပီသတယ်ဆိုပြီး အိမ်ထဲ ကုပ်နေတဲ့လူကို အားမလိုအားမရနဲ့ ပြောခဲ့တာ။
“မိန်းမပီပီသသနဲ့ အိမ်မှုရေးရာကို စေ့စေ့စပ်စပ် သန့်သန့်ပြန့်ပြန့် ကျကျနန လုပ်တတ်တာနဲ့ မိန်းမပီသတယ် လိမ္မာတယ် မခေါ်နိုင်သေးဘူး၊ ရေရေလည်လည် ချက်ချက်ချာချာရှိမှ အဘက်ဘက်က ပြည့်စုံတယ်ခေါ်ရမှာဘဲ။ မိန်းမပီသရုံလေး ဘာလုပ်ဘို့လဲ။ သတ္တိ ဗျတ္တိ ပညာ ဥာဏ်မရှိရင် မခက်ဘူးလား”
“အိမ်အလုပ် လုပ်တတ်ရုံနဲ့ မိန်းမပီသလှပြီရယ်လို့မထင်နဲ့၊ မိန်းမဆိုတာ ကြောက်သင့်မှကြောက်ရမယ်။ ရှက်သင့်မှ ရှက်ရမယ်၊ တကယ့်မိန်းမဖြစ်ချင်ရင် မိန်းမအမူအရာနဲ့ ယောင်္ကျားစိတ်ရှိရမယ်။ အဲလိုမရှိရင် အရှင်လတ်လတ် မသုံးမ၀င်ဘဲ သေရော။ ဒါနဲ့ မပြီးသေးဘူး။ လူမှုလူရေး လူရာ ကျယ်ဝန်းတဲ့ကိစ္စမှာ ပါးရမယ်။ နပ်ရမယ်။ ဖျတ်လတ်ရမယ်။ လိမ္မာရမယ်။ ဥာဏ်ရှိရမယ်။ ရဲရင့်မယ်။ အဲဒါမရှိရင် ပန်းပုဆရာ ထု ထားတဲ့ အရုပ်လိုပဲ ဖြစ်မနေဘူးလား။
ကျွန်မတို့ကတော့ ပြောင်းပြန်။ အပြင်ကိစ္စတွေမှာ စေ့စပ်ရောရာသလောက် အိမ်ကိစ္စကတော့ လပေါ်သရေတွေ ဖြစ်နေခဲ့တာ။
ကိုယ်မလုပ်ချင်လို့ပါ လုပ်ချင်ရင်ဖြစ်တယ်ဆိုတဲ့ မာနကလေး ရှိနေတော့ ကြိုးစားသင်ယူရတော့တယ်။ အပိုးတော့ မကျိုးဘူး။ အောက်ခြေ မစေ့ဘူး။
ရင်နင့်အောင်မွှေး ထဲက မော်နဲ့ စိုး ဟာ မြန်မာအမျိုးသမီးတွေကို ခေတ်ဆန်တာနဲ့ခေတ်မီတာ ဘာကွာသလဲ မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်ယူဘွယ်မြတ်နိုးဘွယ် အကျင့်စရိုတ် အနေအထိုင် အပြုအမူဟာ ဘာတွေလဲ အနေအထိုင်လော်မာတယ်ဆိုတာ ဘာလဲ မတူတဲ့ သမီး ၂ယောက်ကို ကွင်းကွင်းကွက်ကွက်ကြီး မီးထောင်းထိုးပြခဲ့တာ။ သူ့စာတွေကိုကြိုက်လှချည်ရဲ့ ဖြစ်ခဲ့သူဟာ သူ ပြသခဲ့တဲ့ မီးမောင်းကို မမြင်မိခဲ့ဖူး။ ကျွန်မ တော်တော် ညံ့ပါတယ်။
မမလေးဆိုတဲ့ အမျိုးသမီး သိပ် Capable ဖြစ်တဲ့မိန်းမလို့ သိန်းဖေမြင့်က မှတ်ချက်ချသတဲ့။ အိမ်ထောင်ရှင်မဘ၀ စာရေးသူဘ၀ မိခင်ဘ၀ တိုင်းရင်းဆေးဆရာဘ၀ သူ အကုန်လုံး ပိပိရိရိ သေသေသပ်သပ် အောင်အောင်မြင်မြင် ရှိလှတယ်။ အနေအထိုင် အဆင့်မြင့်သလို စိတ်နေသဘောထား အထက်တန်းစား အမျိုးသမီးပါ။ မြန်မာအမျိုးသမီးတွေကို အထက်တန်းအမျိုးသမီး ဖြစ်စေချင်တဲ့ စေတနာကြောင့်ရေးတဲ့ သူ့ဇာတ်ကောင်တွေ ပြည့်စုံတဲ့ ဇာတ်ကောင်တွေပါ။ သူတို့လို တို့ မဖြစ်နိုင်ဘူး တကြော်ကြော် အော် ခဲ့သူများလည်း အချိန်တန်တော့ မိန်းမသားဗီဇ စရိုက်လက္ခဏာကြောင့် ပြောင်းလဲ ခဲ့တာပါဘဲ။
သူခေတ်နဲ့သူဖြစ်လို့ ဂျာနယ်ကျော်မမလေးကတော့ အိမ်တွင်းက အပြင်ထွက်ကြည့်ဘို့ နှိုးဆော်ခဲ့ပါတယ်။ သူ့စာ ဖတ်ပြီး သူ့ဇာတ်ကောင်တွေကို နှစ်လိုခဲ့သူကတော့ အပြင်ကနေ အိမ်ထဲ ပြန်ဝင်ပြီး မိသားစုကို ကောင်းစွာ စီမံနိုင်တဲ့ မိန်းမသားဘ၀ဆိုတာ ဘယ်လိုလဲ ပြန်ကြည့်ရပါအုန်းမယ်။
May Kyi
Entry filed under: ဂျာနယ်ကျော်မမလေး, Sharing. Tags: .

1.
kay | October 25, 2011 at 4:32 pm
Name was wrong above.( auto type in )
2.
kaythweay | October 25, 2011 at 4:30 pm
ဖတ် လို့ ကောင်း တယ်။ ချက်ကျ လက်ကျ
အင်း..ဟုတ်တယ်
မိန်းမ မပီသ တာ ကို ဂုဏ်ယူ တတ်ခဲ့ ကြ ဖူးတယ်
တကယ်တော့..ကညာ စစ် လွန်းပြီး ပျော့် ရင်သာ မကြိုက်တာပါ
အိမ်မူ ကိစ္စ ဆိုတာ..တကယ် အရေး သိပ်ကြီးတယ်။