မြသန်းတင့်-ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး (၃၁)
June 22, 2011 at 3:17 pm 2 comments
အခန်း တစ်ဆယ့်ငါး
ရင်းနှီးသော မိတ်ဆွေအချင်းအချင်း ဆက်ဆံရေး၌ တစ်ခါတစ်ရံတွင် အလျဉ်ပြတ်တောက်ကာ အနေဝေးသွားကြသည့် အခါများရှိတတ်တသည်။ အနေဝေးသွားသည့် အကြောင်းကတော့ အမျိုးမျိုး ရှိသည်။ တခါတရံတွင် သဘောထားအယူအဆချင်း မတိုက်ဆိုင်သောကြောင့်၊ တခါတရံတွင် နေထိုင်မှု ဘ၀ ကွာသွားသောကြောင့်၊ တခါတရံတွင် နေရာဒေသအကွာအဝေးကြောင့်၊တခါတရံတွင် မိမိတို့ ထိန်းချုပ်နိုင်စွမ်းမရှိသော ကံအကြောင်းတရား တို့ ကြောင့်။
ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး တို့ ဆက်ဆံေ၇းတွင် သဘောထားအယူအဆ မတိုင်ဆိုင်သည့်အခါများ ရှိခဲ့သည်။ နေထိုင်မှု ဘ၀ကွာခြားမှုတွေ ရှိခဲ့သည်။ သို့ရာတွင် အနေဝေးသည် မရှိခဲ့ပါ။ အမြဲလိုလို အဆက်အသွယ် ရှိနေကြပါသည်။
သို့ ရာတွင် ၁၉၆၄ ခုနှစ် ၁၉၇၂ ခုနစ်ကာလမများတွင်မူ ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေးသည် ကျွန်တော်တို့ ထိန်းချုပ်နိုင်စွမ်းမရှိသော အကြောင်းတရားများကြောင့် အနေဝေးခဲ့ကြသည်။
ထိုကာလလောက်တွင် ကျွန်တော်က အရင် ထိန်းသိမ်းခံပြီး သူက နောက် အထိန်းသိမ်းခံရသည်။ သူက ထိန်းသိမ်းခံရရာမှ အလျင်လွတ်ပြီး ကျွန်တော်က နောက်မှ လွတ်သည်။ ထိုကာလများသည် နှစ်ပေါင်းလေးဆယ် ခန့် ကြာရှည်သော ကျွန်တော်တို့ ဆက်ဆံရေးတွင် အလျဉ်ပြတ်တောက်သွားသော ကာလဟု ဆိုနိုင်ပါသည်။
ကျွန်တော်သည် ကျွန်တော့ အလျင် လွတ်လပ်မှုကို ရသွားသော ဂျာနယ်ကျော်မမလေး ၏ စာများကို အနှောင်အဖွဲ့ အတွင်းမှ ဖတ်ရသည်။ ဂျာနယ်ကျော်မမလေး၏ ရင်မှ တရှိုက် ကို အုတ်နံရံရိတ်မှာဖတ်ရခြင်း ဖြစ်ပြီး သူ၏ ရင်နင့်အောင်မွှေး ကို သံတိုင်ကြားမှာ ဖတ်ရခြင်းဖြစ်သည်။ ဂျာနယ်ကျော်မမလေး၏ အမြင်သည ဘာမျှ ပြောင်းလဲခြင်းမရှိ။ ပို၍ စူးရှလေးနက်လာသည် ဟု ခံစားမိသည်။
၁၉၇၂ ခုနစ် ကျွန်တော် အပြင်သို့ရောက်လာသည့်အခါတွင် သူက ကျွန်တော့်ကို ထမင်းဖိတ်ကျွေးသည်။
သည်တခါ သူ့အိမ်မှာ ဘောက်ထော် မဟုတ်တော့။ တံတားဖြူ ကန်လမ်းထဲက ခေတ်မီသည့် တိုက်အိမ်လေးဖြစ်သည်။
ကျွန်တော် သူ့ အိမ်ဧည့်ခန်းကို အကဲခတ်နေစဉ် အကင်းပါးသော ဂျာနယ်ကျော်မမလေးက ပြောသည်။
“ဒါ ကျွန်မ အိမ်မဟုတ်ဖူးရှင့်။ ဗိုလ်မှုးကြီးခင်မောင်သန်း ရဲ့ အိမ်ကိုငှားနေတာ။ ရှင်နဲ့ လည်း သိတယ်ပြောတယ်။”
ကျွန်တော့်တွင် စစ်ဗိုလ်အသိမိတ်ဆွေ ဟူ၍ သိပ်မရှိလှ။ ထို့ ကြောင့် သူပြောသည့် အမည်ကို ကျွန်တော် စဉ်းစားနေသည်။
“ကိုမင်းရှင်ရဲ့ ညီလေ။ ဒီအိမ်ကိုလဲ ကိုမင်းရှင်ပဲ ငှားပေးတာ။”
သည်တော့ မှ ကျွန်တော် သတိရတော့သည်။ ကျွန်တော် တို့နှင့်ရေးဖော် ရေးဖက် စာရေးဆရာ မင်းရှင်၏ ညီ ကိုခင်မောင်သန်းသည် ၁၉၅၀ တ၀ိုက် ကျွန်တော် တို့တတွေ တက္ကသိုလ်မှာနေစဉ် မင်းရှင်တို့ အိမ်သည် ကျွန်တော်တို့ လူသိုက်၏ စားအိမ်သောက်အိမ်။ သည်တုန်းက ကိုခင်မောင်သန်းသည် ဆယ်တန်းကျောင်းသားလေးသာ ရှိသေးသည်။ ကျွန်တော်တို့ အားလုံး သူ့ကို သူ့အိမ်ကခေါ်သလို ကိုတူး ဟု ခေါ်ကြသည်။ နောင်တွင် သူတို့ ညီအကိုသုံးယောက်လုံး စစ်တပ်ထဲသို့ ၀င်သွားကြသည်။ အကိုကြီးဖြစ်သည့် မင်းရှင်သည တပ်ထဲသို့ အလျင်ဆုံးဝင်ပြီး ဗိုလ်ကြီးဘ၀တွင် တပ်ထဲမှ အလျင်ဆုံး ပင်စင်ယူလာခဲ့သည်။ သူ့ ညီ ကိုတူးကမူ တလျှောက်လုံး တပ်ထဲမှာပင် နေလာခဲ့ပြီး ယခု ဗိုလ်မှုးဖြစ်နေလေပြီ။
“သြော် ကိုတူးရဲက အိမ်ကိုး။ ဒေါ်မမလေး ရဲ့ ဘောက်ထော် က အိမ်ကော။”
ကိုအောင်ဇေယျက ပြုံး၍ ပုခုံးကို တွန့် ပြသည်။ ဂျာနယ်ကျော်မမလေးက သူ့ကို တချက်လှမ်းကြည့်၏။
“မပြောပါနဲ့ တော့ရှင်။ဘောက်ထော်အိမ်က သုံးထပ်သားကာပြီး ဆေးသုတ်ထားတဲ့ အိမ်မဟုတ်လား။ ယာယီနေဖို့ ဆောက်ထားတာ။ ကျွန်မတို့ ပြန်လာတော့ သုံးထပ်သားတွေ အားလုံး ခြစားကုန်ပြီရှင့်။ ဘာမှမရှိတော့ဖူး။”
ဂျာနယ်ကျော်မမလေးက မိတ်ဆွေများအကြောင်းနှင့် သူ့နေရေး ထိုင်ေ၇း ကို ပြောပြသည်။ သမီးအြ့ကီးခင်လေးမြင့်မှာ ပြင်သစ်ပြည်မှ ဘွဲ့တစ်ခုကိုယူ၍ ပြန်ရောက်နေပြီ။ သားလတ်မိုးဟိန်းမှာ သမိုင်းဘာသာရပ်တွင် မဟာဝိဇ္ဇာတက်နေပြီ။ သားကြီး မောင်သိန်းတန်က ယခင်ကအတိုင်းပင်။
“ခင်ဗျားမရှိတုန်း ခင်ဗျားကောင် မိန်းမ နှစ်ယောက်လောက် ရပြီးပြီ ဗျ။”
ကိုအောင်ဇေယျက ပြောသည်။
ဂျာနယ်ကျော်မမလေးသည် အထဲတွင် သုံးနှစ်နီးပါးလောက်နေလိုက်ရသည်။ အပြင်သို့ ပြန်ရောက်လာသည့်အခါတွင် ဂျာနယ်ကျော်မမလေးသည် ဖရိုဖရဲဖြစ်သွားသော သူ့စီးပွားရေးနှင့် သူ့လုပ်ငန်းကို ပြန်၍ ထူထောင်သည်။ ဘ၀ခရီးဖော်ရှိနေပြီ ဖြစ်၍ အလျင်တုန်းကလောက်တော့ ပင်ပန်းဟန်မတူပါ။
“ကျွန်မကတော့ ဆေးကုတဲ့လုပ်ငန်းကိုပဲ လုပ်တယ်လေ။ ကျန်တဲ့ ပုံနှိပ်တိုက်လုပ်ငန်း တို့ ဘာတို့ကိုတော့ ကိုအောင်ဇေယျကို လွဲထားတယ်။ စာများများရေးချင်သေးတယ်ရှင့်။ ဒါကြောင့်မို့ စာရေးချိန်ရအောင်ဆိုပြီး လုပ်ငန်းတွေ သူ့ ကို လွှဲထားလိုက်တော့တယ်။ ”
သူတို့ အလုပ်တိုက်သည် မြို့ ထဲ က မဟာဗန္ဓုလပန်းခြံလမ်း ( ဘားလမ်း) တွင်မဟုတ်တော့။ ယခင်နေရာဟေင်းနှင့်ကပ်ပြီး ၄၇ လမ်းထိပ်က တိုက်ကြီးမှာေ၇ာက်နေသည်။ လမ်းဘလောက်တခုလုံးကို အပြည့်ဆောက်ထားသည့် တိုက်ကြီး အောက်ဆုံးထပ်တွင် အခန်းနှစ်ခန်းငှားထားသည်။ တစ်ခန်းမှာ စက်ခန်း၊ပုံနှိပ်လုပ်ငန်း ၏ရုံးခန်းဖြစ်ပြီး နောက်တခန်းမှာ ဂျာနယ်ကျော်မမလေး၏ ဆေးကုခန်းဖြစ်လေသည်။
Entry filed under: ဂျာနယ်ကျော်မမလေး. Tags: .

1.
Anonymous | September 25, 2011 at 7:10 pm
Thank u… I want to know more about Journal kyaw ma ma lay.. Are there any book like the biography of Journal kyaw ma ma lay?
2.
MDW | June 23, 2011 at 1:22 pm
လာဖတ်သွားတယ် အမရေ …
ကျေးဇူးတင်ပါတယ်။