ပိုစွဲလမ်းရတဲ့သူ ကိုယ်ပဲဖြစ်ပါရစေ
April 14, 2011 at 5:29 pm 2 comments
ဂျူး စာအုပ် အသစ်ကို ထွက်မယ် ဆိုတာ Facebook fan page မှာဖတ်ရကထဲက ခေါင်းစဉ်လေးကို တော့ သိပ်သဘောကျနေတာ။ ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ ဆိုတော့ အချစ်ဝတ္တုလေးများလား ပေါ့။ ဗဟုသုတရတာမှန်ပေမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ၊ NGO အကြောင်းတွေ၊ ပန်းတွေ ပန်းချီကားတွေ ကို အဓိကထားပြီး ဇာတ်အိမ်တည်ထားတတ်တဲ့ နောက်ပိုင်း စာအုပ်တွေကို အ၇င်စာအုပ်တွေလောက် မစွဲလမ်းမိဖူး။ ဖတ်ရတာတော့ သဘောကျတယ်။ ဒါပေမယ့် ရင်ထဲမယ် မကျန်ခဲ့သလိုကြီးခံစားရတယ်။ အဲ ကြယ်ကြွေတို့ရဲ့ အတောင်ပံ ကတော့ ချွင်းချက်။ အဲဒီ ၀တ္တုမှာ ဇာတ်သိမ်းခန်းလေးကို သိပ်သဘောကျတယ်။ ပြန်ဖတ်တိုင်းလဲ မျက်ရည်ဝဲမိတုန်းပဲ။ ကျန်တဲ့ စာအုပ်တွေတော့ ဖတ်ပြီးပြီးသွားရောပဲ။ ပြန်ဖတ်ချင်လဲ အရင်ထဲက လဲကြိုက် ခုထိခံစားလို့ ရနေသေးတဲ့ ပင်လယ်နှင့်တူသောမိန်းမများ၊ကြာတော့သည်လည်းမောင့်စကား၊ မိန်းမတယောက်၏ဖွင့်ဟ၀န်ခံ ချက်တို့ လို့ စာအုပ်တွေပဲ ပြန်ဖတ်ဖြစ်တယ်။
နောက်ဆုံးထွက်တဲ့ စာအုပ်လေးကိုတော့ ခေါင်းစဉ်လေးကို က စိတ်ဝင်စားစရာဆိုပီး ဖတ်ချင်လွန်းလို့ မျှော်နေတာ။ မတ်လထဲ ရန်ကုန်ပြန်တော့လဲ အဲဒီအတောအတွင်းထွက်မယ် ကြားမိလို့ စာအုပ်ဆိုင်တွေရောက်တိုင်း ၀င်မေးရတာအမော။ ရန်ကုန်မှာထွက်ပါပြီ ဆိုတော့လဲ ဖတ်ချင်လွန်းလို့ …ဒီက စာအုပ်ဆိုင်တွေမှာ သွားကြည့်သေး။ မရောက်သေးဖူးတဲ့။ နောက်ဆုံးမှာတော့ ရန်ကုန်က အစ်မကြီးတယောက် ရဲ့ ကျေးဇူးနဲ့ လူကြုံနဲ့ ထည့်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်ရပါပြီ။
ဖတ်ရတဲ့အချိန်မှာတော့ ဖတ်ချင်လှချည်ရဲ့ ဆိုတဲ့ စိတ်က တ၀က်မက လျှော့သွားပြီ။ ဂျူးခရေဇီ သူငယ်ချင်းတယောက်က ဒီတခါစာအုပ်က အရင့်စာအုပ်တွေလောက်မကောင်းဖူး ရယ်လို့ ပြောတယ်။ နောက်ပြီး သူသုံးသပ်ပြတဲ့ ဂျူး ရဲ့ နောက်ပိုင်းဖန်တီးတဲ့ ဇတ်ကောင်အမျိုးသားတွေ စရိုက်၊စာရေးဆရာမရဲ့ အကြောင်း ဘာညာတွေက နားထောင်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒါပေမယ့် personal ဆန်လွန်းတာမို့ မပြောတော့ပါဖူး။ သူ့ ဘ၀နဲ့ အချစ်ရေးကို ဂျူးစာအုပ်တွေက ဘယ်လိုလွှမ်းမိုးတာ အခုတော့ ဘယ်လိုဖြစ်နေတာ ဆိုတာတွေလဲ ပါသေး။ အဲဒါနဲ့ ပြောလိုက်ရသေးတယ်။ စာအုပ်တွေကို သဘောကျတာလဲကျ၊ဖတ်တာလဲဖတ်၊ ဒါပေမယ့် ကိုယ့်ကိုယ်ပိုင်ဘ၀ကိုတော့ ကိုယ့်စိတ်ကြိုက်သာ ဆုံးဖြတ်ပါလေ။ ဘယ်လိုအကြောင်းအရာကမှ အလွှမ်းမိုးမခံနဲ့ လို့။ ၀တ္တုဆိုတာ လက်တွေ့ ဘ၀ကို သရုပ်ဖော်ထားတယ်ဆိုတာမှန်ပေမယ့် ၀တ္တုထဲကလို လိုက်လုပ်လို့ မရတာတွေကအများကြီး။ ဥပမာ-ကြည်အေး၇ဲ့ မြနန္ဒာကို သိပ်သဘောကျစွဲလမ်းပေမယ့် အပြင်ကလက်တွေ့ အိမ်ထောင်ရေးမှာသာ သူလို အားကျပြီးနေထိုင်မယ်ဆို တစ်နှစ်တောင်မခံပဲ ယောကျာ်းနဲ့ ကွဲယုံပဲလို့ထင်တာပဲ။ အဲ ကိုယ်ကသာ မြနန္ဒာလို ချမ်းသာကြွယ်ဝလှပမယ် ဆိုရင်တော့ တမျိုးပေါ့နော။
လေရှည်မိပြန်ပြီ
ဒါနဲ့ ပဲ စာအုပ်ရရချင်း ညမှာ ကော်ဖီတခွက်ဘေးချလို့ ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ ဆိုတာကိုဖတ်ဖြစ်ခဲ့ တယ်ဆိုပါတော့။ ဇတ်လမ်းအကျဉ်းကိုအစအဆုံးပြောလိုက်ပြန်ရင် မဖတ်ရသေးသူများဖတ်မိတဲ့အခါ အရသာမရှိတော့မှာစိုးလို့ မပြောတော့ပါဖူး။ အဓိကဇာတ်ကောင်တွေက လဲ နောက်ပိုင်း ဂျူး ၀တ္တုတွေရဲ့ ထုံးစံအတိုင်း ရှေးဟောင်းသုတေသန ပညာရှင်အမျိုးသမီး၊ သဘာဝပတ်ဝန်းကျင်ဒီဇိုင်းပညာရှင်၊ပန်းချီဆရာအမျိုးသား စသဖြင့်ပေါ့။ စိတ်ဝင်စားစရာကောင်းပါတယ်။အဲဒီလို နယ်ပယ်တွေဆို တာ လူတိုင်းနဲ့ အကျွမ်းတ၀င်ရှိတတ်တာမျိုး မဟုတ်တော့ ဒီလို ဇတ်ကောင်တွေဖတ်ပြီး အဲဒီ ဘာသာရပ်အကြောင်း အနည်းအပါးဗဟုသုတတော့ သိရတာပေါ့။
ဒါပေမယ့် ဖတ်နေရင်း ဖတ်နေရင်း က စိတ်ကို သိပ်မဆွဲဆောင်နိုင်တာတော့အမှန်ပဲ။ ကိုယ့်တယောက်ထဲအမြင် ကိုပြောတာပါ။ သူမင်းကိုဘယ်တော့မှ တုန်းကမှ ဖတ်နေရင်း ဇာတ်လမ်းထဲမျောပါ သွားသေးတယ်။ အခုဒီစာအုပ်မှာတော့ ဇတ်လမ်းအစမှာ လုပ်လိုက်တဲ့အလောင်းအစားကို စိတ်ထဲမှာ သဘာဝမကျ၊ အဓိပ္ပာယ်သိပ်မရှိလှဘူး ရယ်လို့ ဘ၀င်မကျဖြစ်လိုက်မိလို့ လားမသိဖူး။ ဖတ်ရတာ ထောင့်တောင့်တောင့်ဖြစ်နေသလို ခံစားရတယ်။ နောက်ပိုင်း ပန်းမြိုင်လယ်ဥယျာဉ်ခြံကို သရုပ်ဖော်ထားတာ၊ecovillage အကြောင်း၊သင်တန်း activities တွေဖတ်ရတာ ကျပြန်တော့ ကလျာထဲမှာပဲ ဂျူး အခန်းဆက်ရေးတဲ့ ရေတံခွန်တို့ ရဲ့ မြေ ခရီးသွားဆောင်းပါးကို ဖတ်ထားဖူးတော့ ဘရာဇီးလ်မှာ တွေ့ ခဲ့ မြင်ခဲ့ရတာတွေကို မြန်မာလိုသရုပ်ဖော်ထား တယ်ရယ်လို့ ပဲ ခံစားမိပြန်တယ်။အင်း ကိုယ့်အတွေးအခေါ်ကပဲ ခေတ်ကြီးကို လိုက်မမှီတာလဲဖြစ်နိုင်ပါတယ်လေ။
အဓိက ဇာတ်ကောင်တွေမဟုတ်တဲ့ဇတ်ကောင်တွေထဲမှာတော့ ကျောင်းအုပ်ဆရာမကြီး အကြောင်း၊နောက်ပိုင်းမှာ အဓိက ဇာတ်ကောင်နီးပါးဖြစ်လာ တဲ့ဦးကြီးကောက်ရတို့ကို စိတ်ဝင်စားမိတယ်။ အထူးသဖြင့် ဆရာမကြီးရဲ့ ပန်းခင်းလေးကို ပန်းချီဆွဲပေးတဲ့အခန်းလေးကိုတော့ တော်တော်သဘောကျမိတာ။ဆရာမကြီးသည် သူ့ကောင်းမှုကို ပန်းချီကားထဲမှာ ပြန်တွေ့ သွားလေပြီ လို့ သရုပ်ဖော်ထားတာ သိပ်လှတယ်။
ရှေးဟောင်းသုတေသန၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊အကောင်းမြင်ဝါဒ၊အဆိုးမြင်ဝါဒ။လူတွေရဲ့ ဆိုးရွားရက်စက်မှု အချို့ ၊ ဆိုးယုတ်မှုမရှိတဲ့နယ်မြေ စတဲ့ ဘာသာရပ်တွေ၊ စာရေးဆရာမ နိုင်ငံတကာမှာ သွားတက်ခဲ့တဲ့ ကွန်ဖရင့်စ်တွေကရတဲ့ အတွေးအခေါ် အတွေ့ အကြုံတွေတစ်ချို့ ကိုစာအုပ်တစ်အုပ်ထဲမှာ လှလှပပ အကုန်ဆက်စပ်စုပေါင်းပြီး ရေးထား တဲ့စာအုပ်လို့ မြင်မိတယ်။ ၀တ္တုစာအုပ်ပေမယ့် ရသပိုင်းက အားနည်းသလိုပဲ ခံစားမိတယ်။ ဒီစာအုပ်ထဲမှာ တွေးစရာတွေလဲ တော်တော်ပါပါတယ်။ ဒါပေမယ့်လည်း ရသ၀တ္တုကိုဖတ်တာဖြစ်လို့ ရသပိုပေးတဲ့ စာအုပ်မျိုးကိုမျှော်လင့်မိ၊ စွဲလမ်းမိတာအမှန်ပဲ။ ဒါကတော့ ကျမတစ်ဦး ထဲရဲ့ ကိုယ်ပိုင်ခံစားမှုပါ။

စာအုပ်ခေါင်းစဉ် ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ ဒါမှမဟုတ် Let the more loving one be me။ ဒီစာအုပ်ထဲမှာ ပါတဲ့ အော်ဒင် ရဲ့ ကဗျာ The More Loving One ကို သဘောကျတယ်။ ကိုယ့်ဟာကိုယ်ဆို အင်္ဂလိပ်ကဗျာတွေ က ဖတ်ဖြစ်ဖို့ ခဲယဉ်းပါတယ်။ ဒီလို ဖတ်ရမှ စိတ်ဝင်စားပြီး မူရင်းကဗျာ ပြန်ရှာတာ၊ poem analysis တွေကို လိုက်ဖတ်ရတာ မျိုးလုပ်ဖြစ်တော့ ကဗျာကောင်းလေး တပုဒ်ကို ခံစားလိုက်ရတာကိုလဲ ကျေနပ်မိတယ်။ ဒါတောင်မှ ဂျူးခရေဇီသူငယ်ချင်းနဲ့ အဲဒီကဗျာအကြောင်း ပြောမိတော့။
Admirer as I think I am
Of stars that do not give a damn,
I cannot, now I see them, say
I missed one terribly all day.အပြစ်မတင်တတ်တဲ့ ကြယ်တွေကို
ချီးကျူးငေးမောသူကိုယ်ဟာ
ကြယ်တစ်စင်းကိုတစ်နေ့လုံးလွမ်းနေတယ်လို့ မပြောသာပါဘူး။
လို့ ဘာသာပြန်ထားတာကို စိတ်ထဲမယ် ပေါ့နေတယ်ထင်မိတယ် လို့ ပြောမိကြတယ်။
the stars that do not give a damn ဆိုတော့ not give a damn (to not be interested in or worried about something or someone) ဆိုတဲ့ အဓိပ္ပာယ်မို့ ဥပေက္ခာပြုတတ်တဲ့ ကြယ်တွေ ရယ်လို့ ပြောတာက ကဗျာ့ဆိုလိုရင်းနဲ့ ပိုလိုက်မယ်လား လို့ တွေးမိကြတယ်။ ဒါကလဲ အင်္ဂလိပ်ကဗျာကို မြန်မာလို ခံစားတာဖြစ်လို့ ကိုယ့်စိတ်ကြိုက်အဓိပါယ်နဲ့ တွေးပြီး ခံစားလို့ ရတာပဲလေ။ ကွဲလွဲချက်လေးတွေတော့ရှိမှာပါပဲ။
ဇာတ်သိမ်းခန်းလေးမှာ “ရှင်ဘယ်တုန်းကမှ မမေးခဲ့တဲ့ မေးခွန်းတစ်ခုကို ကျမဖြေချင်လို့ လိုက်လာတာ” တဲ့။ ပျော်စရာဇာတ်သိမ်းလေးပေါ့။ အရင်စာအုပ်တွေနဲ့ မတူတဲ့အချက်ပါ။ ဒါပေမယ့် happy ending မဟုတ်တာလေးတွေကမှ ပိုပြီး စိတ်ကိုဆွဲဆောင်နိုင်သလားထင်မိပြန်တယ်။ လူတစ်ကိုယ်အကြိုက်တမျိုးကိုးနော်။ကိုယ်က ရသစာအုပ်ဆိုဖတ်ပြီးတသတသနဲ့ စွဲလမ်းချင်သူလေ။ (တမ်းတတတ်သည် ကိုတော့ အစွဲလမ်းဆုံးပဲ)
ဖတ်ပြီးသွားပေမယ့် စိတ်ထဲမယ် တခုခုလိုနေသလိုလို အားမရသလိုလို ခံစားမိတာကြောင့် မျက်စိရှေ့ အလွယ်တကူ တွေ့တဲ့ မြစ်တို့၏မာယာ ကို ပြန်ဖတ်လိုက်ဖြစ်တယ်။ အဲဒီစာအုပ်မှာမှပဲ ကိုယ်သဘောကျခဲ့တဲ့ ဂျူးကို ပြန်တွေ့လိုက်ရသလို ခံစားရ တော့တယ်။
(PS…book review ရေးတာလဲမဟုတ်၊ဝေဖန်ရေးလုပ်တာလဲမဟုတ်ပါဖူး။ အဲဒီလိုရေးနိုင်တွေးနိုင်လောက်အောင်လဲ ဥာဏ်မမှီပါဖူး။ ကိုယ်နှစ်သက်တဲ့စာရေးဆရာမရဲ့ စာအုပ်အသစ်တစ်အုပ်ဖတ်လိုက်ပီး ရလာတဲ့ခံစားချက်တွေ၊ တွေးမိတာတွေကို ချရေးလိုက်တာသက်သက်ပါပဲ။
)
Entry filed under: ဂျူး, ဖတ်ဖြစ်တဲ့စာအုပ်တွေအကြောင်း. Tags: .

1.
little brook | July 18, 2011 at 6:29 am
အသက်ငယ်တုန်းက ဂျူးကြိုက်တယ် အသက်ကြီးလာလေလေ မကြိုက်လာလေလေပဲ .. ..
2.
K | May 19, 2011 at 4:28 pm
ဖတ်ပြီးသွားပြီ။ မရွှေမိ ပြောတဲ့ အတိုင်းပါပဲ။း)