မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၃၂)
June 23, 2011 at 4:29 pm Leave a comment
ကျွန်တော်သည် မြို့ထဲသို့ ရောက်လျှင် ဂျာနယ်ကျော်မမလေး ၏ ရုံးခန်းမှာ အမြဲလိုလို စတည်းချသည်။ မြို့ ထဲ၌ ချိန်းစရာရှိလျင် သူ့ရုံးခန်းမှာပင် ချိန်းသည်။ သူ့ရုံးခန်းတွင် လူဗာမှန်တွေ တပ်ထားသည့် ထပ်ခိုးရှိသည်။ နေ့လည်နေ့ ခင်း ပင်ပန်းလျှင် အပေါ်သို့ တက်၍ တရေးတမော အိပ်နိုင်သည် ။ ရေချိုးခန်းအဆင်သင့်ရှိသဖြင့် ရေချိုးချင်လျှင် ချိုးနိုင်သည်။ အများအားဖြင့် နံနက်စာကို သူ့ ရုံးခန်းမှာပင် ကျွန်တော် စားသည်။
သူက အိမ်မှ ထမင်းချိုင့် ယူလာလျှင် ကျွန်တော့ အတွက်ပါ ပို၍ ယူလာတတ်သည်။ တခါတရံ ကျွန်တော် ထမင်းမစားလျှင် “ရှင်ဘယ်ကစားလာသလဲ။ ကျွန်မတို့ က ရှင့်ကိုစောင့်နေတာ “ဟု ပြောတတ်သည်။ ကိုအောင်ဇေယျရော သူပါ အလုပ်များသူများ ဖြစ်သဖြင့် နံနက်စာစားလျှင် နေ့လည် ၁၂ နာရီလောက်မှ စားတတ်ကြသည်။
ဂျာနယ်ကျော်မမလေးသည် စာရေးချိန်ရအောင် ပုံနှိပ်တိုက်လုပ်ငန်းများကို လွဲထားသော်လည်း စာများများ မရေးဖြစ်တော့ပါ။ သွေး သည် သူ၏ နောက်ဆုံးဝတ္တရှည်ဖြစ်ပါသည်။
၁၉၇၃ တွင် ဂျာနယ်ကျော်မမလေးသည် သွေး ၀တ္တုကို ရှုမ၀ မဂ္ဂဇင်းတွင် ရေးခဲ့သည်။ သွေး ၀တ္တု မရေးခင်က ဂျာနယ်ကျော်မမလေးသည် သူ့ဇာတ်လမ်းကို ပြောပြသည်။ ဂျာနယ်ကျော်မမလေးသည် ၀တ္တုရှည်တိုင်းကို စိတ်ကူးထဲတွင် ပြီးအောင် ရေးပြီးမှ ချရေးခြင်း ဖြစ်သည်။
ထို့ ကြောင့် သူ့ ၀တ္တု များသည် ပျော့ကွက် ဟာကွက် ဟူ၍ သိပ်မရှိလှ။ သူသည် သူ့ဝတ္တု ကို ဘယ်နေရာတွင် အထွတ်အထိပ်သို့ ပို့ ပြီး ဘယ်နေရာတွင် အဆုံးသတ်မည်ကို ကြိုတင်တွက်ထားပြီးသား ဖြစ်သည်။ သူသည် ဒဂုန်ခင်ခင်လေး လိုပင် ပုံပြောကောင်းသူဖြစ်သည်။ သူ့ ၀တ္တု ရေးဟန်သည် သူနေထိုင်လှုပ်ရှားဟန်လို ခမ်းနားပြေပြစ်သည်။သူ့ ၀တ္တု ကို ဂရပ်ဆွဲ ကြည့်လျှင် အစတွင် မျဉ်းကွေးသည် တဖြည်းဖြည်း ခပ်ပြေပြေ တက်လာပြီး နောက်အဆုံးသို့ ရောက်ခါနီးတွင် ထိုးတက်သွားသည်။ မျဉ်းကွေးအောက်သို့ ပြန်ကျချိန်ကို အချိန်များများမပေး။
သွေး ၀တ္တု ၌ ဇာတ်လမ်းသည် ဇတ်အရှိန်ကို တဖြည်းဖြည်း ဆွဲယူလာခဲ့သည်။ ၀တ္တု စစချင်း မောင်မောင် က သူမုန်းတီးသည့် ဂျပန်မလေး ယုမိစံကို နည်းမျိုးစုံဖြင့်ရှောင်သည်။ ထို့နောက် သူ့အမ ဖြစ်ကြောင်းကို သိသွားသည့် အခန်းသည် ဇာတ်လမ်း၏ အထွတ်အထိပ် ဖြစ်သည်။
ထို အထွတ်အထိပ်သို့ ရောက်ချိန်သည် မောင်မောင် ကျိုက်စကော ကျောင်းသို့ေ၇ာက်ပြီး အမူးသမားနှင့် ရန်ဖြစ်စဉ် နောက်မှ လိုက်လာသည့် ယုမိစံ မတော်တဆ အရိုက်ခံရပြီး ခေါင်းမှ သွေးတွေ ဖြာကျလာချိန်အထိ ကြာသည်။
ဂျာနယ်ကျော်မမလေးသည် စာမျက်နှာ ၅၀၀ ခန့် ရှိသည့် ၀တ္တု ရှည်ကြီး ထဲတွင် စာဖတ်သူကို တဖြည်းဖြည်း ဆွဲခေါ်လာခဲ့ပြီး စာမျက်နှာ ၄၀၀ သို့ အရောက်တွင် အထွတ်အထိပ်သို့ ရောက်အောင် ပို့လိုက်သည်။
မောင်မောင်သည် ယုမိစံ ခေါင်းမှ သွေးတွေ ဖြာထွက်လာသည်ကို မြင်ရသည့်အခါတွင် မောင်မောင်၏ ကိုယ်ထဲတွင် ရှိသော သွေးတို့ ဆူပွက်လာကာ ယုမိစံသည် မိမိ၏ သွေးချင်းဖြစ်ကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ သွေးကိုမြင်သည့်အခါတွင် ကိုယ့်သွေး ကိုယ့်သားမှန်းသိလိုက်ကြောင်းကို ဂျာနယ်ကျော်မမလေးက ကျွမ်းကျင်စွာဖွဲ့ ထားသည်။ ဤအချက်သည် စေ့စပ်သေချာသော ၀တ္တုရေးဆရာ၏ စုတ်ချက်ဖြစ်သည်။ ဂျာနယ်ကျော်မမလေးဆန်သော နည်းနာ ဖြစ်သည်။
ထိုစုတ်ချက်ဖြင့် သွေးစက်ကိုရေးပြကာ သွေး ဆိုသည့် ပန်းချီကားကြီးကို ပြည့်စုံအောင် ခြယ်မှုန်းပြသွားခဲ့လေသည်။
ယုမိစံခေါင်းမှ ဖြာထွက်လာသေည သွေးတို့ ကို မြင်လိုက်သည် နှင့် မောင်မောင်၏ ခက်ထန်သော စိတ်၊အစိုင်အခဲဖြစ်နေသော အမုန်းတို့ သည် အရည်ပျော်ကျသွားခဲ့လေ ပြီ။
ဂျာနယ်ကျော်မမလေးသည် ဇာတ်လမ်း၏ အထွတ်အထိပ်ကို ထိုနေရာမှာပင် ရပ်တန့်ထားခြင်းမပြု။ ဇာတ်လမ်းအရှိန်အနည်းငယ် ကျသွားသည် နှင့် နောက် အထွတ်အထိပ်တခု ကို သူတည်ဆောက်သည်။ ယုမိစံ ဆေးရုံမှ ဆင်းပြီး ဂျပန်ပြည်သို့ ပြန်ခါနီးတွင် နောင်တရသွားသော မောင်မောင်သည် သူ့အစ်မကိုတောင်းပန်ရန် လေယဉ်ကွင်းသို့ လိုက်သွားသည်။ လေယာဉ်ကွင်းသို့ ရောက်သည့်အခါတွင် ယုမိစံမှာ လေယဉ်ပေါ်သို့ ရောက်နေလေပြီ။ လေယာဉ်လှေကားမှ ရပ်၍ လက်ပြနေသော ယုမိစံကိုသာ သူမြင်ရတော့သည်။
လေဆိပ်ဧည့်ခန်းတွင် မမှီမကမ်းဖြင့် ကျန်ရစ်ခဲ့သော နောင်တရ သွားသော၊ပျော့ပျောင်းသွားသော မောင်မောင်၏ ရုပ်ပုံလွှာဖြင့် သူ့ ၀တ္တု ကိုအဆုံးသတ်သွားကာ စာဖတ်သူကို လေထဲတွင် တန်းလန်း ချန်ပစ်ခဲ့သည်။
ဂျာနယ်ကျော်မမလေး မှာ ၀တ္တုတပုဒ်ရေးတော့ မည်ဆိုလျှင် ဇာတ်လမ်းကိုလည်းအခြားသူများအားပြောပြတတ်ပြီး စိတ်ကူးဖြင့်လည်းကောင်း၊ ပါးစပ်ဖြင့်လည်းကောင်း ရေးပြပြီးမှ စာရွက်ပေါ် ချရေးတတ်သူဖြစ်သည်။ ထို့ ကြောင့် အများအားဖြင့် သူ့ ၀တ္တုများသည် အပြစ်ကင်းစင်နေကြခြင်းဖြစ်သည် ဟု ကျွန်တော်ထင်ပါသည်။
သွေးကို မရေးမီတွင် ဂျာနယ်ကျော်မမလေး က ဇာတ်လမ်းကို ပြောပြသည်။ ဂျပန်အမျိုးသမီးလေး တယောက် က မြန်မာနိုင်ငံတွင် ရှိသည့် သူ့အဖေနှင့် မြန်မာအမျိုးသမီး တို့ မှ မွေးသည့် မောင်ငယ်ကလေးတစ်ယောက်ကို လိုက်ရှာသည့် ဇာတ်လမ်း။ မောင်ငယ်က ဂျပန်ကို မုန်းသူ။
ရည်ရွယ်ချက်ကတော့ မြန်မာ-ဂျပန် ချစ်ကြည်ရေးပေါ့လေ။
ဂျာနယ်ကျော်မမလေးသည် ဂျပန်ပြည်သို့ နှစ်ခေါက် ရောက်ဖူးသည်။ (သွေးကို ရေးပြီသည့် နောက်တွင် တခေါက်ထပ်ရောက်သေးသည်။ ) ဂျပန်လူမျိုးတို့ အပေါ်တွင် သံယောဇဉ်ရှိသည်။
ဂျပန်အမျိုးသမီးတို့ ၏ ယဉ်ကျေးသိမ်မွေ့ မှုကို သူသဘောကျသည်။ ထိုစေတနာအခံဖြင့် ရေးဖွဲ့ ထားသော သူ့ဇတ်လမ်းသည် ဆွတ်ပျံ့ ဖွယ်ဖြစ်နေသည်။
ကျွန်တော်သည် မဂ္ဂဇင်း ၀တ္တု ရှည်အဖြစ် နှင့်တုန်းက သွေးကို လစဉ်မဖတ်ဖြစ်လိုက်ပါ ။ စာအုပ်ထွက်သည့် အခါမှသာလျှင် တထိုင်တည်း ဖတ်လိုက်ရပါသည်။ လုံးချင်းဝတ္တု အဖြစ် တထိုင်တည်း ဖတ်လိုက်ရသည့်အခါတွင် သူ့ ၀တ္တု သည် ပြောပြစဉ်တုန်းကထက်ပင်ကောင်းနေသည်။ စွဲမက်စဖွယ်ဖြစ်နေသည်။ ၀တ္တု တပုဒ်အနေဖြင့် ဘာမျှ ပြောစရာမရှိ။
“ရှင် ဖတ်ပြီးပြီလား။” ဟု ဂျာနယ်ကျော်မမလေး က ကျွန်တော့်ကို မေးသည်။
“ဖတ်ပြီးပါပြီ။”
“ထင်မြင်ချက်ပေးပါဦး”
“၀တ္တု တစ်ပုဒ်အနေနဲ့ ဘာမှပြောစရာမရှိပါဖူး။ ဇာတ်လမ်းဆင်ပုံ ၊ဇာတ်ကွက်ဖော်ပုံ၊ဇာတ်ဆောင်စရိုက်ဖွဲ့ ပုံ အားလုံးကောင်းပါတယ်။ ၀တ္တုတစ်ပုဒ်အနေနဲ့ အပြစ်ကင်းပါတယ်။ ပြောစရာမရှိပါဖူး။”
ဂျာနယ်ကျော်မမလေးသည် ကျွန်တော့်ကို စိုက်ကြည့်နေသည်။
“၀တ္တုတစ်ပုဒ်အနေနဲ့ ပြောစရာမရှိရင် ဘာမနေနဲ့ ပြောစရာရှိသေးလဲ။ “
“ကျွန်တော့်ထင်မြင်ချက်ကို ပြောရမလား။”
“ပြောပါ။”
Entry filed under: ဂျာနယ်ကျော်မမလေး. Tags: .

Trackback this post | Subscribe to the comments via RSS Feed