ခမည်းကြိုး ၊ဆူးပန်းခွေ နဲ့ ခင်ခင်ထူး
October 20, 2011 at 4:30 pm Leave a comment
Beauty မဂ္ဂဇင်းပါ စာရေးသူ၏ အခန်းဆက် ၀တ္ထုရှည်ကြီးကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ စာပေဟောပြောပွဲခရီးခု၌ စာရေးသူသည် မြို့ငယ်လေးတစ်မြို့၌ မိန်းမသားတစ်ဦးတည်းနေသည်ဆိုသော အိမ်တစ်အိမ်၌ တည်းခိုခဲ့ရာမှ ထိုအိမ်ရှင်အမျိုးသမီး၏ စိတ်ဝင်စားဖွယ် ဂမ္ဘီရဆန်ဆန် နောက်ကြောင်းဇာတ်လမ်းကို သိရှိခဲ့ရသည်။ ရန်ကုန်ရောက်သောအခါ ထိုအိမ်ရှင်မိန်းမသား ပြောပြသော ဘ၀ဇာတ်လမ်းကို ချဲ့ထွင်၊ မြန်မာ့သစ်တောသမိုင်းစာအုပ်များမှ အချက်အလက်များကို ရယူ၊ ခင်ကြီးဖျော်၏ “ကဝေသာရ”ကျမ်းအစရှိသည့် ရှေးဟောင်းပညာရပ်ဆိုင်ရာ စာအုပ်များမှ အချက်အလက်များကို အလျဉ်းသင့်သလို ထည့်သွင်းကာ ယခုဝတ္ထုရှည်ကြီးကို ရေးသားလိုက်ခြင်းဖြစ်သည်။ (from Myanmar Book Shop website)
MBS မှာ ခင်ခင်ထူးစာအုပ်အသစ်ထွက်တဲ့ အညွန်းကို ဖတ်လိုက်ရတော့ စိတ်ဝင်စားသွားတယ်။ ဒီတစ်အုပ်တော့ အပြောင်းအလဲလေးဖြစ်မယ်ထင်တယ်ပေါ့။ မဟုတ်ရင် ခင်ခင်ထူး ရဲ့ စာအုပ်တွေကို ဖတ်ရတာ စိတ်က နဲနဲ ညည်းငွေ့လာသလို ဖြစ်နေပြီ ။ အရင်တုန်းက တော့ ခင်ခင်ထူးကို ဖတ်ရခဲတဲ့အညာဓလေ့တွေ အညာစရိုက်တွေ နဲ့ ဇာတ်လမ်းတွေ ဇတ်ဆောင်တွေကို ပိုင်ပိုင်နိုင်နိုင်ဖန်တီးတတ်တာကို သိပ်သဘောကျခဲ့တာ။ ထွက်သမျှစာအုပ်တွေအကုန် ၀ယ်စု၊ ၀တ္တုအတို ပေါင်းချုပ်တွေဆိုတာလဲ ဆယ်အုပ်လောက် မကလားပဲ။ သေချာတော့မေ၇တွက်ထားမိဖူး။ အရှည်တွေ လဲ မအိမ်ကံ ဆိုဝယ်ထားယုံမကဖူး ခင်ခင်ထူးကို သဘောကျတဲ့ သူငယ်ချင်းတွေအတွက် မွေးနေ့လက်ဆောင်ဆို အဲဒီစာအုပ်ပဲ အမြဲ ၀ယ်ပေးတဲ့အထိ အားပေးတာ။
ရန်ကုန် ပြန်တုန်း က ၀ယ်လာခဲ့ တဲ့ ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင် ဆိုတဲ့ စာအုပ်ကို ဖတ်လိုက်တော့ နဲနဲ အီသွားတယ်။ အရသာ တခု ဆိုတာ ခဏ ခဏ ခံစားရဖန်များရင် အီသွားတတ်တယ်ထင်ပါရဲ့ ။ အညာအကြောင်းတွေလဲ မဖတ်ချင်တော့ပါဖူး ရယ်လို့တောင် တွေးမိလိုက်တဲ့အထိပဲ။ ပန်းကြာဝတ်မှုန်ကိုလဲ သဘောတော့ကျခဲ့ပါတယ်။ ဒါပေမယ့် ကဗျာတွေထည့်ထားတာများလွန်းတယ်ပေါ့။ ဆူးပန်းခွေ.. က ရွာလေးတရွာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့တောကျောင်းဆရာမ တယောက်ရဲ့ အတွေ့ အကြုံဇတ်လမ်း။ စာရေးသူရဲ့ ကိုယ်တွေ့လေးတွေလဲ ပါတယ်လို့ ဆိုတယ်။ ထုံးစံအတိုင်း အညာဓလေ့ ရွာဓလေ့တွေနဲ့ ..ဒီစာအုပ်မှာတော့ ဆရာကြီးမင်းသုဝဏ် ရဲ့ ကလေးကဗျာတွေရယ်ထည့်သုံးထားတယ်။ အဲဒီစာအုပ်ကို ဖတ်တော့ စိတ်ထဲမှာ မစွဲလှလို့ တစ်ခန်းနှစ်ခန်း ဖတ်လိုက် ချထားလိုက်နဲ့ ဖတ်တာ ဆယ်ရက်လောက်နေမှ ဖတ်လို့ပြီးတယ်။ ဖတ်လို့ တော့ ကောင်းပါတယ်။ ဖန်တရာထပ်ပြီးရိုးစင်းလွန်းတဲ့ ဇာတ်လမ်းမှာ စာရေးဆရာမက အဆာပလာတွေ ထည့်ပေးတာ တော်လို့ သာအဆုံးထိဖတ်ဖြစ်တာပဲ။ ရယ်ရ ပြုံးရတာလေးတွေလဲ၇ှိတယ်။ ဒါပေမယ့် အဲဒီထဲက ကျောင်းဆရာမဇာတ်ကောင်ကို ဖန်တီးထားတာ စရိုက်သိပ်မနိုင်သလိုမျိုး ခံစားမိတယ်။ တခါတခါမှာ စရိုက်က တမျိုးဖြစ်သွားတတ်တာလေးကလွဲရင် ဖတ်လို့ တော့ မဆိုးတဲ့စာအုပ်ပါ။ ဒါပေမယ့် ကြိုက်လှချည်ရဲ့ ဆိုတဲ့ခံစားမှုမျိုးမပေါ်လာတဲ့ အပြင် နောက်တခါလဲ ဒီလို အညာအကြောင်းတွေနဲ့ ဇာတ်လမ်းရိုးရိုးသာဆို ဖတ်ရမှာတောင်ပျင်းစရာကြီးပဲ လို့ တောင် စိတ်နည်းနည်းပျက်မိတယ်။
အဲ..ခမည်းကြိုး ကိုတော့  အညွန်းဖတ်လိုက်မိထဲက အရသာသစ်လေးပဲထင်တယ်လို့ မျှော်လင့်တဲ့စိတ်နဲ့ စာတိုက်ကတောင်မပို့ ခိုင်းပဲ စီးတီးဟော ဆိုင်တွေကနေ ရန်ကုန်ကို မှာတယ်။နှစ်ပတ်သုံးပတ်မစောင့်နိုင်တော့ဖူး။ ဖတ်ချင်လှပြီလေ။ စာအုပ်ထုတ်ရောက်လာတော့ ညနေပိုင်းမှ။ သွားယူပြီး ပြန်လာတော့လဲ ညစာအတွက်လုပ်ရ အိမ်အလုပ်တွေ လုပ်ရနဲ့ စာအုပ်ကိုင်ဖြစ်တော့ ည၁၂ နာရီလောက်ရှိနေပြီ။ တစ်ခန်းလောက်ဖတ်ပြီး နောက်နေ့မှ ဆက်ဖတ်မယ်ပေါ့။ ဒါပေမယ့် စာအုပ်ကို ကိုင်လိုက်ကထဲက ဆွဲခေါ်သွားလို့ လက်ကမချနိုင်ဖြစ်သွားတာ မနက်သုံးနာရီထိ ကို ဆက်တိုက်ဖတ်ဖြစ်လိုက်တယ်။

ကိုယ်ကလဲ အဲဒီလို ဂမ္ဘီရဆန်ဆန် ကိစ္စမျိုးတွေကို လုံးဝယုံကြည်လှတယ်မဟုတ်တောင် မယုံဖူးရယ်တော့လည်း မပြောတဲ့သူတဲ့ထဲမှာပါသူ၊ တခါတလေမှာ လျှိ့ဝှက်သဲဖိုဝတ္တုတွေဖတ်ရတာ၊ရုပ်ရှင်တွေကြည့်ရတာကိုသဘောကျသူဆိုတော့ ဒီဇာတ်လမ်းကိုသဘောကျတာလဲဖြစ်နိုင်ပါတယ်။ လုံးဝမယုံကြည်တတ်သူအဖို့တော့ အလကားဟာတွေလျှောက်ရေးထားတယ်လို့လဲ ထင်ကောင်းထင်မှာပေါ့။ စဖတ်လိုက်ထဲက ဇာတ်လမ်းထဲမျောသွားတာ စိတ်ထဲမှာ မွန်းမွန်းကျပ်ကျပ်ဖြစ်လာလိုက်၊ အသက်ရှုတောင်မ၀တော့ဖူးလို့ ဖြစ်လိုက်၊ စိုးရိမ်လိုက်နဲ့ ရသအဖုံဖုံခံစားပြီး ဇာတ်သိမ်းကျတော့လဲ ဇာတ်ကောင်အမျိုးသမီး စုံစမ်းနေတဲ့ကိစ္စဟာ ဒီလိုဖြစ်နိုင်တာပဲ ဆိုတဲ့ အဖြေကို အစထဲက နည်းနည်းရိပ်မိနေပေမယ့် မထင်မှတ်တဲ့ ကိစ္စတခုနဲ့ စာဖတ်သူကိုအံ့အားသင့်သွားအောင်လဲ ဖမ်းစားလိုက်နိုင်သေးတယ်။ အရင် ဆူးပန်းခွေ စာအုပ်တုန်းကတော့ ဇာတ်ဆောင်အမျိုးသားနဲ့ အမျိုးသမီး ကိုဇတ်ပေါင်းပေးလိုက်တာတောင် စိတ်ထဲမှာ မကျေမနပ်ကြီး။ သူက သူ့ဇာတ်ကောင်မိန်းကလေးကို အလုပ်တွေပဲလုပ်နေပီး အိမ်ထောင်မပြုချင်သူပါလို့ ခါးခါးသီးသီးဖြစ်ခိုင်းထားပြီးမှ ဘတ်ကနဲ ပေးစားလိုက်သလိုဖြစ်နေတာကိုး။ ဒီ စာအုပ်မှာတော့ ဇတ်ပေါင်းပေးလိုက်တာလေးကလဲ ကျေနပ်စ၇ာ။ စာအုပ်တစ်အုပ်ကို ဖတ်နေတုန်းမှာ၊ဖတ်ပြီးသွားတဲ့အခါမှာ သဘောတကျဖြစ်ရတဲ့အရသာက ဘာနဲ့ မှ မလဲနိုင်ဖူး။
ယုံချင်သူတွေလဲယုံ၊မယုံကြည်လဲနေလို့ ရတဲ့ သစ်တောကြီးထဲက သစ်တောဝန်ထမ်းတွေကြုံရဆုံရတဲ့ ဖြစ်ရပ်ဆန်းတွေကလဲ စိတ်ဝင်စားဖို့အတော်ကောင်းတယ်။ အိမ်ရှင်အမျိုးသမီးရဲ့ စရိုက်ကိုသရုပ်ဖော်တာလဲ အတော်ကိုပီပြင်တော့ ဖတ်နေရင်း ကိုယ့်ေ၇ှ့ ငုတ်တုတ်များရောက်နေမလား တောင်ကြောက်မိသေး။ တခြားဇာတ်ကောင်တွေလဲ စိတ်ဝင်စားစရာကောင်းအောင် သရုပ်ဖော်နိုင်တော့ အကုန်လုံး သဘာဝကျကျ အသက်ဝင်နေသလိုပဲ။
ဆူးပန်းခွေ ..၀တ္တုကို စင်ရော်မောင်မောင်က ရုပ်ရှင်ရိုက်ဖို့ ၀ယ်ထားတယ်လို့ ဖတ်လိုက်၇တယ်။ ဒီတော့ ဖန်တရာတေထပ်နေတဲ့ ဇာတ်လမ်းကျောရိုးမျိုးက နေ ပေါ်လစီကားဆံဆံလိုပဲထွက်လာမယ်ထင်ပါရဲ့။ ပန်းကြာဝတ်မှုန်တောင် ရုပ်ရှင်ကြည့်ဖို့ကို စိတ်မ၀င်စားလှဖူး။ ခမည်းကြိုး ၀တ္တုကတော့ ရုပ်ရှင်သာရိုက်မယ်ဆိုလဲ စိတ်ဝင်စားဖို့ ကောင်းမယ်ထင်တယ်။ ဇာတ်ဆောင်ပယောဂဆရာမ အိမ်ရှင်အမျိုးသမီးနေရာမှာ ထွန်းအိနြာဘို ဆို ကောင်းမလားလို့တောင် မြင်ယောင်ကြည့်နေမိသေးတယ်။ ဒါပေမယ့် စာအုပ်ကပေးတဲ့ ရသကို အပြည့်ပေါ်လွင်အောင်တော့ ဘယ်ဒါရိုက်တာမှရိုက်နိုင်မယ်မထင်ပါဖူး။ ဒီတော့ စာအုပ်ကိုကြိုက်ရင် စာအုပ်ကိုပဲဖတ်၊ ရုပ်ရှင်ကြည့်ချင်လဲ သတ်သတ်ကြည့် ရုပ်ရှင်ကြည့်နေတုန်းမှာ စာအုပ်ထဲက ဇတ်လမ်းကို မတွေးတာပဲကောင်းမယ်ထင်ပါရဲ့။
ဆက်ရေးရင်တော့ စာအုပ်ကြေငြာပဲ ဖြစ်တော့မယ်
။ သဘာဝလွန်ဖြစ်ရပ်ဆန်းများကို စိတ်ဝင်စားတတ်သူတွေအဖို့ တော့ ဒီစာအုပ်က ဖတ်လို့ ကောင်းမယ့် ရသအပြည့်ပေးနိုင်တဲ့ စာအုပ်တစ်အုပ်ပါပဲလို့ အကြိုက်တူမယ့်သူတွေကို လက်တို့တာပါ။
Entry filed under: ဖတ်ဖြစ်တဲ့စာအုပ်တွေအကြောင်း, Sharing. Tags: .

Trackback this post | Subscribe to the comments via RSS Feed